မြန်မာ့ပြည်တွင်းစစ်- အကျပ်ရိုက်ချိန်

by Hla Soewai - Jul 26 2026

စစ်အုပ်စု တပ်များသည် လူအင်အား သာလွန်နေသော်လည်း အလွန်အကျွံ ဖိအားပေးခံနေရပြီး စိတ်ဓာတ်ပျက်ပြားနေမှုတို့ကို ထင်ရှားစွာ မြင်တွေ့နေရသော်လည်း၊ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးအရ စည်းလုံးညီညွတ်သော ထိုးစစ် တရပ်ကို တည်ဆောက်ရန် ရုန်းကန်နေရဆဲဖြစ်သည်ဟု အေးရှားတိုင်းမ် စာစောင်တွင် စစ် ရေး လေ့လာ သုံးသပ်သူ အန်သိုနီ ဒေးဗီး က ယခုလို သုံးသပ်ထားသည်။

 

စစ်တပ်၏ ရှေ့တန်း ပို့ခံထားရ‌ သော ခြေလျင် တပ်ရင်းများအားလည်း "ပြန်မလာတော့သည့် တပ်များ" အဖြစ် တပ်အတွင်း၌ပင် ရှုမြင်ခံနေရသည်ဟု အစချီထားသည်။

 

နိုင်ငံ၏ ပြည်တွင်းစစ်တွင် မကြာသေးမီနှစ်များအတွင်း စစ်မြေပြင်၌ သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်သည် အဆုံးအဖြတ်ပေးမည့်နှစ် ဖြစ်လာမည်မှာ ထင်ရှားခဲ့သည်။ ဇူလိုင်လအစောပိုင်း နှစ်ဝက် ရောက်ရှိလာချိန်၌ "အဆုံးအဖြတ်" ဆိုသည့် အဓိပ္ပာယ်၏ သက်ရောက်မှုများမှာ ပိုမိုရှင်းလင်းလာခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ဖက်ဒရယ်-ဒီမိုကရေစီအင်အားစုများ၏ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေမှုများအတွက် အောင်မြင်နိုင်ခြေ ရှိ/မရှိကို ဆုံးဖြတ်ပေးမည့် အရေးကြီးဆုံးကာလသည် လာမည့်လများအတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။

 

ထိုသို့ အပြောင်းအလဲများ ဖြစ်လာသည်မှာ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာသည့် ရဲဝင်းဦး၏ စစ်ရေးဗျူဟာ ထက်မြက်မှုကြောင့် တော့ မဟုတ်။ ၎င်း၏ ရာထူးတိုးမြှင့်ခံရခြင်းမှာ လည်း မင်းအောင်လှိုင်အပေါ် မျက်စိစုံမှိတ် သစ္စာရှိမှုနှင့် ထောက်လှမ်းရေးအကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ခြင်းကြောင့် စစ်တပ်အတွင်းနှင့် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး၏ နိုင်ငံရေး လှုပ်ရှားမှုများကို ကောင်းစွာ နားလည်သဘောပေါက်ခြင်းတို့ကြောင့်သာ ဖြစ်သည်။

 

၂၀၂၅ ခုနှစ်၊ နွေဦးကာလကတည်းက တစိုက်မတ်မတ် လုပ်ဆောင်နေသည့် မဟာဗျူဟာနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ရဲဝင်းဦးအနေဖြင့် ယခုအခါ စီမံချက် စတင်ရေးဆွဲသူအဖြစ်ထက် ကြီးကြပ်သူအဖြစ် တာဝန်ယူထားရသူ ဖြစ်သည်။ လောလောဆယ် ၎င်းတို့၏ ရေရှည် ရည်မှန်းချက်မှာ — ၂၀၂၃ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၄ ခုနှစ် အလယ်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း လက်လွတ်ဆုံးရှုံးခဲ့ရသော အဓိက စီးပွားရေးဗဟိုချက်များနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ထိန်းချုပ်ရန် ဖြစ်သည်။

 

