တနင်္လာနေ့က အိန္ဒိယ ရှိ မြို့ကြီးများစွာတွင် ကျောင်းသား ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားလာခဲ့သည်၊ နယူးဒေလီမြို့၌ ဆန္ဒပြသူ ၁၀၀,၀၀၀ ကျော် ပါလီမန်ရှေ့သို့ ချီတက်ခဲ့ကြ၍ ဝန်ကြီးချုပ် နရန်ဒြာမိုဒီ၏ အာဏာရ ဘာတီယာဂျာနာတာပါတီ (BJP) အတွက် နှစ်ပေါင်းများအတွင်း ရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ပညာရေးဝန်ကြီး ဒါမန်ဒြာပရာဒန်နှင့် ဝန်ကြီးချုပ် မိုဒီတို့ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည့် ယင်းဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့သည်ဟူသော သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။
မေလ အတွင်း က အိန္ဒိယ၏ အလွန်ခဲရာခဲစစ် နိုင်လှသော ဆေးတက္ကသိုလ် ဝင်ခွင့် စာမေးပွဲမေးခွန်း တ စောင် ပေါက်ကြားခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီး ကျောင်းသား ကျောင်းသူပေါင်း ၂ သန်းကျော် ထိခိုက်နစ်နာခဲ့ရသည့် အတွက် ဤလှုပ်ရှားမှု စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတဝန်းရှိ လူငယ်များသည် ဤစာမေးပွဲများအတွက် လပေါင်းများစွာကြာအောင် အပတ်တကုတ်ပြင်ဆင်ခဲ့ကြရပြီး ပုဂ္ဂလိက ကျူရှင်ခများနှင့် စာမေးပွဲဖြေဆိုရန် ခရီးစရိတ်များအတွက် ငွေကြေးများ ပုံအောသုံးစွဲကြရလေ့ရှိသည်။
ထိုလမှာပင် တရားရုံးချုပ်၏ တရားသူကြီးချုပ်က ဒီဂရီ "အတု" လုပ်ထားကြသည့် လူငယ်များကို "ပိုးဟပ်များ" ဟု မပြောသင့် မပြောထိုက်သည့် စကားတခွန်း ပြောဆိုခဲ့သည့် အတွက် ကြောင့် BJP ပါတီ၏ အမည်ကို အခြေခံကာ "ပိုးဟပ်ဂျာနာတာပါတီ" ဟု အမည်ပေးထားသည့် အွန်လိုင်းမှ ပြက်လုံးထုတ်သည့် နိုင်ငံရေးအဖွဲ့အစည်းတခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် လှုပ်ရှားမှုတခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မေးခွန်းပေါက်ကြားပြီးနောက် ကျောင်းသား အနည်းဆုံး ၁၁ ဦး သတ်သေသွားခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အစိုးရအနေဖြင့် "အလုပ်အကိုင် မဖန်တီးနိုင်သော" စီးပွားရေးတိုးတက်မှု jobless growth ကြောင့် နှစ်ပေါင်းများစွာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော နိုင်ငံတနိုင်ငံတွင် မေးခွန်းပေါက်ကြားမှုများက အိန္ဒိယကျောင်းသားများ၏ အနာဂတ်အပေါ် ရင်မောစရာများ ဖြစ်စေခဲ့သည်မှာ ယခုတကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ။ ကျောင်းသားများသည် တင်းကျပ်သော လုံခြုံရေးအောက်တွင် ဇွန်လ၌ စာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့ကြရသည်။
အသက် ၂၈ နှစ်အရွယ် ကျောင်းသားတဦးသည် ဆန္ဒပြသူများအကြား ရေပန်းစားလာသည့် ၁၈ ရာစု နက္ခတ်တာရာ လေ့လာရေးစခန်းဘေးတွင် ကျောပိုးအိတ်ကိုမှီကာ အစာငတ်ခံ ဆန္ဒပြနေသည်။ “ပညာရေးဆိုတာ ရေနဲ့တူပါတယ်” ဟု ၎င်းက ဆိုသည်။ ပညာရေးသည် ရေကဲ့သို့ လူတိုင်း ရရှိခံစားသင့်သည့် အခြေခံလိုအပ်ချက်တခု ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် ပညာရေး ဝန်ကြီး ပရာဒန်က ဆန္ဒပြသူများ၏ တောင်းဆိုချက်အပေါ် X (တွစ်တာ) မှ နေ၍ တုန့်ပြန် ခဲ့ရာ၌ ၎င်းက နုတ်ထွက်ရန် တောင်းဆိုမှုကိုမူ ပယ်ချခဲ့ပြီး “အဖြေများ၊ ပြုပြင်ပြောင်းလဲမှုများနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု” ရှိမည်ဟု ကတိပြုခဲ့သည်။
