ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပြုလုပ်မည့် (၃၅) နှစ်ပြည့် အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲ သို့ သမ္မတ လုပ်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ရန် ဖိတ်ကြားခြင်း ရှိ/မရှိ ဆိုသည်က စိတ်ဝင်စားဖွယ် ကောင်းနေသည်။
သွားရောက်ခွင့် ရပါက ၎င်းထံ လက်နက်ချ အလင်းဝင်ချင်နေသည့် အာဆီယံ နှင့် ဆက်ဆံရေးသည် အလှည့်အပြောင်းကြီး တခု ဖြစ်သွား နိုင်ပေသည်။ ယခုအချိန်ထိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီရှားတာ တို့ လက်နက်လာချခဲ့ကြပြီ ဖြစ်သည်။ (ဖိလစ်ပိုင်ကတော့ ဥက္ကဌ ဖြစ်နေ၍ မထောင်းသာလှ)
အံ့ဩစရာ ကောင်းနေသည်က အာဏာရှင် နိုင်ငံများ ဖြစ်သည့် လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်တို့က တုတ်တုတ်မျှ မလှုပ်သေးဘဲ အမာခံ နိုင်ငံများက နေမထိ ထိုင်မသာ ဖြစ်နေကြခြင်း ပင် ဖြစ်သည်။
ဤသည်ကို ကြည့်မည်ဆိုက မြန်မာ ကို ဒီအတိုင်း ပစ်ထားလိုက် က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို ပြောသလို တရုတ် လက်အောက်ခံ ကိုလိုနီ တပိုင်း ဘဝ ကျရောက်သွားမည် ဖြစ်သည်။ သို့ဆိုက တရုတ်၏ ဩဇာအာဏာသည် အရှေ့တောင် အာရှ တဝက်နီးပါး ကို ထိန်းချုပ်ပြီးသား ဖြစ်သွားမည် ကို စိုးရိမ်နေကြသည်ကို အထင်အရှား တွေ့နေရသည်။
အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်သို့ ရောက်ရှိလာစဉ် အတွင်း မြန်မာနိုင်ငံသည် ‘အာဆီယံ မိသားစု’ ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း အလေးအနက် ပြောဆိုသွားခြင်းလည်း ထို့အတွက် ကြောင့်ပင် ဖြစ် ပေမည်။
တဖက်တွင်လည်း ဘုံ ငါးချက် ကို မင်းအောင်လှိုင်က တစက်ကလေးမျှ လိုက်လျောမည့် အရိပ်အယောင်လည်း မပြသေး၍ ပေါ်ပေါ်ထင်ထင်ကြီး အလျော့ ပေးလိုက် ဖို့ ဆိုသည်ကလည်း မဖြစ်သေး၍ အကျပ်ရိုက်နေကြသည်။
ထို့အတွက် ကာဇန် အစည်း အဝေးသည် ၎င်းတို့၏ ရပ်တည်ချက်ကို နှစ်ပေါက်တပေါက် ရိုက်လို့ရမည့် အခွင့် အရေးကြီး ဖြစ်နေသည်။
သို့သော် မကြာသေးမီက ထွက်ပေါ်လာသည့် သံတမန်ရေးရာ သတင်းရင်းမြစ်များနှင့် သတင်းမီဒီယာများ (ဥပမာ - မဇ္ဇိုမ) ၏ ဖော်ပြချက်အရ မင်းအောင်လှိုင်သည် ကာဇန်မြို့ ဆွေးနွေးပွဲသို့ တက်ရောက်လိမ့်မည် မဟုတ်ကြောင်း သိရှိရသည်။
ကရင်မလင် က အရှေ့တောင်အာရှ ခေါင်းဆောင်များကို ဖိတ်ကြားစာများ ပေးပို့ခဲ့သော်လည်း မင်းအောင်လှိုင်ထံသို့ တရားဝင်ဖိတ်ကြားစာ တိုက်ရိုက်ပေးပို့ခြင်း ရှိ၊ မရှိကိုမူ သံတမန်ရေးရာ အသိုင်းအဝိုင်းက အတိအကျ အတည်ပြု နိုင်ခြင်း မရှိသေးဟု ဆိုသည်။
အာဆီယံဘက်က မြန်မာ စစ်ခေါင်းဆောင်အား အဆိုပါ ဆွေးနွေးပွဲတွင် ၎င်းတို့ နှင့် အဆင့်တူ ခေါင်းဆောင်အဖြစ် တက်ရောက်ခွင့်ပြုရန် သဘောမတူဘဲ ကန့်ကွက်မှုများ ရှိခဲ့ကြောင်း သိရသည်။