နောက်ပိုင်း တွင်မူ တော်လှန်ရေးအင်အားစုများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်း သို့မဟုတ် ကြာရှည်စွာ ကျင့်သုံးလာခဲ့သည့် စည်းရုံးသိမ်းသွင်းခြင်းနှင့် သွေးခွဲခြင်းနည်းလမ်းများဖြင့် တဖွဲ့ပြီးတဖွဲ့ ချေမှုန်းရန် ရည်ရွယ်သည်။ ၎င်းတို့၏ စစ်ရေး စီမံချက်များသည် ဗျူဟာမြောက် ထူးချွန်မှုထက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စွမ်းဆောင်ရည်အပေါ် ပိုမိုမှီခိုနေရသည်။

 

မည်သို့ပင် ရည်မှန်းချက်များ ရှိ‌ နေစေကာမူ သံတမန်ရေး နယ်ပယ်တွင် "တည်ငြိမ်မှု" ဟု ခေါ်ဆိုနိုင်သည့် အခြေအနေကို ထုတ်ဖေါ် နိုင် ရန်နှင့် "အောင်ပွဲ" ရရှိရန်အတွက် နှစ်ပေါင်းများစွာ လိုအပ်နေဦးမည်ဖြစ်သည်။ အမှန်စင်စစ် ယနေ့အထိ ရရှိထားသည့် တိုးတက်မှုများသည် စစ်တပ်၏ ရုန်းကန်နေရဆဲဖြစ်သော တခုနှင့် တခု အပြန်အလှန် ဆက်စပ်နေသည့် အားနည်းချက် နှစ်ရပ်ကိုလည်း ပေါ်လွင်စေခဲ့သည်။

 

ပထမဆုံး အားနည်းချက်မှာ မြန်မာနိုင်ငံ၏ ကျယ်ပြောလှသော ပထဝီဝင်အနေအထားအပေါ် မူတည်နေသည်။ ၂၀၂၄ ခုနှစ် အစောပိုင်းမှစ၍ စစ်မှုထမ်းဥပဒေဖြင့် လူသစ် ၁၀၀,၀၀၀ ကျော်ကို တပ်ထဲသို့ သွတ်သွင်းနိုင်ခဲ့သော်လည်း၊ စစ်တပ်၏ လက်ရှိထိန်းချုပ်နယ်မြေများမှာ ပိုမိုကျယ်ပြန့်လာသဖြင့် တပ်အင်အားမှာ အင်အားပြန့်ကျဲနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

 

ဤသည်မှာ အသစ်အဆန်းတော့ မဟုတ်ပေ။ ပြည်တွင်းစစ်မဖြစ်ပွားမီနှင့် "၁၀၂၇ စစ်ဆင်ရေး" ကြောင့် အကြီးအကျယ် ဆုံးရှုံးမှုများ မကြုံတွေ့မီကတည်းကပင် စစ်တပ်အဖို့ နိုင်ငံတဝန်းရှိ တပ်စခန်းများကို ထိန်းသိမ်းထားရန်နှင့် တချိန်တည်းမှာပင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးများကို ထိုးစစ်ဆင်ရန် ခက်ခဲနေခဲ့သည်။ ယင်းတာဝန်များကို အဓိကအားဖြင့် နေပြည်တော်မှ တိုက်ရိုက်ကွပ်ကဲသော ခြေမြန်တပ်မများ က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

သို့သော် ယနေ့အထိ နေပြည်တော် အဖို့ စိတ် မသက်မသာဖြစ် နေရသည်မှာ ၎င်းတို့အနေဖြင့် ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ဗဟိုဒေသများရှိ လက်နက်ကိုင် အတိုက်အခံများသည်လည်း နေရာတိုင်းတွင် ယခင်ကထက် ပိုမိုစည်းစနစ်ကျလာပြီး လက်နက်အင်အား ပိုမိုတောင့်တင်းလာသည်။ ထို့အပြင် ၎င်းတို့အကြား မတူညီသော သဘောထားများ ရှိနေစေကာမူ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရေးဟူသည့် အခြေခံအကျဆုံး ရည်မှန်းချက်တခုတည်းအောက်တွင် စုစည်းညီညွတ်နေကြသည်။

 

