သမ္မတ လောင်း နှစ်ဦး၏ စကားစစ်ထိုးပွဲ

by Hla Soewai - Oct 01 2020

ထရန့် နှင့် ဂျိုး ဘိုင်ဒင် နှစ်ဦးစလုံးသည် စကားပြောကောင်းသူများ အဖြစ် ထင်ရှားခဲ့သူများ မဟုတ်ပေ။ သို့သော် ယခုပွဲတွင်တော့ သူတို့နှစ်ဦးထံမှ အကျိုးအကြောင်း ဆီလျှော်သည့် အပြောအဆိုများ အနည်းဆုံးတော့ ထွက်လာနိုင်ကောင်းရဲ့ဟု မျှော်လင့်ကောင်း မျှော်လင့်နေကြပေလိမ့်မည်။ သို့သော် လက်တွေ့တွင်တော့ ခေတ်သစ် အမေရိကန် နိုင်ငံရေး သမိုင်းတွင် စိတ်ပျက်ဖွယ် အကောင်းဆုံး စကားစစ်ထိုးပွဲအဖြစ် ထွက်ပေါ်လာရပြီး တဦးနှင့် တဦး အော်ကြဟစ်ကြ ဟိန်းဟောက်ကြ၊ မခံချိ မခံသာ ပြောဆိုကြ နှင့် ပြီးဆုံးသွားခဲ့ပေသည်။

 

မဲဆန္ဒရှင်များက ထရန့်သည် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိသူ မဟုတ်မှန်း သိထားကြပြီး ဖြစ်သဖြင့် မြင်တွေ့နေကျ ယဉ်ကျေးပျူငှာသည့် အပြောအဆို အမူအရာများ တွေ့ရလိမ့်မည်ဟု နဂိုကတည်းက မျှော်လင့်ချင်မှ မျှော်လင့်ထားကြပေလိမ့်မည်။ ထရန့်အဖို့က လတ်တလောတွင် ပြဿနာများ နှင့် နပမ်းလုံးနေရချိန်လည်း ဖြစ်သည်။ သူ၏ ကပ်ရောဂါဆိုးကြီး အပေါ် တင်းပြည့်ကျပ်ပြည့် စီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့ခြင်းကြောင့် တနိုင်ငံလုံး ကသောင်းကနင်း ဖြစ်လာနေမှု၊ တရားလွှတ်တော်ချုပ်တွင် တရားသူကြီး အသစ်တဦး ခန့်အပ်နိုင်ရန် ကမူးရှူးထိုး ကြိုးပမ်းနေရမှုများ နှင့် နယူးယောက်တိုင်းမ် သတင်းစာကြီး က ထုတ်ဖေါ်လိုက်သော မဖြစ်စလောက် ပမာဏ သာ အခွန်ပေးဆောင်ခဲ့ခြင်းကြောင့် သူ၏ အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်တဦး အဖြစ် ပုံဖေါ်ထားခဲ့မှုမှာ အကြီးအကျယ် ထိခိုက် ပျက်ယွင်းလာခဲ့မှုများ အစရှိသည်တို့ပင် ဖြစ်သည်။

 

ထိုသို့ သော အရေးများကြောင့် ထရန့်သည် သမာယိုးကျ ပုံစံမျိုး နှင့် တုန့်ပြန်၍ မရတော့ဟု သိမြင်လာသည်။ ရွေးကောက်ပွဲ နီးလာသော်လည်း ၎င်းအပေါ် လူကြိုက်များမှုသည် တက်မလာပဲ အရင်အတိုင်း တန့်၍ နေဆဲပင် ဖြစ်သည်။ နိုင်ငံတဝှမ်း စစ်တမ်း ကောက်ယူမှုများတွင် ဘိုင်ဒင်သည် သူ့ထက် ၈% ခန့် အသာစီး ရနေပြန်သည်။ (အီကော်နော်မစ် မဂ္ဂဇင်း၏ ရွေးကောက်ပွဲ ခန့်မှန်းမှု ကွန်ပျူတာ ပရိုဂရမ်က အချက်အလက်များ အားလုံးကို စုစည်းကာ ဘိုင်ဒင် နိုင်ဖို့ ၈၇% ကြိမ်းသေကြောင်း တွက်ချက် အဖြေထုတ်ပေးခဲ့ပြီ ဖြစ်သည်)

