အိန္ဒိယ အစိုးရမှ မြန်မာနှင့် နယ်နိမိတ် အချို့ လဲလှယ်ရန် အဆိုပြု စဉ်းစားနေတယ်ဆိုသည့် သတင်းသည် The Diplomat စာ စောင်တွင် ဇူလိုင် ၁၇ နေ့စွဲ ဖြင့် ပါရှိလာခဲ့သည်။
အထူးသဖြင့် မဏိပူရ ပြည်နယ် ချန်ဒယ်ခရိုင်နှင့် စစ်ကိုင်းတိုင်း အတွင်း ရှိ ကဘော် ချိုင့်ဝှမ်းအကြား နယ်နိမိတ်ကို အပြီးတိုင် သတ်မှတ်ဖို့ ရည်ရွယ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
အရေးကြီး နယ်နိမိတ် အမှတ် 65 နဲ့ 68 ကြား (စုစုပေါင်း 1.4 square miles ခန့်) ကို လဲလှယ်ရန် စဉ်းစားနေသည်ဟု အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်၏ အဆိုပြုထားချက်အဖြစ် အိန္ဒိယ အစိုးရ စာရွက်စာတမ်း များတွင် ဖော်ပြထားသည်။
နယ်နိမိတ်ကို ပြီးပြည့်စုံ အောင် သတ်မှတ်ပြီး နယ်နိမိတ်တလျှောက် ခြံစည်းရိုး ဆောက်ရန် စုစုပေါင်း ၁,၆၄၃ ကီလိုမီတာ၊ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃.၂၂ ဘီလျံ ခန့် လျာထား ထားပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု၊ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှု ပြဿနာတွေ ထိန်းချုပ်နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယ-မြန်မာ နယ်နိမိတ်သည် ၁၉၆၇ ခုနှစ် သဘောတူညီချက်အရ သတ်မှတ်ထားခြင်း ဖြစ်သော်လည်း မဏိပူရ ဘက်ခြမ်းရှိ နယ်နိမိတ်အမှတ် ၉ ခု မပြီးပြည့်စုံသေးဟု သိရသည်။ အထူးသဖြင့် မိုချမ်၊ မိုးရေး၊ ချိုနို ကူနူး ပတ်ဝန်းကျင် တဝိုက် ဖြစ်သည်ဟု သိရသည်။
ထိုအရေး အတွက် အရင်က နယ်နိမိတ်အငြင်းပွားမှုများ ရှိခဲ့ပြီး ဒေသခံများ၏ ဆန္ဒပြမှုများ ရှိခဲ့သော်လည်း အိန္ဒိယ အစိုးရက နယ်နိမိတ်အငြင်းပွားမှု မရှိဟု ငြင်းဆိုခဲ့ပြီး၊ မပြီးပြည့်စုံသေးသည့် နယ်ခြား အမှတ်အသားများသာ ရှိသည်ဟု ပြောခဲ့သည်။
ထိုသို့ လဲလှယ်ရန် အစီအစဉ်ကို မင်းအောင်လှိုင်၏ အိန္ဒိယ ခရီးစဉ် အတွင်း ဆွေးနွေးခဲ့ကြသည်ဟု သတင်းတွင် ပါရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံ၏ "Act East" နှင့် "Neighbourhood First" မူဝါဒများအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှသို့ ဆက်သွယ်ပေးသည့် အဓိကတံခါးပေါက်ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ချိတ်ဆက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုသာ အိန္ဒိယက အဓိကထား လုပ်ဆောင်နေခြင်း ဖြစ်သည်။
မင်းအောင်လှိုင်အား တရုတ်ထက်ဦးအောင် ဗွေဆော်ဦး ဖိတ်ခေါ်ခဲ့သည့် အကြောင်းရင်းများတွင် ထိုအရေးသည် ထိပ်ဆုံးက ပါလာနိုင်ပေသည်။
အဆိုပါ အရေး ဖြစ်လာနိုင်ခြေ ရှိမရှိကို ဆက်လက် စောင့်ကြည့်ရမည်သာ ဖြစ်သည်။
အလျှင်းသင့်၍ ထည့်သွင်း ဖေါ်ပြလိုသည်မှာ ကနေဒါ၏ ၂၀၂၃ တွင် ပြဋ္ဌာန်းလာသော Bill C-18 (Online News Act) အကြောင်းပင် ဖြစ်သည်၊ ထိုဥပဒေ၏ ရည်ရွယ်ချက်မှာ ဂူဂဲလ် သို့မဟုတ် မက်တာ (Meta - Facebook/Instagram) ကဲ့သို့သော ပလက်ဖောင်းများသည် သတင်းဌာနများ၏ သတင်းများကို ၎င်းတို့၏ ပလက်ဖောင်းများပေါ်တွင် ပြသခြင်းဖြင့် ကြော်ငြာဝင်ငွေများ ရရှိနေသော်လည်း၊ အဆိုပါသတင်းများကို ဖန်တီးသည့် သတင်းဌာနများမှာမူ ဝင်ငွေကျဆင်းလာခြင်းကို ဖြေရှင်းရန်ဖြစ်သည်ဟု ဆိုသည်။
လစ်ဘရယ် အစိုးရ၏ လစ်ဘရယ် မဆန်သော အပြုအမူပင် ဖြစ်သည်။
ဖေါက်ဖျက်ပါက ငွေကြေးပေးလျှော်ရန် ရှိနေ၍ မက်တာ (Meta) ကုမ္ပဏီသည် Facebook နှင့် Instagram ပေါ်တွင် ကနေဒါနိုင်ငံတွင်းမှ သတင်းမီဒီယာများ၏ အကြောင်းအရာများကို လုံးဝပြသခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့အတွက် ကျွန်တော် တင်ပြသည့် သတင်းများကို မည်သည့် သတင်းဌာနမှ ရည်ညွှန်း ကိုးကား ပါသည်ဟု ဖေါ်ပြပါက Newsfeed မှ မထွက်တော့၊ သို့ဖြစ်၍ တခါတရံတွင် ရည်ညွှန်း ကို ဗမာ လို ရေးရခြင်း၊ တခါတရံတွင် မထွက်ပါက ပြန် ဖြုတ်ပစ်ရခြင်းများ မဖြစ်မနေ လုပ်ခဲ့ရသည်ကို နားလည်ပေးစေလိုပါသည်။
ကျွန်တော်၏ သတင်းဝက်ဆိုဒ်ကိုလည်း ဖေါ်ပြခွင့် မရတော့၊ မသိသူကျော်သွား၊ သိသူ ဖေါ်စား သာ ထားလိုက်ရတော့သည်။ Yawnathan ဒေ့ါ ကွန်း ဟု ဂူဂဲတွင် ရိုက် ရှာ လျင် တွေ့နိုင်ပါသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!