အတိုက်အခံပါတီကြီးဖြစ်သော ကွန်ဂရက်ပါတီ၏ ခေါင်းဆောင် ရာဟူး ဂန္ဒီကလည်း ဝန်ကြီးချုပ် နရန်ဒြာမိုဒီ၏ နေအိမ်အပြင်ဘက်တွင် ဆန္ဒပြခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ ခေတ္တထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၎င်းက “အိန္ဒိယနိုင်ငံ လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးခဲ့ခြင်းအတွက်” ဝန်ကြီးချုပ်အနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန်လည်း တောင်းဆိုထားသည်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်ခဲ့သည်။ အိန္ဒိယ၏ နာမည်ကျော် အစိုးရ နှင့် သဘောကွဲလွဲသူ ယက်ရှ် က စင်ပေါ်မှ နေ၍ လူအုပ်ကြီးကို ဘာရက် မာတာ ကီ ဂျေး (“မိခင်အိန္ဒိယ ရှည်ကြာစွာ တည်တံ့ပါစေ”) ကဲ့သို့သော အပြစ်ကင်း သည့် ကြွေးကြော်သံများဖြင့် ဦးဆောင်ကြွေးကြော်ခဲ့ကြသည်။ ကျောင်းသားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များကို တင်းတင်းဆုပ်ကိုင်ထားကြပြီး နိုင်ငံတော်အလံများကို လွှင့်ထူခဲ့ကြသည်။ သို့သော် နေ့လယ်ပိုင်းသို့ ရောက်သောအခါ လေထုထဲတွင် မျက်ရည်ယိုဗုံးများ ပြည့်နှက်သွားခဲ့ပြီး ညနေပိုင်းတွင် လူငယ် အနည်းဆုံး ၆၀ ခန့်မှာ အဓိကရုဏ်း နှိမ်နှင်းရေးရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကို ခံခဲ့ကြရသည်။ ဒေလီ မြို့လယ်တွင် အင်တာနက်လိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။
မရည်ရွယ်ဘဲ ပေါ်ထွက်လာသော ဆန္ဒပြပွဲသို့ လူသောင်းနှင့်ချီ၍ ပူးပေါင်း လာခဲ့ကြသည်။ နောက်ပိုင်းတွင် ဦးဆောင်သူ ပေါ်ထွက်လာခဲ့ပြီး လူထုကလည်း နောက်မှ လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ လူဦးရေအများစုမှာ လူငယ်များဖြစ်ကြပြီး ခန့်မှန်းခြေအားဖြင့် ၆၅ ရာခိုင်နှုန်းမှာ အသက် ၃၅ နှစ်အောက် လူငယ်များ ဖြစ်ကြသည်။ လူငယ်အများစုမှာ မိမိတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေကြပြီး ၎င်းတို့ထဲမှ ၂၅ ရာခိုင်နှုန်းနီးပါးမှာ ကောလိပ်တက်နေခြင်း၊ အလုပ်အကိုင်ရှိခြင်း သို့မဟုတ် သင်တန်းတက်ရောက်နေခြင်း မရှိကြပေ။
စာသင်ခန်းထဲတွင် ရှိနေကြသူများမှာလည်း အလွတ်ကျက်မှတ်ရသည့် ပညာရေးစနစ်နှင့် ခေတ်နောက်ကျနေသော ဖတ်စာအုပ်များကို ရင်ဆိုင်နေကြရသည်။ နိုင်ငံရေးသမားများအနေဖြင့် ပညာတတ်မျိုးဆက်သစ်တရပ်က အိန္ဒိယနိုင်ငံအတွက် “လူဦးရေဆိုင်ရာ အမြတ်အစွန်း” ကို ရရှိစေလိမ့်မည်ဟု မျှော်လင့်နေကြသော်လည်း ပညာရေး အတွက်ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးနေသေးသည်။ အိန္ဒိယနိုင်ငံသည် ပြည်သူ့ပညာရေးအတွက် ဂျီဒီပီ (GDP) ၏ ၆ ရာခိုင်နှုန်းကို သုံးစွဲရန် ရည်မှန်းချက်ထားရှိသော်လည်း လက်ရှိသုံးစွဲနေမှုမှာ ၄ ရာခိုင်နှုန်းခန့်သာ ရှိနေသည်။
