ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိကြောင်း သက်သေ မပြနိုင်ပဲ အဘယ်ကြောင့် စစ်အုပ်စု နှင့် ဆက်ဆံ နေရသနည်း

by Hla Soewai - Jul 26 2026

ထိုမေးခွန်းကို ဩစတေးလျှ Curtin University မှ ဒေါ်ထွေး‌ထွေး သိန်းက ယူကေ၏ The Conversation တွင် ယခုလို မေးခွန်းထုတ်လာခဲ့သည်။ နှစ်စဉ် နှစ်တိုင်းလို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဒေသတွင်း ကိစ္စရပ်များကို ‌‌ဆွေးနွေးလေ့ ရှိသော်လည်း ပြင်ပ မှ အထင်ကရ ပုဂ္ဂိုလ်များကိုပါ အပါဆွဲခေါ် လေ့ ရှိသည်။

 

ယခု အပတ် မနီလာ တွင် လုပ်သည့် အစည်းအဝေးကိုလည်း အမေရိကန်၊ တရုတ်၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြပေမည်။ ယူကရိန်း နိုင်ငံခြား ရေး ဝန်ကြီးလည်း ရောက်လာဖို့ ရှိနေသည်။ ၎င်းတို့အားလုံးလည်း ထိုသို့ တက်ရောက်ရန် အကြောင်းကိုယ်စီ ရှိနေကြသည်။

 

သို့သော် စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီး ဆိုသူက နှစ်‌ ပေါင်း များစွာ ကြာလာသည့် တိုင် ဖိတ်ကြားခံရသည့် အထဲ မပါဝင်ရှာပေ။ အာဆိယံသည် ၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့ ပြည်တွင်းစစ် ကို ဖြေရှင်းရန် ကြိုးပမ်းရမည် ဆိုသည့် ဖိအားများနှင့် တိုး၍ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် တပတ်ကလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ဘန်ကောက်မြို့၌ မြန်မာမှ တာဝန်ရှိသူ တင်မောင်ဆွေနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ခြင်းဖြင့် ပြောစရာ ဖြစ်ခဲ့ရသည်။

 

ဤသည်ကလည်း စစ် အုပ်စု သည် လွတ်လပ်ပြီး တရားမျှတမှုမရှိဟု အများက လက်မခံခဲ့သော ရွေးကောက်ပွဲမျိုးဖြင့် နိုင်ငံတကာ၏ တရားဝင်မှုကို ရယူရန် မကြာသေးမီက ကြိုးပမ်းခဲ့မှု နှင့် ဆက်စပ်နေသည်။

 

လူ့အခွင့်အ ရေး တက်ကြွလှုပ်ရှားသူများက ထိုသို့ လက်ခံ တွေ့ဆုံခဲ့သည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသော်လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇာရို ကမူ စစ်ပွဲကို အဆုံးသတ်ရန်အတွက် တိုက်ရိုက်သံတမန်ရေးရာ ဆက်သွယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

 

ထိုအစည်းအဝေးက အဘယ်ကြောင့် အရေးကြီး ပြောဖို့ဆိုဖို့ ဖြစ်လာရသနည်း။ ယင်းသည် လမ်းကြောင်းပြောင်းလဲမှုကို ညွှန်ပြနေ၍ ဖြစ်သည်။ လေ့လာသုံးသပ်သူတစ်ဦးက နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ နှင့် အတူ မင်းအောင်လှိုင် ဘေးချင်းယှဉ်ရပ်နိုင်စေမည့် “သံတမန်ရေးရာ ကကြိုးကကွက်” ဟု ပြောဆိုခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ကျွမ်းကျင်သူများအဖွဲ့၏ အထူးအကြံပေးကောင်စီ ကတော့ ဖိလစ်ပိုင်အနေဖြင့် ဒီအစည်းအဝေးကို ကိုင်တွယ်ပုံဟာ “ကြောက်ရွံ့မှုနဲ့ ဆုံးဖြတ်ချက် ညံ့ဖျင်းမှုတို့ ပေါင်းစပ်သွားရာမှ ထွက်ပေါ်လာသည့် ဆိုးဝါးလှသော လုပ်ရပ်တခု” ဖြစ်ကြောင်း ထုတ်ဖေါ် ‌ပြောဆိုခဲ့ကြသည်။

 

အာဆီယံသည် စစ်အုပ်စု ထံမှ အလျှော့ပေးမှု တခုတလေကိုမျှ ပြန်မရဘဲ ၎င်းတို့၏ အကြမ်းဖက်မှုကို ဆုလာဘ်ချီးမြှင့်နေကြောင်း စွပ်စွဲခဲ့သည်။ အမှန်တကယ်လည်းဘန်ကောက် တွင် အစည်းအဝေး ကျင်းပနေစဉ် မှာပင် ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အမျိုးသမီး နှစ်ဦး သေဆုံးပြီး အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

