မြေကြီးတုန် မတတ် လည်ပတ်နေသော ဝါဇီ စက်ကြီးများ

by Hla Soewai - Jun 15 2026

အခွန်ဘဏ္ဍာငွေများ ပြိုလဲသွားခြင်းနှင့် ပြည်သူလူထုအပေါ် ဆင်နွှဲနေသည့် ၎င်းတို့၏ အဆုံးမသတ်နိုင်သော စစ်ပွဲများအတွက် အသုံးစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် စစ်အုပ်စု သည် တစထက် တစကြီးထွားလာနေသည့် ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းရန် ငွေစက္ကူအလွန်အကျွံ ရိုက်နှိပ်လာ‌ နေရပြီ ဖြစ်သည်ဟု ဧရာဝတီက ယခုလို ရေးသားလာခဲ့သည်။

 

စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်အရ လက်ရှိတွင် ဘတ်ဂျက်လိုငွေပြမှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဗဟိုဘဏ် ထံမှ ချေးယူသည့် နည်းဖြင့် ကာမိစေရန် လုပ်ဆောင်နေပြီး၊ ယင်းမှာ လက်တွေ့တွင် ငွေစက္ကူရိုက်နှိပ်စက်များဖြင့် ငွေစက္ကူအသစ်များ ထုတ်ဝေနေခြင်းပင် ဖြစ်သည်။

 

မ‌ ကွေး တိုင်း၊ ချောက်မြို့နယ်ရှိ ဝါဇီစက်ရုံတွင် ငွေစက္ကူအသစ်များကို အဆက်မပြတ် ရိုက်နှိပ်ထုတ်လုပ် နိုင်ရန်အတွက် ဝန်ထမ်းများအား စနေ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များပင် အနားမ ပေးဘဲ အလုပ်ဆင်းရန် အမိန့်ပေးထားကြောင်း စက်ရုံတွင်းရှိ သတင်းအရင်းအမြစ်များက ဧရာဝတီသို့ ပြောခဲ့သည်။

 

၁၉၇၀ ပြည့်လွန်နှစ်များကတည်းက တည်ထောင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူလည်ပတ်နေသည့် အဆိုပါစက်ရုံသည် ထီလက်မှတ်များ၊ အစိုးရရုံးသုံးတံဆိပ်များနှင့် လုံခြုံရေးဆိုင်ရာစာရွက်စာတမ်းများကို ထုတ်လုပ်သည့်အပြင်၊ မကြာသေးမီက အသစ်ထုတ်ဝေခဲ့သော ကျပ်နှစ်သောင်းတန် အပါအဝင် ငွေစက္ကူအမျိုးအစားအားလုံးကိုလည်း ရိုက်နှိပ်ထုတ်ဝေလျက်ရှိသည်။

 

စစ်တပ်မှ ဗိုလ်မှူးကြီးတဦးနှင့် ဒုတိယဗိုလ်မှူးကြီးတဦး တို့က စက်ရုံ အား စီမံခန့်ခွဲနေပြီး ၎င်းတို့၏ အမိန့်ပေးမှုကြောင့် ထုတ်လုပ်မှုလိုင်းများကို အချိန်ပြည့် (၂၄ နာရီပတ်လုံး) လည်ပတ်နေရသဖြင့် ဝန်ထမ်းအချို့ အလွန်အမင်း မောပန်းနွမ်းနယ်နေကြကြောင်း ညည်းတွားလျှက် ရှိသည်ဟု သိရသည်။

 

ထိုသို့ ငွေစက္ကူများကို အလုအယက် ရိုက်နှိပ်နေခြင်းသည် စစ်အုပ်စု၏ ပိုမိုနက်ရှိုင်းလာသော ဘဏ္ဍာရေးအကျပ်အတည်းကို ထင်ဟပ်နေသည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် အခွန်ကောက်၍ လုံးဝမရတော့သဖြင့် စစ်အုပ်စု သည် ကြီးမားလှသော အစိုးရယန္တရားအတွက် အသုံးစရိတ်များပေးချေရန်အပြင်၊ ၎င်းတို့၏ လူသတ် နေသော စစ်ဆင်ရေးများကို ရန်ပုံငွေ ပံ့ပိုး နိုင်ရန်အတွက် အသစ်ရိုက်နှိပ် နေရသော ငွေစက္ကူများအပေါ်တွင်သာ မှီခိုအားထားနေရတော့သည်။

 

