မင်းအောင်လှိုင်သည် အာဆီယံ ထိပ်သီး အစည်းအဝေး ကို တက်ပြီး အခြားသော နိုင်ငံ ခေါင်းဆောင် အစစ်အမှန်များ နှင့် ပုခုံးချင်း ယှဉ်ထိုင် လက်ချင်းချိတ်ချင် နေသည်မှာ တပိုင်း သေနေသော်လည်း ထိုသို့ ဖြစ်လာဖို့ ပထမဆုံး အနေနှင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ကြား ရှိ နေကြောင်း ကြားလူ များ စီစစ်၍ ရမည့် အထောက်အထားများ ပြဖို့ အာဆီယံ ၏ တောင်းဆိုမှုကို ပေလျာလကံ လုပ်နေသည်ကို ကြည့်ပြီး သူမ တကယ်မှ ရှိနေသေးရဲ့လား ဟု စိုးရိမ်ပူပန်မှု များ မြင့်တက်လာနေကြသည်။
ထိုအရေး နှင့် ပတ်သက်၍ ဒိုမိနစ် ဖော်လ်ဒါက နစ်ကီ အေးရှား တွင် ယခုလို ရေးသားလာခဲ့သည်။
ဧပြီလတွင် မင်းအောင်လှိုင်က သမ္မတ ဦးဝင်းမြင့်ကို အခြေအနေသတ်မှတ်ချက်များနှင့် ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့သော် သူမအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သလို သူမ၏ မိသားစုဝင်များ၊ ရှေ့နေများ၊ သံတမန်များ သို့မဟုတ် ကြက်ခြေနီအပြည်ပြည်ဆိုင်ရာကော်မတီ (ICRC) ကဲ့သို့သော ကြားလူများကိုပင် သွားရောက်တွေ့ဆုံခွင့်ကိုလည်း ခွင့်မပြုခဲ့ပေ။
ဇူလိုင် ၁၂ ရက်နေ့ ဘန်ကောက်တွင် ပြုလုပ်ခဲ့သော မြန်မာ အရေး အလွတ်သဘော ဆွေးနွေးပွဲ သို့ ရောက်လာသော စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီး တင်မောင်ဆွေ အပြောကို အာဆီယံ ဥက္ကဌ ဖြစ်သူ မစ္စက် လာဇာရို ထံမှသာ သွယ်ဝိုက်သော နည်း ဖြင့်သာ သိရှိခဲ့ရသည်။
"သူ့ အပြောကို မှတ်မိသလောက် ပြန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေပြီး၊ သူပြောခဲ့တဲ့ အဓိပ္ပာယ်ကတော့ သူမဟာ ဆွေမျိုးသားချင်းတဦးလိုဖြစ်ပြီး အမတစ်ယောက်လိုပါပဲ၊ ဒါကြောင့် ကျွန် တော် တို့က သူ့ကို စောင့်ရှောက်သွားမှာပါဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်" ဟု သတင်းထောက်များကို ပြန်ပြောပြခဲ့သည်။
သူမနှင့် တွေ့ဆုံခွင့် ရရန် လာဇာရို သာမက ကုလ အတွင်းရေးမှုးချုပ် ၏ အထူး သံတမန် ဂျူလီ ဘစ်ရှော့၊ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး သိဟစက် ဖွမ်းကိတ်ကျိုး နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တို့လည်း တောင်းဆိုခဲ့ပြီး ဖြစ်သည်။
ဧရာဝတီ သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလနှောင်းပိုင်းက သူမ၏ နေအိမ်အသစ်တွင် လျို့ဝှက် တွေ့ဆုံခွင့် ရခဲ့သည် ဆိုသော်လည်း ဘီဂျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျန်ကျဲ့ပန် ကမူ ထိုသတင်းကို အတည်ပြုပေးခြင်း မရှိခဲ့ပေ။ လေ့လာသူတစ်ဦး၏ အဆိုအရ သူ့၏ အပြောမှာ မသေချာမရေရာ နှင့် ဖြစ်နေပြီး ရည်ရွယ်ချက် ရှိရှိ နှင့် ဝိုးတဝါး ဖြစ် အောင် ပြောခဲ့သည် ဟု ဖော်ပြခံခဲ့ရသည်။