 

ထရန့် နှင့် သူ၏ အကြံပေးများ အားလုံးက ဘိုင်ဒင် ဘာမှ မပြောနိုင်အောင် အဆက်မပြတ် အနှောက် အယှက်ပေးရန်ဆိုသည့် မဟာဗျူဟာကို သဘောတူ ချမှတ်ခဲ့ကြခြင်း ဖြစ်ပုံရသည်။ ထိုအထဲတွင် ဘိုင်ဒင်သာ မက ဒိုင်လုပ်သူ ခမျာလည်း ကံဆိုးစွာဖြင့် ဆွဲထည့်ခြင်း ခံခဲ့ရပြန်သည်။ မနေ့ညက ပွဲအတွက်တော့ Will you shut up, man ဆိုသည့် ဘိုင်ဒင် နှုတ်ဖျားက စိတ်ပျက်လက်ပျက် နှင့် ထွက်လာသည့် စကားသာ အမှတ်တရ အဖြစ် ကျန်ရစ်ခဲ့ရပေတော့သည်။ ဘိုင်ဒင်၏ ကမ်းပိန်း အဖွဲ့က ထိုစကားစုကို ဒေါ်လာ ၃၀ တန် တီရှပ်တွင် စာတန်းထိုးကာ ဖြန့်ချီနေပြီ ဖြစ်သည်။

 

ဒေါ်နယ်ထရန့် အဖွဲ့၏ အိုင်ဒီယာက ဂျိုး ဘိုင်ဒင်သည် အသက်ကြီးပြီး ငယ်မူပြန်ချင်သည့် ပုံမျိုး ပေါက်အောင် စင်ပေါ်တွင် ဘာပြောလို့ ပြောမှန်း မသိဖြစ်သွားအောင် ဖန်တီးရန်ပင် ဖြစ်သည်။ ဘိုင်ဒင် ငယ်မူပြန်နေပြီဟုလည်း ထရန့်က မကြာခဏ ပြောလေ့ ရှိသည်။ ထိုသို့ အတွေး အခေါ် ချို့ယွင်းလာနေသဖြင့် ဒီမိုကရက်ပါတီကို ဆိုရှယ်လစ် အုပ်စုဝင်များ၏ အလွယ်တကူ သိမ်းသွင်းခံနေရသူ အဖြစ် ပုံဖေါ်မည့် ပို၍ ကျယ်ပြန့်သော ရွေးကောက်ပွဲ မဟာဗျူဟာ၏ တစိတ်တပိုင်းလည်း ဖြစ်သည်။

 

ဂျိုး ဘိုင်ဒင်သည် မထင်မရှား တက္ကသိုလ် တခု မှ ကျောင်းဆင်းလာသည့် အဖြစ်ကိုလည်း ထရန့်က သရော်ခဲ့သည့်အပြင် သားဖြစ်သူသည် စစ်တပ်ထဲမှ မူးယစ်ဆေးစွဲသဖြင့် အထုတ်ခံခဲ့ရသည်ဟုလည်း ပြောခဲ့ပြန်သည်။ (ဘိုင်ဒင်သည် နယူးယောက်ရှိ ဆီရာကျုစ် တက္ကသိုလ် မှ ဥပဒေ ဘွဲ့ရရှိခဲ့သူ ဖြစ်သည်)၊ ဘိုင်ဒင်သည် အသက်ကြီး၍ စကား တောရောက်တောင်ရောက် ပြောတတ်သူ တကယ်တမ်း ဖြစ်နေသည် ဆိုစေဦး တဦးနှင့် တဦး အပြန်အလှန် ငြင်းခုံနေကြ၍ ထိုအဖြစ်ကို မည်သူမျှ မြင်တွေ့ခွင့် မရခဲ့ကြပေ။ ဘိုင်ဒင်သည် တခါတရံတွင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့သော်လည်း သူ၏ ပြောဟန် ဆိုဟန်က အားမာန် အပြည့် ရှိသည်ကိုလည်း မတွေ့ရပြန်ပေ။ ဤသည်ကလည်း အော်ကြဟစ်ကြ နှင့် ဗရုတ်ဗရက် ဖြစ်နေမှုများကြားတွင် ပျောက်ကွယ်သွားရပြန်သည်။