မြန်မာ တို့၏ မိတ်‌ ဆွေကြီး သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ် က လည်း လက်ရှိတွင် ဘတ်ဂျက်လိုငွေပြမှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို ငွေစက္ကူအသစ်များ ရိုက်နှိပ်ခြင်းဖြင့် ဖြည့်တင်းနေရသည်ဟု ယုံကြည်ထားသည်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အခြားကဏ္ဍများနှင့်မတူဘဲ အဆမတန် တိုးမြင့်လာခဲ့သည်။ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် စစ်စရိတ်မှာ ကျပ် ၁.၇ ထရီလီယံ ရှိခဲ့ရာမှ ၂၀၂၃-၂၄ တွင် ကျပ် ၅.၆ ထရီလီယံအထိ မြင့်တက်လာခဲ့သည်။ ထိုအချိန်မှစ၍ စစ်ကောင်စီသည် စစ်စရိတ် ကိန်းဂဏန်းများကို ထုတ်ပြန်ကြေညာခြင်း မရှိတော့ပေ။ 

 

၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း အမျိုးသားဘတ်ဂျက်အသုံးစရိတ်သည် ကျပ် ၄၁ ထရီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့ပြီး၊ ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ စစ်မှုထမ်းဥပဒေဖြင့် လူအစုလိုက်အပြုံလိုက် စုဆောင်းခြင်း အပါအဝင် ကာကွယ်ရေးကဏ္ဍအတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် သုံးစွဲနေရကြောင်း သိရသည်။

 

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် NLD အစိုးရလက်ထက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင်မူ ကာကွယ်ရေးအသုံးစရိတ်သည် စုစုပေါင်းဘတ်ဂျက်၏ ၁၀.၄ ရာခိုင်နှုန်းနှင့် ဂျီဒီပီ (GDP) ၏ ၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် စစ်အုပ်စု၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ထုတ်ပြန်ချက်တွင် ဘတ်ဂျက်လိုငွေပြမှု ကျပ် ၇.၈၇၉ ထရီလီယံ ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး၊ ၎င်းမှာ ဂျီဒီပီ (GDP) ၏ ၅.၀၇ ရာခိုင်နှုန်းနှင့် ညီမျှသည်။ အဆိုပါလိုငွေကို ဖြည့်တင်းရန်အတွက် ပြည်တွင်းချေးငွေများနှင့် ဗဟိုဘဏ်၏ အကြွေးယူမှု အပေါ်တွင်သာ အဓိက မှီခိုသွားမည်ဖြစ်ကြောင်း ဝန်ခံထားသည်။ ယင်းသည် ငွေစက္ကူရိုက်နှိပ်ခြင်းကို ယဉ်ကျေးစွာ ခေါ်ဆိုသည့် အသုံးအနှုန်း ပင် ဖြစ်သည်။

 

သို့သော်လည်း ကုန်ထုတ်လုပ်မှု တိုးတက်လာခြင်းမရှိဘဲ ငွေစက္ကူအသစ်များ အမြောက်အမြား စီးဆင်းလာခြင်းကြောင့် ကျပ်ငွေတန်ဖိုးကိုသာ ထိုးဆင်းသွားစေခဲ့ပြီး ငွေဖောင်းပွမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ နှစ်စဉ်ငွေဖောင်းပွမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းကြား ရှိနေပြီး၊ အခြေခံသွင်းကုန်များနှင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

 

အီရန်စစ်ပွဲကြောင့် အခြေအနေများမှာ ပိုမိုဆိုးရွားသွားခဲ့ပြီး စက်သုံးဆီဈေးနှုန်းများကို ၉၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာစေခဲ့သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၂၀၂၄ ခုနှစ် ခန့်မှန်းချက်အရ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာကာလအတွင်း ကျပ် ၃၀ ထရီလီယံခန့်အထိ ငွေစက္ကူများ ရိုက်နှိပ်ခဲ့ကြောင်း သိရသည်

(၁ ဘီလီယံ = သန်း ၁,၀၀၀

၁ ထရီလီယံ = ၁,၀၀၀ ဘီလီယံ)

 

အဆိုပါ သတင်းအရ စစ်အုပ်ချုပ်ရေးသည် ကျဆုံးခါနီး စီးပွားပျက် သံသရာ ထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။ 

 

ပုံမှန်အစိုးရတရပ်သည် ဘတ်ဂျက်လိုငွေပြမှုကို အခွန်တိုးကောက်ခြင်း၊ နိုင်ငံခြား မှချေးငွေ သို့မဟုတ် အကူအညီရယူခြင်း၊ ပြည်တွင်းမှာ အစိုးရငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းမျိုး လုပ်လေ့ရှိသည်။

 