ပိုးဟပ်အများစုအတွက် အကြီးမားဆုံး လိမ်လည်လှည့်ဖြားခံရမှုမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများပင် ဖြစ်သည်။ အလယ်အလတ်တန်းစား အိန္ဒိယလူမျိုးများ၏ မျှော်မှန်းချက်များသည် ကောင်းမွန်သော ကောလိပ်များသို့ ဝင်ခွင့်ရရှိရန် ရည်ရွယ်သည့် အပြင်းအထန် ကြိုးစားခဲ့ကြရသည်။ ငွေကုန်ကြေးကျများသော ကျူရှင်ယဉ်ကျေးမှုကို အာဟာရဖြည့်ပေးနေသည်။ ဤသို့ဖြင့် စာမေးပွဲမေးခွန်း ပေါက်ကြားမှု များကို အားပေးအားမြှောက် သလို ဖြစ်စေခဲ့သည်။
ဆရာ၊ ဆရာမများ၊ အစိုးရအရာရှိများနှင့် အဆက်အသွယ်ကောင်းကြသော စာမေးပွဲဖြေဆိုသူများသည် ဤစနစ်မှ အမြတ်ထုတ်ရန်အတွက် ပူးပေါင်းကြံစည်လာကြသည်။ မေလအတွင်းက မေးခွန်းပေါက်ကြားမှုကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့် ဖြေဆိုမည့်သူ ၂ ဒသမ ၂ သန်းရှိ ကျောင်းသားတို့ နှစ်ပေါင်းများစွာ ကြိုးစားကျက်မှတ်ခဲ့ရသည့် စာမေးပွဲကို ဖျက်သိမ်းခဲ့ရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မေးခွန်းပေါက်ကြားမှု အကြိမ်ရေ ၁၀၀ နီးပါး ရှိခဲ့သော်လည်း အပြစ်ရှိသူ ဟူ၍ နှစ်ဦးသာ ထွက်ပေါ်ခဲ့သည်။
ဝန်ကြီးချုပ် မိုဒီသည် ယခု အချိန်အထိ ဆန္ဒပြမှုများနှင့် ပတ်သက်၍ တုန်လှုပ်ခြင်း ရှိပုံ မရသေးဘဲ စာမေးပွဲမေးခွန်း ပေါက်ကြားသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုသာ ကတိပြုခဲ့သည်။ ပိုးဟပ်လှုပ်ရှားမှုသည်လည်း မည်သည့်အရာများကို မျှော်လင့် နေသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ၎င်းကို တည်ထောင်သူ အဘီဂျစ် ဒီပ်ကီ က မကြာသေးမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့ရှိ ဂျင်ဇီး မျိုးဆက် ဆန္ဒပြသူများ လျှောက်လှမ်းခဲ့သည့် တော်လှန်ရေးလမ်းစဉ်ကို ရှောင်ကြဉ်သည်ဟု ဆိုသည်။ ၎င်း၏ တောင်းဆိုချက်များမှာ ရိုးရှင်းလှပြီး ပညာရေးဝန်ကြီးကို ရာထူးမှ ဖယ်ရှားပေးရန်၊ စာမေးပွဲနှင့်ဆက်စပ်သော သတ်သေမှုများကြောင့် သားသမီးများကို ဆုံးရှုံးခဲ့ရသည့် မိသားစုများကို ထောက်ပံ့ကြေးပေးရန်နှင့် အဓိကအစာငတ်ခံ ဆန္ဒပြနေသူ မစ္စတာ ဝမ်ချပ်ကို ပြန်လွှတ်ပေးရန်တို့ ဖြစ်ကြသည်။
၎င်း ပြောသည့် ဆိုနမ် ဝမ်ချပ်သည် အစာငတ်ခံ ဆန္ဒပြလာခဲ့ရာ ဇူလိုင်လ ၁၈ ရက်နေ့ တွင် ၂၁ ရက် ထိ ရှိလာခဲ့သည်။ ထိုနေ့တွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များ ရောက်လာကြပြီး ၎င်း၏ အားနည်းချိနဲ့နေသည့်ကိုယ်ခန္ဓာ ကိုယ်ပေါ်သို့ အဖြူရောင် အဝတ်စများခြုံ ပေးပြီး ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ၎င်းသည် အစာငတ်ခံ ဆန္ဒပြသူများ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ယက်ရှ် က ပိုးဟပ်များသည် နိုင်ငံရေးပါတီတခု ဖွဲ့စည်းသင့်သည်ဟူသော အကြံဉာဏ်ကို ငြင်းပယ်လိုက်သည်။ ပါတီများနှင့် ဖိအားပေးအုပ်စုများ အကြား ကွာခြားချက်ကို ရှင်းပြရန် သူ၏ ကျောပိုးအိတ်ထဲမှ နိုင်ငံသား ပညာ ပေး သင်ရိုးညွှန်းတမ်း စာအုပ်ကို ထုတ်ကာ ဖိအားပေးအုပ်စုများသည် အာဏာပိုင်များကို အမြဲတမ်း သတိရှိနေစေရန်အတွက် အမြဲ လိုအပ်နေမည်ဖြစ်ကြောင်း သူက ဆိုသည်။ ပိုးဟပ်လှုပ်ရှားမှုသည် ယင်းကို လက်တွေ့ဖော်ဆောင်လျက် ရှိနေပြီဖြစ်သည်။
(အီကောနော်မစ် မဂ္ဂဇင်း နှင့် နစ်ကီအေးရှား စာစောင်များမှ ကိုးကားသည်။)