မင်းအောင်လှိုင်၏ အကျိုးကို ဦးဆွေးဆံမြည့် ငါးနှစ်လုံးလုံး မိမိ၏ ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်ဘဲ ထမ်းရွက်လာသော ဇော်မင်းထွန်းအား မည်သည့် အကြောင်းပြချက် တစုံတရာမျှ မရှိပဲ ရာထူးက ဖယ်ရှားပြီး နောက် ဒေါက်တာ ခိုင်ခိုင်စိုး ဆိုသူ အမျိုးသမီးအား သမ္မတ ပြောရေးဆိုခွင့် ရှိသူ အဖြစ် ခန့်အပ်လိုက်ကြောင်း သတင်း ထွက်ပေါ်လာခဲ့သည်။
ဗိုလ်မှူးကြီး တဦး၏ ဇနီး ဖြစ်ပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် မှ လူဦးရေဗေဒ (Demography) ဆိုင်ရာ ဒေါက်တာဘွဲ့ကို ရရှိထားသူဖြစ်ပြီ လက်ရှိတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ဒုဝန်ကြီး လည်း ဖြစ်သည်။
သူမအား မင်းအောင်လှိုင်မှ အိန္ဒိယ မှ အပြန်တွင် ယခုလို ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။
ခိုင်ခိုင်စိုးက မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို “သံတမန်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် ထူးခြားသော အောင်မြင်မှုများရရှိခဲ့သည့် ခရီးစဉ်ဟု ပြောဆိုခဲ့ပြီး လူထုအနေဖြင့် သမ္မတ၏ မူဝါဒများနှင့် ညွှန်ကြားချက်များကို လိုက်နာကြရန် တိုက်တွန်းလိုက်ခြင်းဖြင့် သူမ၏ ပွဲဦးထွက် အဖြစ် မဟုတ်က ဟုတ်က အပြောများ ဖြင့် စတင် လာခဲ့သည်။
လေ့လာသူများကမူ သူမ၏ အပြောသည် လူပြိန်းပင် မကြိုက် လောက်သည့် အကြမ်းစား ဝါဒဖြန့်ရုံသက်သက် ဖြစ်သည်။ ထိုကဲ့သို့ အပြောမျိုးက နောက်တ နေ့ထုတ် စစ်အုပ်စု သတင်းစာများ ဖတ်ရုံ နှင့် လုံ လောက် နေပေသည်။ အာဏာရှင် လက် အောက်တွင် အားလုံးက ၎င်းတို့ အကြိုက် စကား များ လိုက် ပြော ယုံ ဖြင့် ဘဝ ကိုအဆုံးသတ် သွားကြရသူ များ ဖြစ်ပြီး ယခုလည်း အနှစ်သာရအားဖြင့် မည်သို့မျှ ပြောင်းလဲလာဖို့ မရှိပေ။
မိမိ မျှော်လင့်နေသည်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို က ဆီးနိတ် အထက် လွှတ်တော်တွင် မြန်မာ သည် တရုတ်၏ ဩဇာ လွှမ်းမိုးမှု အောက်တွင် နစ်မြုပ်နေသည့် နိုင်ငံ ဖြစ်ကြောင်း လူသိရှင်ကြား အပြောခံလိုက်ရသည့် အဖြစ်သည် အချုပ်အခြာ အာဏာ ကို ကာကွယ်စောင့်ရှောက်နေသူများ အဖြစ် ကြွေးကြော်နေသူများ အဖို့ အရှိုက်ကို အထိုး ခံလိုက်ရသလို ရှက်ဖွယ်လိလိ ဖြစ်၍ တခုခု တုန့်ပြန်လာမည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် ကျွန်တော် ထင်သလို ဖြစ်မလာ။ ထိုအစားတီမောလက်စ်တေ သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ အား နိုင်ငံ၏ပုံရိပ်ကို ပျက်ပြားစေပြီး အာဆီယံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ထိခိုက်စေသည့် “မှားယွင်းသော လုပ်ကြံပြောဆိုချက်များ” ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ ပြင်းပြင်းထန်ထန် ပြစ်တင် ပြောဆိုလိုက်သည်။
