အဒမ် ကက်စတီလို နှင့် မင်းဇင် ဖမ်းဆီး ခံရမှု အပေါ် ဝါရှင်တန် ပို့စ် သတင်းစာကြီးက ယခုလို သုံးသပ် ရေးသားခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးသည် မြန်မာ့ပြည်တွင်းစစ်အပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်လေ့ရှိသူများ ဖြစ်ကြပြီး၊ ဝါရှင်တန်ရှိ မူဝါဒချမှတ်သူများနှင့် ဥပဒေပြုအမတ်များကို ၎င်းတို့၏ အမြင်များ မျှဝေတင်ပြရန်အတွက် အခါအားလျော်စွာ သွားရောက်လေ့ရှိကြသည်။
စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားချိန်တွင် ၎င်းတို့ နှစ်ဦး စလုံးအား ရှေ့ဆင့် နောက်ဆင့် ဆိုသလို နှစ်နိုင်ငံစလုံးတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
တခုနှင့်တခု ဆက်စပ်မှုရှိ နေသည်လား၊ ယခုကဲ့သို့ အချိန်ကိုက် ဖြစ်ပွားခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက် ဟုတ်မဟုတ် ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိသေးဟု ဆိုသည်။
သို့သော်လည်း ယခုဖမ်းဆီးထိန်းသိမ်းမှု သတင်းများကြောင့် မြန်မာ့အရေးကို အဓိက အလေးထား စောင့်ကြည့်နေကြသည့် အသိုက်အဝန်း အတွင်း စိုးရိမ်ထိတ်လန့်မှုများ ပျံ့နှံ့သွားခဲ့သည်။
ရန်ကုန်မြို့ရှိ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တဦးက 'ကျွန်တော်တို့အားလုံး အကြီးအကျယ် တုန်လှုပ်ခြောက်ခြားနေကြရပါတယ်' ဟု ပြောကြားခဲ့သည်။ ၎င်းသည် ကက်စတီလို နှင့် ပုံမှန် ထိတွေ့ဆက်ဆံမှု ရှိခဲ့သူဖြစ်ပြီး၊ မြန်မာအာဏာပိုင်များ၏ လက်တုံ့ပြန် အရေးယူခံရမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် အခြေအနေဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မင်းဇင်သည် ကယ်လီဖိုးနီယား တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံ ဖြင့် မာစတာ ဘွဲ့ရထားသူ ဖြစ်ပြီး ဝါရှင်တန် နှင့် အဆက်အသွယ် ကောင်းများ ရှိထားသူ ဖြစ်သည်။
၎င်းသည် သုတေသနလုပ်ငန်းများအတွက် တရုတ်သို့လည်း မကြာခဏ သွားရောက်လေ့ရှိပြီး၊ ဇွန်လဆန်းပိုင်းက ယူနန်ပြည်နယ်သို့ ရောက်ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၎င်းလွတ်မြောက်ရေးအတွက် အမေရိကန် အရာရှိများကလည်း ဝင်ရောက်ကြိုးပမ်းပေးနေကြောင်း မိတ်ဆွေများ ထံမှ သိရသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသားများကို သူလျို လုပ်သည် ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမှာ ထူးခြား နေသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက တရုတ်နိုင်ငံသည် အကျဉ်းသားလဲလှယ်မှုအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားသုံးဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး၊ ယင်းတို့အနက် နှစ်ဦးမှာ သူလျှိုလုပ်မှုဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရကာ ထောင်ထဲတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသူများ ဖြစ်ကြသည်။
မင်းဇင် ဖမ်းဆီးခံရမှု ကြောင့် ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကြားတွင် မလုံခြုံသလို ခံစားနေရသည်ဟု ဆိုသည်။
မကြာသေးမီနှစ်များအတွင်း ၎င်းသည် မြန်မာ့နယ်စပ်ဒေသများကို ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများကို ပိုမိုနက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းများအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ တရုတ်အစိုးရ ကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အထူးအလေးထား စောင့်ကြည့်လေ့လာခဲ့သည်။
ယခုနှစ်ဆန်းပိုင်းက ဝါရှင်တန်ပို့စ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဘီဂျင်း အနေဖြင့် မြန်မာနိုင်ငံကို 'တရုတ်၏ နောက်ဖေးခြံ ' ကဲ့သို့ ပို၍ သဘောထားလာ နေ ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်သည် မြန်မာကို ၎င်းတို့ ပိုင် တိဘက်၊ ဝီဂါ၊ တီယန်မင် ရင်ပြင် အရေးအခင်း များကဲ့သို့ အထိ မခံသည့် သဘောမျိုး ပြလာနေသည်ဟု လေ့လာသူ တဦး က ဆိုသည်။