ဒုတိယမြောက် အားနည်းချက်မှာ စိတ်ဓာတ်ရေးရာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း စစ်မှုထမ်းဥပဒေဖြင့် လူအင်အား တိုးမြှင့်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်မှာ အလွန်ပျက်စီးလွယ်နေဆဲဖြစ်သည်။ စစ်မှုထမ်းခြင်းသည် စတင်ချိန်ကတည်းက ပြည်သူများအကြား အလွန်အမင်း မနှစ်မြို့ဖွယ် ဖြစ်ခဲ့ရပြီး၊ ယင်းဖြစ်စဉ်တွင် လာဘ်ပေးလာဘ်ယူမှုများ ပြည့်နှက်နေခြင်းကြောင့် လူထောင်ပေါင်းများစွာသည် ပြည်ပသို့ ထွက်ခွာခြင်း၊ ပုန်းအောင်းနေခြင်း သို့မဟုတ် တော်လှန်ရေးအင်အားစုများဘက်သို့ ပူးပေါင်းခြင်းများ ဖြစ်ပေါ်လာခဲ့ရသည်။

 

နှစ်နှစ်တာ ကာလအတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်ရှိ စုဆောင်းရေးမှူးများနှင့် အတင်းအဓမ္မ လူသစ်စုဆောင်းသူများအပေါ် လူသစ်ထပ်မံပေးပို့ရန် ဖိအားများမှာ ပိုမိုကြီးထွားလာခဲ့သည်။ ဤသည်မှာလည်း ခိုင်လုံသော အကြောင်းပြချက်များ ရှိနေသည်။

 

အခြေခံစစ်ပညာသင်တန်းသာ ရရှိထားသည့် စစ်မှုထမ်းသစ်များ၊ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာများရှိ ခြေမြန်တပ်မ များသို့ စေလွှတ်ခံရသူများအတွက် စစ်မြေပြင်များ တွင် ကျဆုံးမှုများပြားခြင်းကြောင့် သေဒဏ် ပေးခံရသည်နှင့်ပင် တူညီနေသည်။

 

အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးက မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ခြေမြန်တပ်မ တပ်ရင်းများနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့သည် - "တပ်တွင်း စားရိပ်သာတွေနဲ့ တပ်ရင်းတွေမှာ သူတို့ကို 'ပြန်မလာတော့မယ့် တပ်တွေ' လို့ အမြင်ခံနေရတာ ပိုများလာတယ်။" ဟု ဆိုသည်။

 

ထိုသို့ အနေအထား ကြုံတွေ့နေရသော စစ်တပ်၏ အားနည်းချက်များကို အမိအရ ဖမ်းဆုပ်ပြီး စစ်မြေပြင်တွင် တော်လှန်ရေး အင်အားစု များဖက်မှ အသာစီးရယူနိုင်ရေးသည် မည်မျှအရေးကြီးကြောင်း ပြောရန်ပင် လိုမည် မထင်။

 

မြန်မာ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ဆယ်စုနှစ်များစွာ မရရှိခဲ့ သော အရေးကြီးဆုံးအချက်တခုဖြစ်သည့် ပေါင်းစပ်ကွပ်ကဲရေးစနစ် (သို့မဟုတ်) ပို၍တိကျစွာပြောရလျှင် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီ (JCSC) တရပ်ကို တည်ဆောက်ရန် လိုအပ်နေသည်။

 

မတ်လနှောင်းပိုင်းတွင် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ" (SCEF) ကို အဓိက တော်လှန်ရေးအင်အားစုများမှ အဆင့်မြင့် စစ်ဦးစီးအရာရှိများပါဝင်သည့် ပူးတွဲကော်မတီ ဖွဲ့စည်းလိုက်ခြင်းက ယခင် ဖြစ်နိုင်ခြေမရှိဟု ထင်မှတ်ထားခဲ့ကြသည့် မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။

 

SCEF အနေဖြင့် တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်၊ ကရင်နီ၊ ကချင်နှင့် ချင်း (K3-C) တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အများအပြားကို စုစည်းထားခြင်းဖြစ်သည်။

