တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံသား အဖြစ် ခံယူထားသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ကို တည်ထောင်သူ မင်းဇင်အားသူလျှိုလုပ်မှု ဖမ်းဆီးထိန်းသိမ်းထားကြောင်း သောကြာနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားလာခဲ့သည်၊ ၎င်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံအရေးကို အဓိကလေ့လာသုံးသပ်သည့် မူဝါဒရေးရာ သုတေသနအဖွဲ့ (Think Tank) တခုမှ နိုင်ငံရေးလေ့လာသုံးသပ်သူ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မင်းဇင်သည် တရုတ်ပြည်၏ "ရာဇဝတ်မှုဆိုင်ရာ မဖြစ်မနေ အရေးယူဆောင်ရွက်မှု ကြီးကြပ်ရေးအစီအမံများ" (Criminal compulsory measures) နှင့်ရင်ဆိုင်ရမည် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ၎င်းအား "သူလျှိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုနှင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်အန္တရာယ်ပြုမှု" သံသယဖြင့် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း လင်ကျန့်က ဆိုသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထပ်မံထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မင်းဇင်အား ယူနန် ပြည်နယ် ကူမင်း လေဆိပ်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ ၎င်းသည် အစည်းအဝေး တက်ရန် သွားခြင်း ဖြစ်သည်ဟု ၎င်း နှင့် နီးစပ်သူ တဦး က ဆိုသည်။
"တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတဦး ထိန်းသိမ်းခံရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သိရှိထားပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် CBS News သို့ ပြောကြားခဲ့သည်။ "အမေရိကန်နိုင်ငံသားတစ်ဦးဦး ထိန်းသိမ်းခံရတဲ့ အခါတိုင်းမှာ သင့်တော်တဲ့ ကောင်စစ်ဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်လေ့ရှိပါတယ်" ဟုလည်း ဆိုသည်။
ဤသည်က အမေရိကန် အစိုးရ၏ ပြောရိုး ပြောစဉ် မျိုးသာ ဖြစ်ပြီး အကယ်၍ မင်းဇင်သာ စီအိုင်အေ နှင့် ပတ်သက်ခြင်း မရှိက အကျဉ်းသား လဲလှယ်မှု အထိ ဖြစ်လာနိုင်မည် မဟုတ်ပေ။ နယူးယောက်တိုင်းမ် သတင်းစာ အဆိုအရ မူးယစ်ဆေးဝါးမှု၊ လုပ်ငန်း နှင့် စပ်လျင်း သော ငွေကြေး ဆိုင်ရာ အရှုပ်အရှင်းများ ကြောင့် နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင် ခံထားရသည့် အမေရိကန် နိုင်ငံသား ၂၀၀ ခန့် ရှိနေသော်လည်း လက်ရှိတွင် နိုင်ငံ လုံခြုံရေး ကို အန္တရာယ်ပြုသည် ဆိုကာ တဦးတလေမျှ ဖမ်းဆီးထားသူ မရှိသေးဟု သိရသည်။