အတိအကျ သိရသည်က မြန်မာ သည် အာဆီယံ-ရုရှား ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံ အဖြစ် တာဝန်ယူထားရသဖြင့် ဆွေးနွေးပွဲ ပြင်ဆင်မှုများတွင် ပါဝင်နေသည်။ ထို့ကြောင့် မင်းအောင်လှိုင် မဟုတ်ဘဲ စစ်အုပ်စု ၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ) ကသာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကာဇန်မြို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သတင်းများက ဆိုသည်။
မင်းအောင်လှိုင် က ရုရှား၊ တရုတ်၊ အိန္ဒိယ နိုင်ငံများသည် ကိုယ်ကျင့် တရားကို အ လေးထား ဆက်ဆံကြခြင်း မဟုတ်ဘဲ ၎င်း တနိုင်ငံလုံးကို သစ်ငုတ်သာ ကျန်အောင် လုပ်ပစ်လည်း ခေါ်ပြောဆက်ဆံကြမည် ဖြစ်သည်ကို သိထားပြီး ဖြစ်သည်၊ သို့သော် ၎င်းအား ဖယ်ကျဉ် ထားသည့် အာဆီယံ နှင့်သာ တိုက်ရိုက်ထိတွေ့ ဆက်ဆံခွင့် ရမည်ဆိုက အတောင်အလက် စုံသော သမ္မတ တဦး အဖြစ် အပြည့်အဝ ပုံဖေါ်ခွင့်ရသွားမည် ဖြစ်သည်။
တက်ခွင့် မရပါက ၎င်း အဖို့ သံတမန်ရေးအရ ဒုံရင်း ဒုံရင်းသာ ကျန်ပြီး ဆက်၍ ပိတ်မိနေမည်သာ ဖြစ်သည်။ ရုရှားသည်လည်း အာဆီယံ ကို ဖိအားပေး နိုင်ခြင်း မရှိသည့် အပြင် ၎င်းအား လည်း ရာနှုန်းပြည့် ထောက်ခံ ခြင်း မရှိသည်ကလည်း ပေါ်လွင်သွားမည် ဖြစ်သည်။
မင်းအောင်လှိုင်သည် ထိုသို့ နိုင်ငံတကာက အသိအမှတ် ပြု ခံရဖို့ ကြိုးစားနေစဉ် အင်္ဂလိပ် စကားကို မိခင်ဘာသာ ထက်ပင် အလေးထားကြသော အိန္ဒိယ ခရီးစဉ် အတွင်း ထင်ရှားသွားခဲ့သည့် သံတမန် ရေးရာ အလွဲတခု ဖြစ်ခဲ့ရသည်က ethnic (အက်သ်-နစ်ခ်) ဆိုသည့် အင်္ဂလိပ် ဝေါဟာရ ကိုပင် မှန်အောင် အသံ မထွက်နိုင် ခဲ့ခြင်းပင် ဖြစ်သည်။
အင်တာဗျုး ကို ဗမာလို ဖြေဆိုနေသည့် ကြားက EAO ဆိုသည်ကို အဓိပ္ပါယ် ဖွင့်နိုင်ရန် အင်္ဂလိပ် လို ညှပ်ပြောဖို့ ကြိုးစားရာမှ အသံထွက်မှန်အောင် မပြောနိုင်ဘဲ ထပ်ခါတလဲလဲ ထစ်အသွားခဲ့၍ အရှက်တကွဲ ဖြစ်သွားခဲ့ရသည်။
နိုင်ငံတကာ သံတမန်ရေးရာ မျက်နှာစာတွင် ဝင်ဆန့်ရန် ကြိုးပမ်းနေရရှာသည့် မြန်မာနိုင်ငံကို ကိုယ်စားပြု ပြောဆိုနေသော စစ်ခေါင်းဆောင်၏ အင်္ဂလိပ်စာ အရည်အချင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပတွင် လှောင်ပြောင်ဝေဖန်စရာ ဖြစ်သွားခဲ့ရသည်။ သနားသူကလည်း သနားကုန်ကြပြန်သည်။
ထိုသို့ ထစ်အသွားသည့် ဗီဒီယို ဖိုင်သည် လူမှုကွန်ရက်များ ပေါ်တွင် ဟာသဗီဒီယို clip အဖြစ် ရေပန်းစားခဲ့ပြီး ၎င်း အနေနှင့် United Nations ဆိုသည့် စကားကိုပင် ထစ်အ နေဦးမည်လော ဟု ပြောဆို နေကြပြီ ဖြစ်သည်။
ထိုသို့ အရည်အချင်း နှင့် ပြည့်ဝရှာသည့် ခေါင်းဆောင်ကြီး ၏ အပြန်ခရီးကိုလည်း နေပူကျဲတဲ မတ်တပ် ရပ်၊ အလံများ ထောင်ပြီး ကြိုဆိုပေးခဲ့ကြရပြန်သည်။
(ပုံတွင် လာသမျှ လူကို ရွှေထက် ရှားပေသည်ဟု ဆိုကာ တခမ်းတနား ဧည့်ခံနေသော်လည်း ကနေဒါ ဝန်ကြီးချုပ်ကမူ မကြာသေးမီက သူ့ထံ ရောက်လာသော ဝမ်ယီ အား ယခုလို ပုံစံမျိုး နှင့်ပင် လက်ခံ တွေ့ဆုံခဲ့ပေသည်။)
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!