ရန်ကုန် ရှိ ၎င်းတို့၏ သံဝန်ထမ်း တဦးအား သေဆုံးလျက် တွေ့ရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က သတင်းထုတ်ပြန်ခဲ့သည်။
ဘန်ကောက် နှင့် ရန်ကုန်ရှိ အမေရိကန် သံရုံး အရာရှိများက ထိုကိစ္စ နှင့် ပတ်သက်ပြီး ၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီးဌာန သို့ ဆက်သွယ်မေးမြန်းဖို့သာ ပြောခဲ့ကြသည်။
နိင်ငံခြားရေး ဝန်ကြီးဌာနကမူ ကွယ်လွန်သူ ၏ မိသားစု ဆန္ဒနှင့် ကိုယ်ရေးကိုယ်တာပိုင်းကို လေးစားသည့် အနေနှင့် လောလောဆယ် ယခုထက်ပိုပြီး အသေးစိတ် ပြောကြားနိုင်ခြင်း မရှိသေး" ဟု အေပီသတင်းဌာန၏ မေးမြန်းချက်ကို အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
သံတမန် ရပ်ကွက်ရှိ အမည်မဖေါ်လိုသူ သုံးဦးက ၎င်းအား လွန်ခဲ့သည့် နှစ်ပတ်ခန့်ကတည်းက ဆာကူယာ ဟိုတယ် ထဲတွင် သေဆုံးလျက်သား တွေ့ခဲ့ရပြီး ဖြစ်သည်ဟု ဆိုသည်။
ဆာကူယာ သည် ရေရှည်ငှားရမ်း နေထိုင်နိုင်၍ သံတမန်များ၊ စီးပွားရေးသမားများ နှင့် နိုင်ငံခြားသား ဧည့်သည်များအကြား လူကြိုက်များပြီး အမေရိကန်သံရုံးနှင့် ၁ မိုင် ခန့်အကွာတွင် ရှိသည်။
ရန်ကုန် ရဲအဖွဲ့က ထိုအမှုကို လူသတ်မှု ဖြစ်နိုင်ခြေရှိသည်ဟု ယူဆထားပြီး စုံစမ်းစစ်ဆေးနေသည်။ လောလောဆယ်တွင် ထိုင်းအမျိုးသမီးတဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။
မြန်မာ ဖက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသလို နယ်မြေ ရဲစခန်းမှလည်း ဖြေဆိုရန် ငြင်းဆိုထားသည်ဟု သိရသည်။
ရန်ကုန်ရှိ ထိုင်းသံရုံး နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အဆိုပါ အမျိုးသမီးအား ကောင်စစ်ဝန် ဖက်ကအကူအညီ ပေးထားခြင်း ရှိ၊ မရှိ ဆိုသည့် အချက် အပါအဝင် မည်သည့် အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ ရေငုံနှုတ်ပိတ်နေသည်ဟု အေပီ သတင်းဌာနက ဆိုသည်။
လက်ရှိ မြန်မာ၏ နိုင်ငံရေး၊ တရားစီရင်ရေး အခင်းအကျင်းအောက်၊ အမေရိကန် နှင့် ပတ်သက်နေသည့် အမှုဖြစ်နေ၍ သံတမန်ရေးအရ အလွန်ထိလွယ်ရှလွယ်ရှိတဲ့ အခြေအနေ မျိုး ဖြစ်၍ သတင်းကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေကြပုံ ရှိသည်။
အာဆီယံ၏ သံတမန်ရေး ဗျူဟာ အပြောင်းအလဲ
မနီလာ မှ ထွက်ပေါ်လာသော သတင်းအရ အာဆီယံ ဥက္ကဌ ဖြစ်သူ ထရီဇာ လာဇာရို မှ လာမည့် ရက်ပိုင်း အတွင်း မြန်မာ နိုင်ငံ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် တွေ့ဆုံပြီး အခြအနေကို လေ့လာ စုံစမ်းပြီး အဖြေ ရှာနိုင်ရန် ကြိုးပမ်းသွားမည် ဟု ထုတ်ဖေါ် ပြောဆိုခဲ့ကြောင်း သိရသည်။
မည်သည့်အဖွဲ့များ နှင့် မည်သည့် နေရာတွင် တွေ့ဆုံမည် ဆိုသည်ကို မူ ပြောကြားခြင်း မရှိဟု ဆိုသည်။
အာဆီယံ ဥက္ကဌ သည် တိုင်းရင်းသားအဖွဲ့များ နှင့် တွေ့ဆုံမည်ဟု ယခုလို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခြင်းသည် မြန်မာ့အရေးတွင် စစ်အုပ်စုတင်မကဘဲ "မြေပြင်တွင် အမှန်တကယ်ဩဇာသက်ရောက်နေသည့် အင်အားစုအားလုံး" ကို ထည့်သွင်းစဉ်းစားလာရပြီဆိုသည့် လက်တွေ့ကျသည့် အမြင် ကို ပြသလာခြင်းဟု ယူဆနိုင်ပေသည်။
စစ်အုပ်စု ဘက်က ပြောသည့် အချက်အလက်များသည် ယုံကြည်စရာ ကင်းမဲ့လာ နေသည့် အတွက်တိုင်းရင်းသားအဖွဲ့များ၏ အမြင်ကို တိုက်ရိုက်နားထောင်မှ သာ သူမ အတွက် ဘက်မလိုက်ဘဲ မျှတသည့် မူဝါဒချမှတ်နိုင်ဖို့ အထောက်အကူ ပြုမည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!