ထိုသို့ သုံးသပ်ခဲ့မှု များကို မြန်မာ အရေး လေ့လာသူ James Shwe က Asia Times တွင် အချက်အလက် ခိုင်မာစွာ ဖြင့် ယခုလို ပြတ်ပြတ်သားသား ပယ်ချ ခဲ့သည်။
စစ်အုပ်စု ဘက်က ဟန်ပြရွေးကောက်ပွဲများ ကျင်းပခြင်း၊ စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် လူသစ်စုဆောင်းခြင်းနှင့် တရုတ်-ရုရှား ဒရုန်း/လေကြောင်းအင်အား သုံး၍ နယ်စပ်မြို့အချို့ကို ပြန်လည်ထိန်းချုပ်ပြခြင်းတို့ဖြင့် ၎င်းတို့ကိုယ်တိုင် "ပြန်လည်ဦးမော့လာနေပြီ" ဟု ကမ္ဘာကြီးက ယုံကြည်လာစေရန် ပုံရိပ် ဖန်တီးနေခြင်း ဖြစ်သည်။
လက်တွေ့ မြေပြင် အခြေအနေများက ၎င်းတို့ ဝါဒ ဖြန့်ချီနေမှုများ နှင့် သိသာစွာ ကွဲလွဲနေသည်။
စစ်တပ်သည် တော်လှန်ရေးအင်အားစုများထက် လက်နက်ခဲယမ်းအင်အား သာလွန်ပြီး၊ မြို့အချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်မှာ မှန်သော်လည်း၊ သေနတ်မိုးပြီး မြို့ကို သိမ်းထားရုံနဲ့ မရ စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်နှင့် အခွန်စနစ် အစရှိသည့် အခြေခံအုပ်ချုပ်ရေး ယန္တရားကိုကို မလည်ပတ်နိုင်သလို၊ ပြည်သူလူထုကလည်း ၎င်းတို့ကို အုပ်ချုပ်သူအဖြစ် စိတ်ထဲက လုံးဝလက်မခံသည့် နိုင်ငံရေး သဘောတူညီချက် ကင်းမဲ့နေ မှု များကို မင်းအောင်လှိုင်၏ ရွေးကောက်ပွဲလွန် အုပ်ချုပ်ရေးအဖွဲ့သည် ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ဘီဘီစီ ၏ စုံစမ်းစစ်ဆေးခဲ့မှု ကို ကိုးကား၍ အမေရ်ကန် Council on Foreign Relations - CFR ၏ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့ (ACLED) က ခန့်မှန်းထားသည်မှာ - စစ်ကောင်စီသည် မြန်မာနိုင်ငံ နယ်မြေစုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းခန့်ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်တော့ပြီး တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ကမူ ၄၂ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ် စိုးမိုးထားကြကာ၊ ကျန်ရှိသော နယ်မြေများမှာမူ နှစ်ဖက် စစ်ပြိုင်နေဆဲ နယ်မြေများ ဖြစ် နေဆဲ ဟု ဟု ဆိုသည်။
အာရက္ခ တပ်တော်သည် မြို့သုံးမြို့ မှ လွဲ၍ ရခိုင် ပြည်နယ် တခုလုံးကို သိမ်းပိုက်ထားပြီး ဖြစ်၍ နိုင်ငံ အနောက်ခြမ်းတွင် အမှန်တကယ် အုပ်ချုပ်နေသည့် အစိုးရ (de facto government) အဖြစ် ရပ်တည်လှုပ်ရှားနေပြီဖြစ်သည်ဟု ACLED ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