မင်းဇင်နှင့် ဇွန် ၃ ရက်နေ့ကစပြီး အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ပြီး တပတ်အကြာ နယူးယောက်တိုင်းမ် တွင် သတင်း ဖေါ်ပြခဲ့ပြီး နာရီပိုင်း အကြာတွင် တရုတ် အစိုးရ မှ ၎င်းတို့ ဖမ်းဆီးထား ကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"တရုတ်နိုင်ငံဟာ ဥပဒေစိုးမိုးရေး ရှိတဲ့ နိုင်ငံတခု ဖြစ်ပါတယ်" ဟု ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးက The New York Times သတင်းစာသို့ ပြောကြားခဲ့သည်။ "တရုတ်နိုင်ငံမှာ နေထိုင်နေကြတဲ့၊ ဒါမှမဟုတ် ခရီးသွားလာနေကြတဲ့ နိုင်ငံခြားသားအားလုံးဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး၊ ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟုလည်း ဆိုသည်။
သံရုံးပြောရေးဆိုခွင့်ရှိသူ လျှိုဖန်ယု က မင်းဇင်၏ "တရားဝင်ရပိုင်ခွင့်များကို အပြည့်အဝ အာမခံချက်ပေးထားကြောင်း" CBS News သို့ ပြောကြားခဲ့သည်။
မင်းဇင်သည် တရုတ် အဖို့ မထိမခံ ရွှေပန်းကန်လို သဘောထားနေသော မြန်မာ နယ်စပ် သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်၊ ထိုဒေသ တွင် တရုတ်တို့ အကျိုးစီးပွား ကို ဦးထိပ်ထား နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ထိတွေ့ ဆက်ဆံလာမည့် အရေး ကို ဟန့်တားလိုပုံရသည်။
၎င်းသည် အမေရိကန် အစိုးရ မှ မြန်မာ စစ်အုပ်စု နှင့် ပုံမှန် ပြန်ဆက်ဆံရန် ၎င်း ကိုယ် ၎င်း မြန်မာ အရေး ကျွမ်းကျင်သူ အဖြစ် ခံယူကာ ဦးဆောင် ကြိုးပမ်းနေသူ ဖြစ်သည်။ ၎င်း၏ သုတေသန အဖွဲ့အား ထိုင်းနိုင်ငံ ချင်းမိုင်တွင် အခြေစိုက်ထားသည်။
နောက်ထပ် အဖမ်းခံရသူက မင်းဇင်ကဲ့သို့ပင် အမေရိကန် အစိုးရ အား ထဲထဲဝင်ဝင် လော်ဘီ လုပ်ပေးနေသူ အမေရိကန် နိုင်ငံသား အဒမ် ကက်စတီလို ဖြစ်သည်။ ရန်ကုန် သို့ ပြန်အလာ တွင် စစ်အုပ်စု က ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ယခင် ရန်ကုန်ရှိ အမေရိကန် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဖြစ်သည်။
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတဦးလည်း ဖြစ်သူ ကက်စတီလို သည် ပြီးခဲ့သည့်နှစ်က အိမ်ဖြူတော်သို့ သွားရောက်ခဲ့ပြီး၊ ရှားပါး သတ္တု များ ရရှိနိုင်ရေးကို ရှေးရှုလျက် အမေရိကန်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးပွဲစားအဖြစ် ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိသူများကို အကြံပြုခဲ့သူ ဖြစ်သည်။
၎င်း၏ စာအုပ် ဖြစ်သော "Finding Our Voice" တွင် ဒီမိုကရေစီအရေး ဆန္ဒပြပွဲများကို စစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့မှုများအကြောင်း မှတ်တမ်းတင်ထားရုံသာမက၊ ပိတ်ဆို့အရေးယူမှုများ အပါအဝင် ဝါရှင်တန်၏ မူဝါဒများသည် ထိရောက်မှုမရှိကြောင်း ဝေဖန်ထားပြီး စီးပွားရေးအရ ပိုမိုထိတွေ့ဆက်ဆံရန်လည်း တိုက်တွန်းထားသည်။
နောက်ထပ် ဆက်နွယ်မှု အဖြစ် လျော့တွက်၍ မရသည်ကား ဒေသတွင်းရှိ သံရုံးနှင့် သံတမန်များ၏ လုံခြုံရေးကို တာဝန်ယူရသည့် အသက် ၄၃ နှစ် အရွယ် အမေရိကန် သံ အရာရှိ အသတ်ခံရမှု ပင် ဖြစ်သည်။