 

သို့သော် လက်ရှိ အမေရိကန်တွင် လူထု အတွင်း သဘောထား ကွဲလွဲနေမှုများက တောင်နှင့် မြောက်လို ဖြစ်နေပြန်သဖြင့် ပြီးခဲ့သည့် စကားစစ်ထိုးပွဲသည် မည်သည့် ဖက်ကိုမျှ အယူအဆ ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း မရှိခဲ့ပေ။

 

ထိုစကား စစ်ထိုးပွဲမှ ၎င်းတို့အတွက် မည်မည်ရရ တစုံတရာ ထွက်လာမည်ဟု မျှော်လင့်ခဲ့ကြသော မဲဆန္ဒရှင်များ အတွက်တော့ သနားဖို့ ကောင်းလှပေသည်။ ထရန့်သည် အမေရိကန် နိုင်ငံရေးတွင် ပါတီ တဖက်ဖက်ကို အလွန်အကျွံ အားသန်နေမှုများအား ကျွမ်းကျင်စွာ အသုံးချနိုင်ခဲ့သူ ဖြစ်၍ လည်း ၎င်းအတွက် စိတ်အနှောက်အယှက် ဖြစ်စရာ အမှန်တရားများကြောင့် တုန်လှုပ်စရာ ဖြစ်မလာခဲ့ပေ။ ထရန့်ကတော့ သူ၏ အမြင်တွင် အမေရိကန် သန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ စီးပွားရေးတွင်လည်း အခြေအနေကောင်းများ ဖန်တီးပေးနိုင်ခဲ့သည်။ ရောဂါ ဖြစ်နေဆဲ အမေရိကန်လူထု အတွက် ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မည့် Obamacare အား အစားထိုးနိုင်မည် အစရှိသဖြင့် ယူဆနေသူ ဖြစ်သည်။

 

ဒီမိုကရက်များသည် ဝင်ငွေနည်း မိသားစုများ အတွက် အိမ်ယာများ ဖန်တီးပေးခြင်းဖြင့် မြို့ပြ အစွန်အဖျားရှိ လူနေမှု ဘဝများကို ဖျက်ဆီးရန် ကြံရွယ်လျှက် ရှိသည်ဟု ပြောလာသည့် အခါတွင်တော့ ဘိုင်ဒင်၏ ပြန်လည် ချေပချက် က ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်၊ “အခုက ၁၉၅၀ ကျော် နှစ်တွေ မဟုတ်တော့ဘူး၊ နေရာတကာ ကို လူမျိုး ခွဲခြားတဲ့စိတ်တွေ ထွက်လာအောင် ခွေးကို ခရာမှုတ် ခေါ်သလို ခေါ်လို့ ရတဲ့ ခေတ်မဟုတ်တော့ဖူး၊ လက်ရှိ မြို့စွန် က လူတွေကို သတ်ဖြတ်နေတာ ကိုဗစ်-၁၉ ပဲ” ဟု ချေပလိုက်ခြင်းပင် ဖြစ်သည်။

 