မှန်မှန်ကန်ကန် သုံးသပ်ကြည့်မည် ဆိုလျင် စစ်အုပ်စုသည် မကြာသေးမီက လက်တွေ့မြေပြင်တွင် အောင်မြင်မှုအချို့ ရရှိခဲ့သည်ကို ဝန်ခံရမည်ဖြစ်သည်။
ဗျူဟာအသစ်များ၊ အတင်းအကျပ် စုဆောင်းထားသည့် သောင်းနဲ့ချီသည့် လူငယ်လေးများ၊ တရုတ်၊ ရုရှားလုပ် ဒရုန်းများ အပြင် ပိုမို ပြင်းထန်လာသည့် လေကြောင်းမှ တိုက်ခိုက်မှု များ ကြောင့် စစ်မျက်နှာအချို့တွင် စစ်ရေးအရှိန်အဟုန် အပြောင်းအလဲ ဖြစ်ခဲ့သည်ကတော့ ငြင်းပယ်လို့မရတဲ့ အချက် များပင် ဖြစ်သည်။ သို့သော် မေးစရာ ရှိလာသည်က ဤအချက်များသည် မဟာဗျူဟာမြောက် အလှည့်အပြောင်းတခု ဖြစ်ပေါ်လာသည်အထိ အောင်မြင် ပေါက်ရောက်နေပြီလား ဆိုသည်ပင် ဖြစ်သည်။ ထိုမေးခွန်း အတွက် အဖြေကဝောာ့ "မပြောင်းလဲနိုင်" ဆိုသည်ကို အချက် သုံးချက်က ရှင်းလင်းစွာ ပြဆိုနေပေသည်။
ပထမအချက်အနေဖြင့်၊ စစ်တပ် သည် လက်နက်အားကိုး ဗုံးမိုးရွာရုံမျှဖြင့် တိုင်းပြည်ကို အုပ်ချုပ်၍မရနိုင်ပေ။
စစ်အုပ်စု သည် အုပ်ချုပ်ရေးယန္တရားကို ပြန်လည်တည်ဆောက်နေခြင်း မဟုတ်ဘဲ နယ်မြေများကို ရှင်းလင်းခြင်း၊ အရပ်သား ပြည်သူလူထုကို ထိတ်လန့်ခြောက်ခြားအောင် လုပ်ဆောင်ခြင်းနှင့် အပျက်အစီးပုံများကိုသာ ချန်ထားရစ်ခြင်းမျိုးသာ ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ကျောက်မဲကဲ့သို့သော မြို့မျိုးကို ပြန်လည်သိမ်းပိုက်နိုင်သည့်အခါ ထိုမြို့သို့ ဆရာ၊ ဆရာမများ၊ အခွန်ဝန်ထမ်းများ သို့မဟုတ် အရပ်ဘက် အရာရှိများကို စေလွှတ်ခြင်း မရှိဘဲ တပ်စွဲထားမည့် စစ်အင်အားကိုသာ စေလွှတ်ခြင်း ဖြစ်သည်။
တရုတ် ကြောင့် လားရှိုးကို လွှဲပြောင်းပေးခဲ့ရ သော်လည်း မြို့ပတ်ပတ်လည်ရှိ ကျေးရွာပေါင်း ရာပေါင်းများစွာကို စစ်အုပ်စု၏ အာဏာစက်အောက်သို့ ရောက်ရှိမလာခဲ့ပေ။ ထို့ပြင် ယင်းလုပ်ရပ်သည် တည်ငြိမ်သော အေးချမ်းမှုဆီသို့ ပြန်လည်ဦးတည်သွားခြင်း မဟုတ်ဘဲ ဘီဂျင်း၏ အဓမ္မဖိအားပေးမှုအပေါ် မကျေနပ် နာကျည်းမှုများကိုသာ ဒွန်တွဲဖြစ်ပေါ်စေခဲ့သည်။
နိုင်ငံ အနှံ့အပြားတွင်လည်း တရားဥပဒေစိုးမိုးရေးမှာ ဆက်လက်ပြိုကွဲနေဆဲဖြစ်ပြီး၊ ပြည်သူ့ဝန်ဆောင်မှုများ ကျဆင်းကာ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုမှာ မည်ကာ မတ္တာမျှသာ ရှိတော့ကြောင်း BTI (Bertelsmann Transformation Index) က ထောက်ပြသည်။ ထိုအခြေအနေသည် အစိုးရ အာဏာ ကင်းမဲ့နေသည့် 'အမည်ခံထိန်းချုပ်နိုင်မှု' (Nominal Control) သာ ဖြစ်သည်။
ဒုတိယ အချက်သည် လက်ရှိတွင် စစ်တပ်သည် မြေပြင်၌ အားအနည်းဆုံး ဖြစ်နေချိန်မျိုး၌ပင် လေကြောင်းအင်အားသုံး၍ အစွမ်းပြနေခြင်းကြောင့် အပြင်ပန်းအားဖြင့် အင်အားအကောင်းဆုံးဟု ထင်မှတ်ရတတ်သည်။