မြန်မာ ရဲ အဖွဲ့ကတော့ ယောက်ျား အသတ်ခံရလျင် မိန်းမ၊ မိန်းမ အသတ်ခံရလျင် ယောက်ျား ဖြစ်ရမည် ဆိုသည့် စာအုပ်ကြီး အတိုင်း ဇနီးဖြစ်သူ အသက် (၃၈) နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးတဦးကို ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။
မင်းဇင် အကြောင်း ပြန်ဆက်ရမည် ဆိုလျင် ၎င်းသည် ISP-Myanmar တည်ထောင်သူလည်း ဖြစ်၍ မြန်မာ့အရေးနှင့် ပတ်သက်၍ အချက်အလက်အခြေပြု ခွဲခြမ်းစိတ်ဖြာမှုများတွင် သြဇာရှိသူတစ်ဦး ဖြစ်သည်။ တရုတ်နိုင်ငံက ၎င်းအား "သူလျှိုမှု" ဖြင့် ဖမ်းဆီးခြင်းသည် မြန်မာ့အရေးတွင် အမေရိကန် သို့မဟုတ် အနောက်အုပ်စု၏ ပါဝင်ပတ်သက်မှု၊ သတင်းအချက်အလက် စုဆောင်းမှုများနှင့် ပတ်သက်၍ ဘီဂျင်း၏ စိုးရိမ်မကင်းဖြစ်မှု မည်မျှမြင့်မားနေသည်ကို ပြသနေသည်။ မိမိ၏ အိမ်နီးချင်းနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒရေးရာများတွင် အနောက်ဘက်စွန်းမှ စွက်ဖက်မှုများကို တရုတ်က ပြတ်ပြတ်သားသား သတိပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
မြန်မာ စစ်အုပ်စု သည် အမေရိကန် နှင့် နီးစပ်ရန် လော်ဘီ ငှားသည် အထိ ကြံစည် နေမှု ကိုလည်း နှစ်မြို့ချင်း မရှိကြောင်း မင်းအောင်လှိုင်၏ ဇွန် ၁၅-၁၉ တရုတ် ခရီးစဉ် မတိုင်မီ ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အတွက်လည်း တရုတ်၏ ညွှန်ကြားချက်အရ ကက်စတီလို ကို ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်ပုံရသည်။ မင်းအောင်လှိုင်သည် ၎င်းအား အသိအမှတ် ပြုပေးမည် ဆိုက ဘာမဆို လုပ်ပေးရ လုပ်ပေးရ ဝန်မလေးသူ ဖြစ်သည်။
ရှားပါး မြေသား နှင့် ပတ်သက်၍ တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချ နိုင်ရေး အတွက် မြန်မာ ကိစ္စတွင် ငြိမ်းချမ်းရေးပွဲစားအဖြစ် ၎င်းတို့ နှစ်ဦးစလုံး ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုကို တရုတ်က မိမိတို့၏ အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးအကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပုံရသည်
ဤဖမ်းဆီးမှုသည် သာမန်သူလျှိုမှုတခုထက်မကဘဲ တရုတ်-အမေရိကန် ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုကြားတွင် မြန်မာ့အရေးသည် စစ်တလင်း သို့မဟုတ် အားပြိုင်ရာ နယ်မြေတခု ဖြစ်လာနေကြောင်း ပြသသည့် သက်သေလည်း ဖြစ်သည်။ အထူးသဖြင့် မြန်မာ့မြေပေါ်က မဟာဗျူဟာမြောက် သယံဇာတများနှင့် သတင်းအချက်အလက် စိုးမိုးမှုများအပေါ် အင်အားကြီးနိုင်ငံများအကြား တင်းမာမှု ပိုမိုမြင့်တက်လာနေသည်ကို တွေ့မြင် နေရသည်။
မည်သို့ပင် ဆိုစေ ကွန်မြူနစ် အကျဉ်းသား ဖြစ်သွားရသော မင်းဇင် အဖို့ အမိဝမ်းမှ ကျွတ်ကတည်းက ယခု အချိန်အထိ လုပ်ခဲ့သမျှ ကို ထုတ်ပေးထားသော စာရွက် တထပ်ကြီး နှင့် တကုတ်ကုတ် ရေးချွတ်နေရရှာပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!