ရာမို့စ် ဟော်တာ က ၎င်းတို့ သိက္ခာကျ အရှက်တကွဲ ဖြစ်အောင် အဘယ်သို့များ မှားမှားယွင်းယွင်း ပြောဆိုခဲ့ပေသနည်းဟု တွေးမိကြမည်က မလွဲဧကန်ပင် ဖြစ်သည်။
ရာမို့ ဟော်တာ က မင်းပေါင်းစုံညီ တက်ရောက်လာသော စင်္ကာပူ ရှိ ရှန်ဂရီလာ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲ တွင် ယခုလို ပြောသွားခဲ့သည်။
မြန်မာ့ပြည်တွင်းစစ်သည် “အာဆီယံအဖွဲ့ကြီး၏ ရရှိထားပြီး ဖြစ် သော အထင်ကရ အောင်မြင်မှုမှတ်တမ်းများ အပေါ် စွန်းထင်စေတဲ့ အမည်းစက်တခု” အဖြစ် ဖော်ညွှန်းပြောဆိုခဲ့ပြီး၊ အာဆီယံ၏ မူငါးရပ်သဘောတူညီချက် (5PC) ကို အကောင်အထည်ဖော်ရန် တွန်းအားပေးနိုင်ရေးအတွက် စစ်ဗိုလ်ချုပ်များနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖွင့်လှစ်ထားရန် အဖွဲ့ကြီးကို တိုက်တွန်းခဲ့သည်။
ထို့ပြင် ၎င်းက ပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုတည်ဆောက်သည့် ခြေလှမ်းတစ်ရပ်အနေဖြင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
ရာမို့စ် ဟော်တာက မြန်မာ့ပဋိပက္ခသည် အနိုင်ရသူမရှိဘဲ နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများကိုသာ ပျက်စီးစေသည့် “အင်အားကုန်ခမ်းစေသော စစ်ပွဲ (War of Exhaustion)” ဖြစ်ကြောင်း သတိပေးခဲ့သည်။ ၎င်းက အာဆီယံအနေဖြင့် မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒီမိုကရေစီလိုလားသော အတိုက်အခံအင်အားစုများ စသည့် အဖွဲ့အစည်းအားလုံးနှင့် ကြိုတင်ကန့်သတ်ချက်များမထားဘဲ ဆွေး နွေး ကြပါရန် အကြံပြုခဲ့သည်။ ထို့ပြင် အဆိုပါဆွေးနွေးပွဲများကို အရှေ့တောင်အာရှမှ ထင်ရှားကျော်ကြားသည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးတဦး လို ပုဂ္ဂိုလ်မျိုးက ဦးဆောင်လမ်းညွှန်သင့်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရာမို့စ် ဟော်ဝာာ၏ အပြောသည် ၎င်းတို့ ထင်သလို ဖြစ်မလာဘဲ ဒုံရင်း ဒုံရင်း အဖြစ် နှင့် ရှေ့လျောက် ခရီးဆက်ရတော့မည်ကို သိမြင်နေ၍ စေတနာ နှင့် ပြောဆို အကြံပေးခြင်း ဖြစ်သော်လည်း ဗာလနံ လူမိုက်တို့ ထုံးစံ အတိုင်း ၎င်းတို့ထက် အင်အားကြီးသူ ဆိုက မော့မကြည့်ရဲ သော်လည်း တီမော လက်စလေ လို မလောက်လေး မလောက်စား နိုင်ငံက ပြောရပါမည်လား ဟု ကြီးနိုင်ငယ်ညှင်း စိတ်ဓါတ် ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။