ကက်စတီလို သည် အမေရိကန် သို့ သွားရောက်ပြီးနောက် မြန်မာသို့ ပြန်လည်ရောက်ရှိလာစဉ် လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ကို ယခင်က တာဝန်ယူဦးဆောင်ခဲ့ဖူးသူ ကက်စတီလိုသည် မြန်မာနိုင်ငံရှိ အမေရိကန် သံတမန်များနှင့် မကြာခဏ ထိတွေ့ဆက်ဆံလေ့ရှိပြီး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက်သည့် အမေရိကန်သံရုံး၏ ပြည်ပလုံခြုံရေး အကြံပေးကောင်စီ (OSAC) တွင်လည်း အဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတစ်ဦး ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် 'MAGA ကို အသေအလဲ ထောက်ခံသူ အဖြစ် ဖော်ညွှန်းခဲ့သည်။ ယခုနှစ်ဆန်းပိုင်းက ဝါရှင်တန်ပို့စ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ၎င်းက မြန်မာနိုင်ငံအရေး၌ အမေရိကန်၏ မူဝါဒ ပိုမိုတက်ကြွ ထိရောက်လာစေရန် တိုက်တွန်းဆော်ဩဖို့ ဝါရှင်တန်ရှိ ထရမ့်အစိုးရအဖွဲ့ အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အမြောက်အမြားရှိ နေသော မြေရှားသတ္တု သယံဇာတများနှင့် မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအကြောင်းကိုလည်း ၎င်းက ထည့်သွင်းဆွေးနွေး အကြံပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ် သည် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုများ နှင့် ပဋိပက္ခများ ကြောင့် 'အကျိုးအမြတ် အများဆုံးရရှိသူ' ဖြစ်လာခဲ့သည်ဟု လွန်ခဲ့သည့် ပတ်အနည်းငယ်က ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ထုတ်ဖေါ် ပြောဆိုခဲ့သည်ဟု ဝါရှင်တန် ပို့စ် သတင်းစာတွင် ရေးသားခဲ့သည်။
မြန်မာ ရဲအဖွဲ့ ၏ သတင်းရင်းမြစ်များအရ ကက်စတီလို အား ယခင်က ဦးဆောင်ခဲ့ဖူးသည့် ကုန်သည်ကြီးများအသင်း ၏ လက်ရှိဒါရိုက်တာက ၎င်းအပေါ် "ယုံကြည် အပ်နှံခြင်းကို ဖောက်ဖျက်မှု" (Breach of Trust) ဖြင့် တရားစွဲဆိုထားခြင်းကြောင့် ဖြစ်ကြောင်း၊ ရာဇဝတ်မှုဖြင့် တရားရုံးက ၎င်းအား ရက်သတ္တပတ် နှစ်ပတ် ချုပ်ရက်ရမန် ပေးထားကြောင်း AFP သတင်းအရ သိရသည်။
ယခုဖမ်းဆီးမှုများသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ရန် ကြိုးပမ်းနေချိန်နှင့် မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်တွင် နိုင်ငံတော်အဆင့် သွားရောက်လည်ပတ်ရန် ပြင်ဆင်နေချိန် တို့နှင့် တိုက်ဆိုင်နေ၍ စီးပွားရေး ကိစ္စများ အတွက် ဖမ်းဆီးသည် ဆိုသည်မှာ မည်သူကမျှ ယုံကြည်မှု ရှိမည် မဟုတ်ပေ။ ဒေါ်နယ် ထရမ့်အား လူသိရှင်ကြား အမာခံ ထောက်ခံနေသူ တဦး ကို တရုတ်က ဖမ်းဆီးခိုင်းလိုက်ခြင်းဖြင့် စစ်အုပ်စု ၏ ဒဏ်ခတ် ပိတ်ဆို့မှု များ အမေရိကန်ဖက်မှ ဖယ်ရှားပေးလာမည့် အရေးကို လက်ဦးမှု ယူကာ ပိတ်ပင်လိုက်ခြင်း ဖြစ်ပေမည်၊ ဤသို့ဖြင့် မြန်မာသည် ၎င်းတို့ ဩဇာစက်ဝန်း အတွင်းက မည်သို့မျှ ရုန်းမထွက် နိုင်အောင် ဖြစ်လာပေတော့မည်။
မင်းအောင်လှိုင်သည် ဇွန် ၁၅ မှ ၁၉ ရက်အထိ ရှီကျင့်ဖင်၏ ဖိတ်ကြားချက်အရ ဆိုကာ တရုတ်ပြည် ခရီးစဉ် စတင်တော့မည် ဖြစ်သည်။ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ရက် ၇၀ အတွင်း သွားရောက်ဖို့ ရှိနေသည်ကို ကြည့်မည်ဆိုက ၎င်းအား တရားဝင် အသိအမှတ် ပြုရန် စည်းကမ်းချက် အဖြစ် ရွေးကောက်ပွဲ ကို မဖြစ်မနေ လုပ်ပေးခဲ့ရခြင်းလည်း ဖြစ်သည်။
ဒို့တာဝန် အရေး သုံးပါးကို ဦးထိပ်ထားပါသည် ဆိုသော စစ်တပ်သည် နိုင်ငံကို တရုတ် လက်အောက်ခံ အဖြစ် ရောက်အောင် လုပ်စားသွားသည့် အမျိုးသား သစ္စာဖောက်များ အဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!