အားလုံး စိုးရိမ်တကြီး ဖြစ်နေသည့် ထရန့် ရှုံးဖို့ များနေသည့် ရွေးကောက်ပွဲရလဒ်ကို တရားဝင်အဖြစ် အသိအမှတ်ပြု မပြု အပိုင်း ရောက်လာသည့် အခါတွင်တော့ ထရန့်သည် မဲဆန္ဒရှင်များ အကြား သံသယ ပွားလာအောင် မျိုးစေ့များ ကျဲလာခဲ့ပေတော့သည်။ “ယခု ရွေးကောက်ပွဲသည် အမေရိကန် သမိုင်းတွင် လိမ်လည်မှု အများဆုံး ဖြစ်လာတော့မည်” ဟု သတိပေးလာခဲ့သည်။ ဟီလာရီသည်လည်း သူ့အပေါ် ယခုလို လုပ်ကြံဖို့ ကြိုးစားခဲ့သည်ဟု ဆိုသည်။ ဗာဂျီနီးယား အနောက်ပိုင်း တွင် စာပို့သမားများက စာတိုက်မဲပြားများကို ရောင်းချနေခြင်း၊ ဒီမိုကရက်များ အုပ်ချုပ်နေသည့် ဒေသများတွင် ရွေးကောက်ပွဲကို လိမ်လည်ရန် မဲပြားများ နှစ်ဆအထိ ဖြန့်ဝေနေသည်ဟူသော အပြောများက လက်ရှိ သမ္မတတယောက် အနေဖြင့် ဒီမိုကရက်များကို မည်မျှအထိ ရွံရှာမုန်းတီးနေသည်ကို ပြဆိုနေပေသည်။ ထို့အပြင် ဒီမိုကရက်များ အုပ်ချုပ်နေသော ပြည်နယ်များသည် သူ့အား ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားစေရန် စီးပွားရေး ဦးမော့မလာအောင် ရွေးကောက်ပွဲ ပြီးသည်အထိ အချိန်ဆွဲနေသည်။ ကိုဗစ်-၁၉ ကို မထိန်းချုပ်ပဲ လွှတ်ပေးနေသည်ဟု စွပ်စွဲလာပြန်သည်။

 

သူ၏ စကားများသည် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး အကြမ်းဖက်မှုများ ဖြစ်လာနိုင်သည်ဟု အများ စိုးရွံ့နေမှုများကို မီးမွှေးပေးလိုက်ရုံမက ဒီမိုကရေစီ သဘောသဘာဝကို အားနည်းအောင် ပြုလုပ်လိုက်သလို ဖြစ်လာခဲ့သည်။ အမေရိကန် မဲဆန္ဒရှင် အများစုသည် ရွေးကောက်ပွဲ ရလဒ်သာ သူတို့ မျှော်လင့်သလို ဖြစ်မလာက အင်အားသုံး၍ အကြမ်းဖက်မည်ဟု စစ်တမ်းကောက်သူများကို ထုတ်ပြောထားပြီးလည်း ဖြစ်သည်။

 

ထရန့်သည် လူမျိုး ကြီး ဝါဒသမားများ ကို မရှုတ်ချသည့်အပြင် ရန်လိုသော လက်ယာ အစွန်းရောက် အုပ်စု ဖြစ်သည့် Proud Boys အဖွဲ့ကိုလည်း “နောက်ဆုပ်ပြီး အသင့်ပြင်ထားကြ” ဟုပင် ပြောနေခဲ့သည်။

 

ဘိုင်ဒင်ကတော့ အခြေအနေများ အေးအေးချမ်းချမ်း ရှိရန် နှင့် အမေရိကန်၏ စံနှုန်းများ ပြန်လည် သွတ်သွင်းရန် ကြိုးပမ်းပေးခဲ့သည်။ “မဲရေတွက်တာတွေ ပြီးလို့ အနိုင်ရတဲ့လူ ကြေညာပြီးရင် ဘာမှ ထပ်ပြီး အငြင်းပွားစရာ မလိုတော့” ဟု ပြောခဲ့သည်။

 

မဲဆန္ဒရှင်များ အဖို့ ရွေးကောက်ပွဲ မပြီးမီအထိ နောက်ထပ် စကားစစ်ထိုးပွဲ နှစ်ခု ကို သည်းငြီးခံ ဖြတ်သန်း ကြရပေဦးမည်သာ ဖြစ်ပေသည်။

 

(၂၀၂၀ စက်တင်ဘာ ၃၀ ရက်နေ့ အင်္ဂလန် နိုင်ငံထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “A dismal presidential debate will leave voters unimpressed” ဆောင်းပါးမှ ကိုးကားသည်)