 

SCEF သည် ၎င်းတို့အကြား ကွဲပြားမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာများကို ကျော်လွှားနိုင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို အာမခံချက်ပေးနိုင် မည့် နိုင်ငံရေးဆိုင်ရာ ထီးဆောင်းအဖွဲ့အစည်းတခုအဖြစ် ပုံဖော်လာခြင်းဖြစ်သည်။

 

ပြဿနာ၏ ဗဟိုချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖြစ်သည်။ NUG သည် ၎င်းတို့၏ တရားဝင်မှုကို ခိုင်မာစွာ ယုံကြည်ထားသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်နေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည်။ (ဆိုလိုသည်က ၎င်းတို့ အကြား မည်သို့ပင် သဘောတူထားစေကာမူ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က လက်မခံဟု ဆိုလာလျင် ပျက်ပြယ်သွားမည်ကို စိုးရိမ်မှု များ ရှိနေသည်။ တော်လှန်ရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးယုံကြည်မှု တည်ဆောက်ရာတွင် အကြီးမားဆုံး အဟန့်အတားတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။)

 

ပူးတွဲစစ်ဦးစီးချုပ်များကော်မတီ (JCSC) တွင် မည်သူတို့ ပါဝင်လာမည်နည်း၊ မည်ကဲ့သို့နှင့် မည်သည့်နေရာတွင် လုပ်ဆောင်မည်နည်း၊ အရေးအကြီးဆုံးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ၏ စစ်ဦးစီးချုပ်ရုံးနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မည်နည်းဆိုသည့် အချက်များမှာ စိုးရိမ်ဖွယ်ကောင်းလောက်အောင်ပင် မရှင်းမလင်းဖြစ်နေဆဲဖြစ်သည်။

 

ယခုလို အခြေအနေမျိုးတွင် ရှင်းရှင်းလင်းလင်း ရှိသင့် နေပေပြီ။

 

SCEF ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ပြီး ၂၀၂၆ ခုနှစ်၏ ဒုတိယပိုင်းကာလအတွင်း မြန်မာ့တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်မှန်သော ပူးတွဲစစ်ဦးစီးချုပ်များကော်မတီကို တည်ထောင်နိုင်မည့် နိုင်ငံရေးဆန္ဒကို ဖော်ထုတ်နိုင်မည်လော၊ ထို့နောက် အချိန်နှောင်းသွားပြီဖြစ်သည့် နိုင်ငံလုံးဆိုင်ရာ မဟာဗျူဟာကြီးတရပ်ကို ရေးဆွဲနိုင်မည်လော ဆိုသည်မှာမူ အဖြေမထွက်နိုင်သေးပဲ အငြင်းပွားဖွယ်ရာသာ ဖြစ်နေဆဲဖြစ်သည်ဟု ရေးသားထားသည်။

 

စစ်ခေါင်းဆောင်များသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် "ရိုးရှင်းသည့် နည်းလမ်း" များ ဖြစ်သည့် တပ်အင်အားဖြည့်တင်းခြင်း၊ နိုင်ငံရေးအရ သွေးခွဲခြင်းများ ကိုပဲ လုပ်နိုင်စွမ်း ရှိနေသည်။ ယင်းသည် စစ်ရေးဗျူဟာ အသာစီး ရ နေခြင်းမျိုး မဟုတ်ဘဲ၊ အာဏာရှင်ဆန်ဆန် တွန်းအားပေးမှုကို အခြေခံထားတာ ဖြစ်သည့် အတွက် ရေရှည် တွင် ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆို သည်က မေးခွန်းထုတ်စရာ ဖြစ်လာသည်။

 

တော်လှန်ရေးအင်အားစု များ အနေဖြင့် "နိုင်ငံရေးအရ စည်းလုံးမှု" ကို စစ်ရေးအရ "စနစ်တကျ ပေါင်းစပ်မှု" အဖြစ် ပြောင်းလဲနိုင်မလားဆိုသည်ကသာ အောင်ပွဲအတွက် အဓိကသော့ချက် ဖြစ်လာ ပေမည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!