 

အာဆီယံအတွက် လက်ရှိရင်ဆိုင်ရမည့် အဓိက စမ်းသပ်ချက်မှာ စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်၍ ၂၀၂၁ တွင် သဘောတူညီခဲ့ကြသည့် ၎င်းတို့၏ ကိုယ်ပိုင် “ဘုံ ငါးချက်သဘောတူညီမှု ” ကို ဆက်လက် ခိုင်မာစွာ ကိုင်စွဲ ဖို့ ရှိမရှိ ဆိုသည့် အချက်ပင် ဖြစ်သည်။ ဝေဖန်သူများက မြန်မာနိုင်ငံနှင့် လက်ရှိအချိန်တွင် ထိတွေ့ဆက်ဆံခြင်းသည် အဆိုပါ အစီအစဉ်ကို ဆက်လက် လျစ်လျူရှုရန်အတွက် စစ်အုပ်စုအား ထွက် ပေါက် ပေးသလို ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

 

ထိတွေ့ဆက်ဆံမှု အမှန်တကယ် အလုပ်ဖြစ်စေရန်အတွက် အာဆီယံအနေဖြင့် ဗိုလ်ချုပ်များဘက်ကသာမက ဘက်ပေါင်းစုံကို မျှတစွာ ဆက်ဆံရန် လိုအပ်သည်။

 

လာဇာရိုသည် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနှင့် ဘန်ကောက်တွင် တွေ့ဆုံပြီး နောက်တရက်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံခဲ့သည်။

 

သို့သော်လည်း မြန်မာ့အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ ကိုမူ ယင်းဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်း မရှိခဲ့ပေ။ ရက် အနည်းငယ် အကြာမှသာ လာဇာရိုသည် အွန်လိုင်း မှ တဆင့် ဆွေးနွေးမှု ကို အကျဉ်းရုံး ပြုလုပ်နိုင်ခဲ့ပုံရသည်။

 

အာဏာရှင်စနစ်ကို ဆန့်ကျင်သူများကလည်း စစ်ကောင်စီကို ထောက်ပံ့ကူညီပေးနေမှုအတွက် တရုတ်နိုင်ငံကို အပြစ်တင်ကြသည်။ ပြီးခဲ့သည့်လက ဘီဂျင်းက စစ်အစိုးရအား အာဆီယံတွင် “အပြည့်အဝ ပူးပေါင်းပါဝင်ခွင့်” ရရန် တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ယခုအပတ် မနီလာမြို့တွင် ပြုလုပ်မည့် အစည်းအဝေးအတွင်း အာဆီယံအုပ်စုအပေါ် ထိုကိစ္စ အပေါ် ပိုမိုဖိအားပေးရန် ကြိုးပမ်းလာဖွယ်ရှိသည်။

 

ထို အရေး ကိစ္စများ အားလုံး အပေါ် နောက်ကွယ်မှ ကြီးမားပြီး အဖြေမရသေးတဲ့ မေးခွန်းတခု လွှမ်းမိုးနေဆဲဖြစ်သည်။ ဤသည်က ဒေါ် အောင်ဆန်းစုကြည် အသက်ရှင်လျက် ကျန်းမာစွာ ရှိနေပါသလား ဆိုသည်ပင် ဖြစ်သည်။

 

သားဖြစ်သူ ကင်မ်အာရစ် က ၂၀၂၃ အတွင်း မိခင် ဖြစ်သူထံမှ စာတစောင်သာ ရရှိခဲ့ဖူးပြီး ထိုအချိန်မှစ၍ ယနေ့တိုင် မည်သည့်သတင်းမှ မရရှိတော့ကြောင်း ပြောကြားခဲ့သည်။ သူမ၏ ရှေ့နေများသည်လည်း ၂၀၂၂ ခုနှစ်ကတည်းက စကားပြောခွင့် မရရှိခဲ့ပေ။

 

ကင် ၏ တောင်းဆိုချက်က ရိုးရှင်းလှသည် - မိခင်ဖြစ်သူ ကျန်းမာစွာ ရှိကြောင်း ယုံကြည်နိုင် လောက်သည့် အထောက်အထားပြရန်သာ ဖြစ်သည်။ စစ်အုပ်စု က သူမ ကျန်းမာရေးကောင်းမွန်နေကြောင်း၊ သူမရဲ့ ထောင်ဒဏ် ၂၇ နှစ်ကို လျှော့ချပေးခဲ့ပြီးဖြစ်ကာ ယခုအခါ အိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း ပြောလာကြသည်။ သို့ပေသည့် ၎င်းတို့ ပြောဆိုသမျှ အားလုံး မှန်ကန်ကြောင်း လွတ်လပ်စွာ စိစစ်အတည်ပြုနိုင်သည့် မည်သည့်အထောက်အထားကိုမျှ ၎င်းတို့က တစုံတရာ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။