 လက်ရှိ စစ်အုပ်စု အဖို့က နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုကို ခံထားရသလို၊ ပြည်တွင်းမှာလည်း အခွန်ကောက်ခံလို့ မရသ လောက် နီးနီး ဖြစ်နေသည့် အတွက် အလွယ်ကူဆုံး ဖြစ်သည့် ဗဟိုဘဏ်မှ ငွေချေးပြီး ငွေစက္ကူများ အလုအယက်ရိုက်နှိပ် နေရ၍ ရေငတ်လို့ အဆိပ်ပါတဲ့ ရေ သောက်နေရသလိုမျိုး ဖြစ်နေသည်။

 

စီးပွားရေးနိယာမအရ တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု (GDP) တိုးမလာဘဲ ငွေစက္ကူများသာ စျေးကွက်ထဲ အမြောက်အမြား ရောက်လာက ငွေတန်ဖိုး အလိုအလျောက်ကျဆင်း သွားစမြဲ ဖြစ်သည်။ စက္ကူပေါ်တွင် ဂဏန်းများ မည်မျှပင် တိုးလာတိုးလာ၊ ဝယ်ယူနိုင်စွမ်း (Purchasing Power) ကျသွားသည့် အတွက် ငွေဖောင်းပွမှုနှုန်းသည် ကမ္ဘာ့ဘဏ်ခန့်မှန်းချက် (၃၀-၃၅%) ထက် ပိုပြီး လက်တွေ့မြေပြင်တွင် ပြည်သူများ အလူးအလဲ ခံစားနေရ ခြင်း ဖြစ်သည်။ ဝယ်စရာ ကုန်ပစ္စည်း အလွန်နည်းပါးနေချိန်၊ ဈေးကွက်ထဲ ငွေစက္ကူ တွေ များလာသည့် အခါ ဈေးက အလိုလိုနေရင်း တက်သွားခြင်းမျိုး ဖြစ်သည်။

 

နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးလာဖို့ဆိုသည်က ဘတ်ဂျက်ကို ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံများတွင်သာ အဓိကထား သုံးစွဲရမည် ဖြစ်သည်။ လက်ရှိ တွင် စုစုပေါင်း နိုင်ငံ ဘတ်ဂျက်၏ ၃၀ ရာခိုင်နှုန်းကျော်ကို စစ်စရိတ် အတွက် ထုတ် သုံးနေရပြီ ဖြစ်သည်။ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးမည့် အစား ပြည်တွင်းစစ်ပွဲ များ နှင့်စစ်မှုထမ်း စုဆောင်းရေးများ အတွက်သာ ဘဏ္ဍာငွေများ အကုန်အကျခံနေရခြင်းသည် ရေရှည်တွင် တိုင်းပြည်၏ လူမှုစီးပွားအခြေခံအဆောက်အအုံ များအကြီးအကျယ် ပျက်စီးလာဖို့သာ ရှိသည်။

 

ကပ်ပါးရပ်ပါး လူတန်းစား များ အတွက် မေးစရာ ရှိလာသည်က ထိုအ‌ခြေအနေသည် ဘယ်အချိန်တွင် အဆုံးသတ် မည်ဟု မျှော်မှန်းထားသလဲ ဆိုသည်ပင် ဖြစ်သည်၊ ၎င်းတို့ ရှိနေသရွေ့ ထို အတိုင်း လိမ်ဖယ်လိမ်ဖယ် သွားနေဦးမည်သာ ၊ ပြည်သူတရပ်လုံးကလည်း ၎င်းတို့ အား ဖယ်ရှား နိုင်မှသာ လူချင်းတူတူ သူချင်းမျှမျှ နေနိုင်သည့် အဖြစ် ရောက်နိုင်မည် ကို သိထားကြပြီး ဖြစ်သည်။

 

မင်းအောင်လှိုင် ကိုယ်တိုင်ပင် ထိုအခြေအနေကို ရိပ်စားလာမိနေ၍ ဗုဒ္ဓဂါယာ အရောက်သွား၍ ထုတ်ဖေါ် ဆုတောင်း ခဲ့ရပြီ မဟုတ်ပါလား။

 

Language most shows a man; speak that I may see thee.

 

Ben Jonson

 

စကားအသုံးအနှုန်းက လူတယောက်ရဲ့ သဘာဝ (ဉာဏ်ပညာ၊ စိတ်ဓာတ်၊ ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်နှင့် စရိုက်လက္ခဏာ) ကို အထင်ရှားဆုံး ဖော်ပြပေးတတ်တယ်၊ မင်း ဘယ်လိုလူလဲဆိုတာ ငါမြင်နိုင်ဖို့ စကားပြောစမ်းပါ။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!