ဗီယက်နမ်တွင် ဗုံးများ ပိုမိုကြဲချနိုင်ခြင်းသည် နယ်မြေကို ပိုမိုထိန်းချုပ်ထားနိုင်ခြင်း မရှိ ဆိုသည်ကို အမေရိကန်တို့က သက်သေ ပြခဲ့ပြီး ဖြစ်သည်၊ လက်နက်အင်အား သက်သက်ဖြင့်လည်း နိုင်ငံရေးတရားဝင်မှု ကို မည်သို့မျှ ပြန်လည်မတည်ဆောက်နိုင် ဆိုသည်ကို အာဖဂန်နစ္စတန်က သက်သေထူခဲ့ပြန်သည်။
တတိယအချက်အနေဖြင့်၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ရှုထောင့်များတွင် ပြန်လည်ဦးမော့လာသည်ဆိုသော အဆိုကို ၎င်းတို့ အားအကောင်းဆုံး ဖြစ်သင့်သည့် ကဏ္ဍများ၌ပင် ပြန်လည် ရိုက်ချိုး ခံ နေရသည်။
အိန္ဒိယ၏ နေပြည်တော်နှင့် ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်မှုများဖြစ်သော ရူပီး-ကျပ် တိုက်ရိုက်ကုန်သွယ်မှု စီစဉ်လာခြင်း၊ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးနှင့် စွမ်းအင်နှင့် သတ္တုတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့သည် အခြားသော စီးပွားရေးစင်္ကြံများကဲ့သို့ပင် တူညီသည့် အဟန့်အတားတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ယင်းမှာ စစ်အုပ်စု အနေဖြင့် စီမံကိန်းများ ဖြတ်သန်းသွားရမည့် နယ်မြေများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်းပင် ဖြစ်ကြောင်း Rediff သတင်းဌာနက ဆိုသည်။
မြေရှားသတ္တု ရရှိရန်အတွက် စစ်အုပ်စု နှင့် လက်တွဲခြင်းသည် အင်အားနည်းပြီး ရှုံးနိမ့်မည့်ဘက်ကို လောင်းကြေးထပ်သည်နှင့် အတူတူပင်ဖြစ်ကြောင်း CSIS အဖွဲ့က သတိပေးထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ချီဖွေနှင့် ပန်ဝါမြို့များကို သိမ်းပိုက်ပြီးနောက်၊ တရုတ်နယ်စပ်တစ်လျှောက် မြန်မာ့အဖိုးတန် မြေရှားသတ္တု လမ်းကြောင်းပေါ်တွင် အမှန်တကယ် အုပ်ချုပ်ရေးအာဏာပိုင်နှင့် အခွန်ကောက်ခံသူ ဖြစ်လာခဲ့ကြောင်း Asia Times က ဖော်ပြထားသည်။
တရုတ်၏ ဖိအားပေးမှုကြောင့် နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က PDF များထံ လက်နက်စီးဆင်းမှုကို ကန့်သတ်လိုက်ရသဖြင့် တော်လှန်ရေးအဖွဲ့အချို့ ဆုတ်ယုတ်မှု ရှိခဲ့သည်မှာ မှန်သည်။ သို့သော် တော်လှန်ရေးကြီးတစ်ခုလုံး ပြိုလဲသွားခြင်း မဟုတ်ဘဲ ၂၀၂၆ ခုနှစ် မတ်လတွင် NUG၊ CRPH နှင့် ကရင် (KNU)၊ ကချင် (KIO)၊ ကရင်နီ (KNPP)၊ ချင်း (CNF) စသည့် အဓိက မဟာမိတ်အဖွဲ့ကြီးများ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းရေးအတွက် ဦးဆောင်ကောင်စီ (Steering Council) ကို ဖွဲ့စည်းပြီး နိုင်ငံရေးနှင့် စစ်ရေးဗျူဟာများကို ပိုမိုစနစ်တကျ ပူးပေါင်းလုပ်ဆောင်လာကြသည်။