 

သူမ အသက်ရှင်နေကြောင်းပင် မည်သူမျှ အတည်မပြုနိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဘယ်သို့များ အလေးအနက်ထား လုပ်ဆောင် နိုင်ပေမည်နည်း။ အာဆီယံအနေဖြင့် သူမ၏ ကျန်းမာရေးနှင့် လုံခြုံမှုအတွက် တိကျမှန်ကန်သော အဖြေများကို မရရှိမချင်း စစ်အုပ်စုနှင့် တိုးတက်မှု ရှိလာသည်ဟူသော ၎င်းတို့၏ ပြောဆိုချက်များသည် အနှစ်သာရကင်းမဲ့နေမည်သာ ဖြစ်သည်။

 

စစ်အုပ်စု နှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် အနှစ်သာရရှိရန်အတွက် အချက်သုံးချက် ဖြစ်လာရန် လိုအပ်သည်။

 

ပြည်တွင်းစစ်တွင် ပါဝင်နေကြသည့် ဘက်ပေါင်းစုံမှ (ဗိုလ်ချုပ်များသာမကဘဲ) ဆွေးနွေးပွဲစားပွဲဝိုင်းတွင် နေရာ ရ ရမည်။ ဘက်အသီးသီးက ကတိကဝတ်ပြုရုံသာမကဘဲ အကြမ်းဖက်မှုများကိုပါ ရပ်တန့်ရမည်။ ထို့ပြင် စစ်အုပ်စုက အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း လွတ်လပ်သော အထောက်အထားကို တင်ပြရမည်။

 

အဆိုပါ အချက်သုံးချက်စလုံး မပါရှိပါက ထိတွေ့ဆက်ဆံမှုသည် အကူအညီဖြစ် လာမည် မဟုတ်သည့် အပြင် စစ်အုပ်စု ထံမှ အဓိပ္ပာယ်ရှိသည့် တစုံတရာ ပြန်လည်ပေးဆပ်ရန် တောင်းဆိုခြင်းမရှိ ပါကလည်း ၎င်းတို့ အား အကာအကွယ်ပေးသကဲ့သို့ ဖြစ်သွားနိုင်ပြီး အခြေအနေများ ပိုမိုဆိုးရွားသွားစေနိုင်သည် ဟု ရေးသားထားသည်ကို ကောက်နှုတ် တင်ပြပါသည်။

 

ဆောင်းပါးရှင် ရေးသကဲ့သို့ပင် လူထု၏ အားကိုး ယုံကြည်ထားသော ခေါင်းဆောင်တဦး၏ အသက်ရှင် ကျန်းမာ‌ နေသည် ကိုမျှပင် လွတ်လပ်စွာ အတည်မပြုနိုင်သေးဘဲ အမှောင်ဖုံးနေခြင်းသည် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တခုလုံးအပေါ် ယုံကြည်ကိုးစားမှုကို အကြီးအကျယ် ကျဆင်းစေမည်က အမှန်ပင် ဖြစ်သည်။

 

တရုတ်က အာဆီယံအတွင်း စစ်အုပ်စု ပါဝင်ခွင့်ရရန် တွန်းအားပေးနေခြင်းသည်ကပင် အာဆီယံကို ခုတုံး လုပ်၍ ၎င်းတို့၏ ဒေသတွင်း မဟာဗျူဟာမြောက် အကျိုးစီးပွားများနှင့် ပထဝီနိုင်ငံရေး အရ ဩဇာလွှမ်းမိုးနိုင်ရန် ကို ကြိုးပမ်းလာနေသည့် သဘောကို ပြသနေပေသည်။ တရုတ်၏ မွေးစားသား စစ်အုပ်စု ပါလာမည် ဆိုက အာဆီယံ နှင့် ပြဿနာ ဖြစ် နေသော တောင်တရုတ် ပင်လယ် အရေးတွင်လည်း မည်သို့မျှ ဘုံရပ်တည်ချက် ထွက်ရှိလာတော့မည် မဟုတ်သည်ကိုလည်း သတိချပ်ဖို့ လိုပေသည်။

 

နောက်ဆုံး ရရှိသော သတင်းအရ ထိုင်းမှ မင်းအောင်လှိုင်အား တက်ခွင့်ရဖို့ တွန်းတွန်းတိုက်တိုက် လုပ်နေသော်လည်း စင်္ကာပူက ကြံ့ကြံ့ခံ ငြင်းဆန်နေကြပြီး ကျန်နိုင်ငံများက ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်ဖြင့် ရှိနေကြသည်ဟု သိရသည်။ အဖွဲ့ဝင် ၁၁ နိုင်ငံခြား တစုတဝေးထဲ သဘောတူညီဖို့ ဆိုသည်က ‌အလှမ်းဝေးနေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!