အလျင်းသင့်၍ ၎င်းတို့ ၏ နိုင်ငံ အပေါ် ထားသည့် စိတ်သည် အရှေ့ဥရောပ ကွန်မြူနစ် နိုင်ငံ ခေါင်းဆောင်များ နှင့် အကွာကြီး ကွာနေသည်ကို တင်ပြလိုပါသည်။ ဆိုဗီယက်သည် ၎င်းတို့၏ ပြည်တွင်း စီးပွားရေး အထွေ ထွေ ခြွတ်ခြုံကျလာခဲ့မှု၊ အာဖဂန်နစ္စတန်စစ်ပွဲကြောင့် အင်အားပြုန်းတီးမှုတွေနဲ့ ရင်ဆိုင်လာခဲ့ရသည့် အတွက် အရှေ့ဥရောပ ကွန်မြူနစ် နိုင်ငံများ ကို ထောက်ပံ့နေသော အကူအညီများကို ဖြတ်တောက် ပစ်လာခဲ့သည့် အပြင် အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဟု ပြောလာခဲ့သည်။
ထိုအခါတွင်တော့ မိမိတို့ဖာသာ ရပ်တည်ရဖို့ ဖြစ်လာ၍ တိုင်းပြည် စီးပွားရေး ဘုံးဘုံးလဲကျတော့မည့် အရေး ကို သိမြင်လာကြကာ (ရိုမေးနီယားမှ လွဲ၍) အတိုက်အခံများကို နေရာပေးကာ ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြင့် အာဏာ ကို လက်လွှတ်ခဲ့ကြသူများ ဖြစ်သည်။
၎င်းတို့လို အာဏာကို မက် မောစိတ် ဖြင့် လမ်းပေါ်ထွက်လာသော နိုင်ငံသားများကို သတ်ဖြတ်ပြီး ပြည်တွင်းစစ် မီးကို မီးမွှေးခဲ့ကြခြင်း မရှိပေ။
မြန်မာ စစ် ခေါင်းဆောင်များကတော့ တိုင်းပြည် စီးပွားရေး ဘုံးဘုံးလဲကျပါစေ၊ နိုင်ငံတကာက မည်မျှပင် ဖိအားပေးပါစေ အာဏာကို လက်လွှတ်ဖို့ စိတ်ကူးထဲတွင် ယောင်လို့ပင် ထည့်ထားကြသူများ မဟုတ်။ အရှေ့ဥရောပ ခေါင်းဆောင်များက ရွေးကောက်ပွဲကျင်းပပေးပြီး ရှုံးနိမ့်မှုကို လက်ခံခဲ့ကြ သော်လည်း၊ မြန်မာစစ်တပ်ကတော့ ၁၉၉၀ ပြည့်နှစ်ကတည်းက ယနေ့အထိ ၎င်းတို့ စိတ်ကြိုက်ဖြစ်မလာသည့် ရွေးကောက်ပွဲရလဒ်မှန်သမျှကို လက်နက်အားကိုးနဲ့ ငြင်းပယ် ဖျက်ဆီးခဲ့သူ များ ဖြစ်သည်။
၎င်းတို့ အာဏာတည်မြဲရေးအတွက်ဆိုက ကိုယ့်နိုင်ငံသား အချင်းချင်းကို သတ်ဖြတ်ဖို့၊ ရွာလုံးကျွတ်မီးရှို့ဖို့နဲ့ နိုင်ငံကို သွေးထွက်သံယို ပြည်တွင်းစစ်တွင်းထဲ ဆွဲနှစ်ဖို့ကို ဝန်မလေးကြခြင်းကို သမိုင်းအဆက်ဆက် သက်သေပြခဲ့ပြီး ဖြစ်သည်။
အရှေ့ဥရောပ ကွန်မြူနစ်ခေါင်းဆောင် များသည် "နိုင်ငံရေးအရ ဆင်ခြင်တုံတရား နှင့် တိုင်းပြည်အလုံးစုံ ပျက်သုဉ်းမသွားစေချင်သည့် အသိစိတ် ရှိခဲ့ကြသူ များ ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ် များကတော့ တိုင်းပြည်၏ အနာဂတ်ထက် မိမိတို့အုပ်စု၏ အာဏာနဲ့ အကျိုးစီးပွား တည်မြဲရေးကိုသာ ရှေ့တန်းတင်သည့် "တဖက်စွန်းရောက် အာဏာမက်မောစိတ်" ရှိနေတာကြောင့် တိုင်းပြည်သည် ယခုလို အလုံးစုံ တဖြေးဖြေး နှင့် ပျက်သုန်းမည့် အဖြစ်မျိုး နှင့် ကြုံနေရခြင်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!