ထိုင်းဖက်မှ ဝါရင့် သံတမန်များကမူ ထိုကဲ့သို့ အစည်းအဝေးတကယ်တမ်း ဖြစ်ပွားခဲ့ခြင်း ရှိမရှိနှင့် ပတ်သက်၍ သံသယရှိကြောင်း နစ်ကီ အေးရှား သတင်းဌာနသို့ ပြောပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝမ်ယိတို့ အတူရှိနေသည်ဟု ယူဆရသော ကြည်လင်ပြတ်သားမှုမရှိသည့် ရုပ်သံဖိုင်ကို အေအက်ဖ်ပီ သတင်းဌာနက စစ်ဆေးခဲ့ရာ အတုအယောင်ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အသေအချာ တွေ့ဆုံခဲ့ဖူးသည့် နောက်ဆုံးနိုင်ငံခြားသားမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန် ပရာမူဝီနိုင်း ဖြစ်သည်။ ဂျာကာတာမြို့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေး မတိုင်မီလေးတွင် နေပြည်တော်ရှိ လျှို့ဝှက်နေရာ တခု၌ သူမနှင့် တနာရီကြာ တွေ့ဆုံခဲ့ပြီး သူမ၏ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခု အခါ ရောဂါဝေဒနာ ခံစားနေရ ပြီ ဖြစ်သော ပရာမူ ဝီနိုင်းသည် နစ်ကီ အေးရှား ၏ ဆက်သွယ်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
"ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေ ဘယ်လောက်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို သိရှိလိုကြောင်း တောင်းဆိုနေပါစေ၊ မင်းအောင်လှိုင်က ဂရုစိုက်မှာ မဟုတ်သလို သူမကိုလည်း ပြသမှာ မဟုတ်ပါဘူး" ဟု ထိုင်းနိုင်ငံတွင် နေထိုင်နေပြီဖြစ်သော နေပြည်တော်မှ စစ်ဖက်ထောက်လှမ်းရေးအရာရှိဟောင်းတဦးက နစ်ကီ အေးရှားသို့ပြောကြားခဲ့သည်။ "သူကြောက်ရတဲ့ တရုတ်နိုင်ငံအပြင် သူဂရုစိုက်ရတဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ အာဆီယံတို့ရဲ့ သတင်းထုတ်ပြန်ပေးဖို့ ဒါမှမဟုတ် သူမနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုချက်တွေကိုတောင် သူငြင်းဆန်နေတယ်ဆိုရင်တော့ သူမ အသက်ရှင်လျက် ရှိသေးရဲ့လားဆိုတာဟာ သံသယဖြစ်စရာ ကောင်းလာပါတယ်" ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော နှစ် ၃၇ နှစ်အတွင်း ထက်ဝက်ကျော်ကို အကျဉ်းကျခံရသည့် အကြိမ်လေးကြိမ်ဖြင့် တဦးတည်း ကုန်ဆုံးခဲ့ရပြီး အများစုမှာ ရန်ကုန်မြို့ရှိ နေအိမ်အကျယ်ချုပ်ဖြင့် ဖြစ်သည်။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ ပထမအကြိမ်ဖြစ်သည့် ၅ နှစ်နှင့် ၃၅၅ ရက်ကြာ ထိန်းသိမ်းခံရမှုမှာ ၂၀ ရာစု၏ အရှည်ကြာဆုံး နေအိမ်အကျယ်ချုပ် ဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သူမအား ထိန်းသိမ်းခဲ့ရာတွင် အများစုမှာ လေအေးပေးစက် မပါရှိသည့် နေပြည်တော် အကျဉ်းထောင်တွင်းရှိ ရိုးစင်းသော အဆောက်အအုံငယ်တခုတွင် ဖြစ်သည်။
သူမ၏ အကြံပေးများနှင့် ဆွေမျိုးသားချင်းများ၏ အဆိုအရ သူမသည် အစားအသောက် အဆိပ်သင့်ခြင်းကို ခံစားခဲ့ရပြီး လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု၊ အထူးသဖြင့် သွားနှင့်ခံတွင်း ဆေးကုသမှုများကို ငြင်းပယ်ခံခဲ့ရသည်။
မစ္စဝာာ ရှောင် တာနယ်သည် သူမ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ "ကံဆိုးစွာနဲ့ပဲ၊ ယုတ္တိရှိရှိ စဉ်းစားလို့ရတဲ့ အဖြေတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တခုခု မူမမှန်ဖြစ်နေပြီဆိုတဲ့ အချက်ပါပဲ" ဟု ၎င်းက ဆိုသည်။
"သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက လူတွေကို ထိတ်လန့်စေပြီး ဒေါသထွက်စေနိုင်တာ၊ သူမရဲ့ ရဲဝံ့ပြတ်သားမှုက အားတက်စရာ ဖြစ်စေနိုင်တာ၊ ဒါမှမဟုတ် သူမရဲ့ ပုံရိပ်သက်သက်ကကိုပဲ သူတို့ကို ဆက်ပြီး ခြောက်လှမ်းနေတာ ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့်တော့ သူမ အသက်ရှင်မနေတော့ဘူး ဆိုတာကလည်း နောက်ထပ် ယုတ္တိရှိတဲ့ အဖြေတခု ဖြစ်ပါတယ်။"
"ဒါကလည်း ဖြစ်နိုင်ခြေနည်းတယ်လို့ ကျွန်တော်ထင်ခဲ့ဖူးပါတယ်။ အဲ့ဒီလိုသာဆိုရင် သေချာပေါက် ပေါက်ကြားလာမှာပါ — ဒါပေမဲ့ အခုတော့ အဲဒီလိုဖြစ်နိုင်ခြေက ပိုများလာပါပြီ။"
ဒေါ်အောင်ဆန်းစုကြည်၏ အငယ်ဆုံးသားဖြစ်သူ ကင်မ်အဲရစ်နှင့် အခြားသူများသည် အသက်ရှင်လျက်ရှိကြောင်း အထောက်အထားပြရန် လှုပ်ရှားလာခဲ့ကြသည်။ ကင် သည် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် အပါအဝင် အတော်များများထံမှ ထောက်ခံမှုကို ရရှိခဲ့သော်လည်း တစုံတရာ အကျိုးအမြတ် မရှိခဲ့ပေ။
"သူမ ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာကို အတိအကျ သိနိုင်မယ့်လမ်း လုံးဝမရှိပါဘူး" ဟု အဲရစ်က ပြောပြခဲ့သည်။ "ဒါက သူတို့ရဲ့ ကစားကွက်လို့ ကျွန်တော်ထင်ပါတယ် - ရေနောက်နိုင်သမျှ နောက်အောင် လုပ်ထားတာပါပဲ။ သူတို့က ဒါကို အရမ်းကြာကြာ လုပ်လာခဲ့ကြပြီး ဒီလိုလုပ်ရတာကိုလည်း သူတို့ ကျွမ်းကျင်ကြပါတယ်။"
"သမ္မတရာထူးကို ယူပြီး အစိုးရအသစ်ကို ဖွဲ့စည်းပြီးခါစမှာ မင်းအောင်လှိုင်အနေနဲ့ ပြေလည်အောင် ညှိနှိုင်းလိုတဲ့ အမူအရာတွေ ပြသဖို့ သင့်လျော်တဲ့ အချိန်လို့ မြင်လိမ့်မယ်လို့ သူ မထင်ပါဘူး" ဟု ကမ္ဘာ့လုံခြုံရေးနှင့် ကာကွယ်ရေး သတင်းအချက်အလက် ပလပ်ဖောင်းတစ်ခုဖြစ်သည့် Janes မှ လေ့လာသုံးသပ်သူ အန်သိုနီ ဒေးဗစ် က သုံးသပ်ထားသည်။
"သူ့အနေနဲ့ နေပြည်တော်မှာ အပြင်ပန်းက နိုင်ငံရေး အနှောင့်အယှက်ကြီးတွေ မရှိဘဲ သူ့ရဲ့ 'စနစ်သစ်' ရဲ့ တည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်ဖို့ကိုသာ ပိုပြီး အဓိက စိတ်ဝင်စားနေတာ သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ ပြန်လည် ဆွေးနွေးတာကတော့ ကြီးမားတဲ့ အနှောက်အယှက်တခု ဖြစ်လာစေမှာ သေချာပါတယ်" ဟု ပြောကြောင်း နစ်ကီ အေးရှား က ရေးသားထားခဲ့သည်။
မင်းအောင်လှိုင်သည် ယခု အခါ အာဆီယံ ၏ နောက်ဖေး တံခါးပေါက် ဖြစ်သော ထိုင်းသို့ ဝင်လာနိုင်ပြီ ဖြစ်၍ လက်ရှိ အနေအထားကို သွယ်ဝိုက်သော စကားလုံး များ ဖြင့် ဆက်၍ လှည့်ဖျား ထားနိုင်ပါက နောက်ဆုံး လက်လျော့သွားကြလိမ့်မည်ဟု ယူဆနေပြီ ဖြစ်သည်။
သို့သော် သူ့အတွက် ထိုင်း ခရီးစဉ် နှင့် ပတ်သက်ပြီး စိတ်ထဲ ခိုးလုခုလု ဖြစ်လာစရာ ရှိနေသည်က အက်ဘီအိုင် အကြီးအကဲ ကက်ရှ် ပါတဲလ် သည် ထိုင်း သို့ ရောက်ရှိလာပြီး ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူ နှင့် တွေ့ဆုံ၍ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ဆွေးနွေးသွားသည် ဆိုသော သတင်း ကြောင့် ဖြစ်သည်၊ ၎င်းကဲ့သို့ အရာရာ ကို စိုးရိမ်မကင်း ဖြစ်နေသူ အဖို့က ၎င်း ရောက်မလာခင် ဆွေးနွေးကြသည်က တိုက်ဆိုင်မှု ပေလော၊ ဒီထက် နက်ရှိုင်းသည့် အကြောင်းများ ရှိနေသ လော ဟု တွေးတောနေမည်က အသေအချာပင် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!