၁၉၇၅ ခုနှစ် ဇန်နဝါရီလ အဆန်းပိုင်းက ဖြစ်သည်။ ဖေဖေနှင့် မေမေကို သယ်ဆောင်သွားသည့် ဗြိတိသျှ လေကြောင်းလိုင်း ဖြစ်သော ဘီအိုအေစီ လေယာဉ်ကြီးက တိမ်ထုကို ထိုးဖောက်၍ လန်ဒန်သို့ ဦးတည် ပျံသန်းသွားခဲ့လေပြီ။
လေယာဉ်ပေါ်အတက် လက်ပြနှုတ်ဆက်သွားသော ဖေဖေကို ငေးကြည့်ရင်း မည်ကဲ့သို့ စိတ်ခံစားမှု ဖြစ်ခဲ့သည်ကို ကောင်းကောင်းမမှတ်မိတော့။
အရက်လည်း မသောက် ဆေးလိပ်တောင် မင်္ဂလာဆောင်က ကမ်းမှ သောက်တဲ့ ငါ့သမက်လေး ဒီရောဂါကြီး ပျောက်ကင်းပါစေတော်ဟု အပြန်လမ်းတလျှောက် တတွတ်တွတ်ပြောလာသော အဖွားစကားကိုသာ ပြန် မှတ်မိနေတော့သည်။
အဖေက သူ့တွင်စွဲကပ်လာသည့် အသည်းကင်ဆာကို ကုသရန် ထွက်ခွာသွားခြင်းပင်။ ကျွန်တော်ကတော့ ငယ်သေး၍ ရန်ကုန်က ဆရာဝန်တွေ လက်လျှော့၍ သွားကုရတယ်ဆိုတာလဲ မသိ။
ထိုအချိန် မေမေကတော့ အထက်တန်းကျောင်းအုပ်။ အဖေကတော့ အထက်တန်းပြဆရာ။ သာမန် ပညာရေးဝန်ထမ်း ၂ ဦး အင်္ဂလန်သို့ ဆေးသွားကုရသည့် အဖြစ်က ကျွန်တော့်အဒေါ် ဖေဖေအမ မီးယပ်နဲ့သားဖွားပါရဂူကြီးကြောင့် မဟုတ်လို့ကတော့ အိမ်မက်ပင် မက်ဝံ့စရာမရှိ။
မေမေလည်း ဝန်ထမ်းဘဝဖြင့် တသက်လုံးစုဆောင်းခဲ့သမျှ ရောင်းချပေါင်နှံပြီး သွားခဲ့ရခြင်းပင်။ နောက်ပိုင်းမေမေ ပြန်ပြော၍ သိရသည်ကထိုအချိန်က ပေါင်စတာလင် တပေါင်ကို မြန်မာငွေ ၁၅ ကျပ်နှင့် လဲလှယ်နိုင်ခဲ့သည် ဆိုခြင်းပင်။
ကျွန်တော်တို့ဆီတော့ မေမေက စာမှန်မှန်ရေးပေမယ့် နေကောင်းသည်။ လိမ်လိမ္မာမာနေ ဆိုတာလောက်ပဲပါသည်။ ကျွန်တော်တို့ကတော့ အရုပ်ပြန်လာရင်ဝယ်ဖို့ စာပြန်ရေး နှင့်ပဲ ပြီးခဲ့သည်။
၃ လအကြာ ဧပြီလ ၁၀ ရက်နေ့တွင် ဖေဖေတို့ပြန်လာတော့မည်ဟု စာရောက်လာ၍ ကျွန်တော်တို့ ညီအကို ၂ ယောက် ပျော်လိုက်ကြတာ ဘာပြောကောင်းမလဲ။ ပြန်လာလျှင် သံလမ်းပေါ်ပြေးသော ရထားပါလာမည်ကိုး။ အဘွားက မျက်ရည်လေး စမ်းစမ်းဖြင့် ကျွန်တော်တို့ကို ဘာမှတော့မပြော။
လေဆိပ်ကို သွားကြိုတော့ အသွားတုံးက လမ်းလျှောက်တက်နိုင်သည့် ဖေဖေ အပြန်တွင် ထမ်းစင်ဖြင့် ခေါ်ချလာရသည်ကိုလည်း ဘာရယ်မဟုတ် သတိမထားမိ။
မည်မျှအထိ မသိသား ဆိုးဝါးသလဲဆိုက အဲ့သည့်ညက ပက်လက်ကုလားထိုင်ပေါ် ထိုင်နေတဲ့ ဖေဖေကို ရုံတင်နေတဲ့ မျက်မမြင် ဂျပန် အိုအိချိ သိုင်းးကား လိုက်ပြဖို့ ပူဆာတာက ငမိုက်သား ကျွန်တော်။ ဖေဖေက သိပ်နေမကောင်းသေးလို့ ဦးလေးကို လိုက်ပြခိုင်းလို့ ပြန်ပြောတာ မှတ်မိသည်။ ထိုစကားသည် ဖေဖေ မှ ကျွန်တော့်ကို နောက်ဆုံးပြောခဲ့သောစကားဟု ထိုစဉ်က လုံးဝ မရိပ်မိ။နောက်တနေ့ ရန်ကုန်ဆေးရုံကြီးသို့ ဖေဖေကို ပြောင်းပေးလိုက်ပေမယ့် ကျွန်တော်တို့က အဆော့မပျက်။ အားလုံးက အင်္ဂလန်မှ ရောဂါကျွမ်းနေ၍ လက်လျှော့လိုက်သဖြင့် ပြန်လာရခြင်းကို ကျွန်တော်တို့အား ဘယ်သူမှ မပြောကြ။
နောက် ၈ ရက်အကြာ ဧပြီလ ၁၉ ရက်နေ့ မနက်အစောကြီး ၅ နာရီလောက်တွင် ဆေးရုံသွားမယ်ဆိုကာ အဖွားက လာနိုး၍ ကျွန်တော်တို့ ညီအကို ဘုမသိ ဘမသိ လိုက်လာခဲ့ကြသည်။
ဟိုရောက်တော့ ကုတင်ပေါ် ပက်လက်ဖြစ်နေသော ဖေဖေက ကျွန်တော်တို့ ညီအကိုကို အနားခေါ်ပြီး တယောက်စီ နမ်းပါတယ်။ ပြီး ကလေးတွေ ပြန်ခေါ်သွားတော့လို့ မေမေကို ပြောလိုက်၍ ကျွန်တော်တို့ ပြန်ခဲ့ကြသည်။
မနက် ၁၀ နာရီခွဲလောက်တွင် ဖေဖေ သည် သူချစ်သော သားနှစ်ယောက်နှင့် မေမေကို အပြီးခွဲခွာသွားခဲ့လေပြီ။ဖေဖေက ၄၄။ ကျန်ရစ်သူ မေမေက ၃၆၊ အကိုက ၁၀ နှစ်၊ ကျွန်တော်က ၉ နှစ်။
မေမေကတော့ သူသေဆုံးချိန်မှာ ၇၅ နှစ်။ နောက်အိမ်ထောင်မပြုပဲ သားများကို နှစ်ပေါင်း ၄၀ တိတိ တာဝန်ကျေခဲ့သူ။