ထို့အပြင် CFR ၏ စစ်တမ်းများအရ မြန်မာပြည်တွင်းရှိ ပြည်သူ ၉၃ ရာခိုင်နှုန်းခန့်က NUG အစိုးရကို ဆက်လက်ထောက်ခံနေကြသဖြင့် တော်လှန်ရေးအဖွဲ့များသည် မြေပြင်စိုးမိုးမှုနှင့် ပြည်သူ့ထောက်ခံမှုကို အခိုင်အမာ ထိန်းထားနိုင်ဆဲ ဖြစ်သည်။
စစ်အုပ်စု သည် နယ်မြေပြန်စိုးမိုးလာသယောင် ထင်ရသော်လည်း၊ တကယ့်လက်တွေ့တွင်မူ တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးအလှည့်အပြောင်းကို ဖန်တီးနိုင်စွမ်း၊ နယ်မြေကို အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်စွမ်း၊ အခွန်စနစ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ရေရှည်ထိန်းချုပ်နိုင်စွမ်းနှင့် ပြည်သူလူထု၏ ကြည်ဖြူစွာ လက်ခံမှု စသည့် ကဏ္ဍအားလုံးတွင် တော်လှန်ရေးအင်အားစုများကသာ အဓိက အချက်အခြာအဖြစ် ရှိနေဆဲ ဖြစ်သည်။
နိုင်ငံခြားအစိုးရများနှင့် ရင်းနှီးမြှုပ်နှံသူများက စစ်ကောင်စီ၏ အပေါ်ယံ ဟန်ပြမှုများကို ကြည့်ပြီး မြန်မာနိုင်ငံကို "ပုံမှန်ပြန်ဖြစ်လာနေသည့် အာဏာရှင်နိုင်ငံ" အဖြစ် အမြင်မှားပါက - အနှစ်သာရမရှိသည့် စီမံကိန်းများကို စက္ကူပေါ်တွင် လက်မှတ်ထိုးမိခြင်း၊ စစ် အုပ်စု ကို အရောတဝင် ပြန်လုပ်မိခြင်း စသည့် ဆုံးဖြတ်ချက်အမှားများကို ချမှတ်မိစေပြီး မြန်မာပြည်၏ မတည်ငြိမ်မှုကို ပိုမိုနက်ရှိုင်းသွားစေမည် ဖြစ်သည်။
စစ်အုပ်စု သည် ၎င်းတို့၏ နိုင်ငံတကာ သံတမန်ရေးရာ အခင်းအကျင်းကို အနည်းငယ် မြှင့်တင်နိုင်ခဲ့သော်လည်း ယင်းအပေါ်ယံ အခင်းအကျင်းသည် တကယ့် "စစ်မှန်သော အာဏာ" မဟုတ်။ ၎င်းတို့အနေဖြင့် လေကြောင်းမှ ဗုံးကြဲခြင်းဖြင့် မြေပြင်ကို ရေရှည်တည်ငြိမ်အောင် မထိန်းချုပ်နိုင်သလို၊ အဓမ္မပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဖြင့်လည်း ပြည်သူ့ထောက်ခံမှုကို ရမလာခဲ့။ ထို့ကြောင့် "စစ်တပ်က ပြန်လည်ဦးမော့လာနေသည်" ဆိုသည့် သုံးသပ်ချက်မှာ မှားယွင်းနေပြီး၊ ပြင်ပလေ့လာသူများသည် စစ်ကောင်စီ၏ "အပေါ်ယံ ပြကွက်" ကို "လက်တွေ့ ထိန်းချုပ်နိုင်မှု" ဟု ထပ်မံ အမြင်မှားနေကြခြင်းသာ ဖြစ်သည်။
တကယ်တမ်း တွင် မြန်မာပြည်သည် လက်ရှိတွင် စစ်အာဏာရှင်များ၏ အပေါ်ယံ ဟန်ပြမှုများအောက်တွင် တကယ့် လက်တွေ့ အုပ်ချုပ်ရေး အာဏာနှင့် တရားဝင်မှု လုံးဝ ကင်းကွာနေသည့် စစ်မီးလျှံဇုန်အဖြစ်သာ ဆက်ရှိနေဆဲ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!