အီလွန် မတ်စ် ၏ အနာဂတ် ဟောကိန်း

by Hla Soewai - Jul 26 2026

အီလွန် မတ်စ်သည် လူသားတို့၏ အနာဂတ် နှင့် ပတ်သက်၍ အချက် သုံးချက်ကို ဟောကိန်း ထုတ်သွားခဲ့သည်။

 

(၁) ၅ နှစ်အတွင်း AI (ဉာဏ်ရည်တု) သည် လူသားများ၏ ဉာဏ်ရည်ကို ကျော်လွန်သွားလိမ့်မည်၊

(၂) ၁၀ နှစ်အတွင်း လုပ်ငန်းခွင်ရှိ စက်ရုပ်များသည် ငွေကြေးကို အဓိပ္ပာယ်မဲ့သွားစေလိမ့်မည်၊ 

(၃) နှစ် ၂၀ အတွင်း ဗြိတိန်နိုင်ငံသည် ပြည်တွင်းစစ် မီးလျှံထဲ ကျရောက်သွားလိမ့်မည်။ AI သည် နောက်ဆုံးတွင် အရာအားလုံးကိုနီးပါး ထိန်းချုပ်သွားလိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

 

ဘယ်လို အယူအဆ နဲ့ ပြောသွားတာပါလဲ။

 

အီကောနော်မစ် မဂ္ဂဇင်းအတွက် တက္ကဆပ်ပြည်နယ်ရှိ ၎င်း၏ ဧရာမ တက်စလာ စက်ရုံကြီးထဲတွင် မိနစ် ၉၀ ကြာ ပြုလုပ်ခဲ့သော အင်တာဗျူးအရ အီလွန်မတ်စ် က သူကိုယ်သူ ခေတ်သစ် ကက်ဆန်ဒြာ (Cassandra - ဂရိဒဏ္ဍာရီလာ နောင်ရေးကို မှန်ကန်စွာ ဟောကိန်းထုတ်နိုင်သော်လည်း မည်သူကမျှ မယုံကြည်ကြသူ) လို ဖြစ်နေ‌ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော် ပြောနေတာတွေ တကယ်ဖြစ်လာလိမ့်မယ်ဆိုတာ လူတွေ သဘောမပေါက်ကြဘူး” ဟု သူက ဆိုသည်။

 

ယုံသည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ပြီးခဲ့သည့်လက ကမ္ဘာ့ပထမဆုံး ထရီလီယံနာ အဖြစ် ခဏတာ ရပ်တည်နိုင်ခဲ့သော မစ္စတာမတ်စ်၏ ဟောကိန်းများကို လေးလေးနက်နက် စဉ်းစားတန်ဖိုးထားသင့်ပေသည်။ ရော့ကက် (ဒုံးပျံ) ထုတ်လုပ်သည့် ကုမ္ပဏီမှသည် AI ကွန်ဂလိုမာရိတ် (ကုမ္ပဏီကြီးများစုပေါင်းထားသည့် အုပ်စု) တခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည့် SpaceX နှင့် Tesla တို့၏ နောက်ကွယ်မှ နေ၍ ၎င်းသည် အနာဂတ်ကို ပုံဖော်ရာတွင် အခြားမည်သည့် စွန့်ဦးတီထွင်သူထက်မဆို ပို၍ လုပ်နိုင်နေသူ ဖြစ်သည်။

 

 ငွေကြေးနှင့် အင်ဂျင်နီယာဆိုင်ရာ ဉာဏ်ပညာထူးချွန်မှုတို့ဖြင့် အားဖြည့်ထားသော သူ၏ဩဇာတိက္ကမသည် အိမ်ဖြူတော်မှစ၍ ယူကရိန်းကဲ့သို့သော ကမ္ဘာ့ပဋိပက္ခဒေသများအထိ ကျယ်ပြန့်ရောက်ရှိနေသည်။ ၎င်းပိုင်ဆိုင်သော X လူမှုကွန်ရက်ပလက်ဖောင်းတွင် ဖေါ်လိုဝါ ၂၄၀ သန်း ရှိသည့်အတွက် မစ္စတာမတ်စ်၏ အမြင်များ၊ အထူးသဖြင့် သဘောထားကွဲပြားစရာကောင်းသော အမြင်များသည် ကြီးမားစွာ ရိုက်ခတ်လာခဲ့သည်။

 

အင်တာဗျူး တွင် ဆွေးနွေးခဲ့သည့် အဓိကခေါင်းစဉ်မှာ AI ဖြစ်သည်။ AI စနစ်များနှင့် စက်ရုပ်များသည် အချိန်ကြာလာသည်နှင့်အမျှ ဒစ်ဂျစ်တယ်နှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အလုပ်အကိုင်အများစုကို တာဝန်ယူလုပ်ကိုင်လာကြလိမ့်မည်ဖြစ်ပြီး၊ လူသားများ အလုပ်လုပ်ကိုင်ခြင်းကို “ဆန္ဒရှိမှ လုပ်ဆောင်ရမည့်အရာ” တခုအဖြစ်သို့ ရောက်ရှိသွားစေလိမ့်မည်ဟု သူက ယုံကြည်ထားသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် xAI (ယခုအခါ SpaceXAI ဟု အမည်ပြောင်းလဲထားသည်) သည် ဆော့ဖ်ဝဲ ရေးသားခြင်းကဲ့သို့သော သိမြင်တွေးခေါ်မှုဆိုင်ရာ တာဝန်များကို လုပ်ဆောင်ရန် စနစ်များကို တီထွင်နေပြီး၊ တက်စလာ (Tesla) ကလည်း လူသားပုံစံ စက်ရုပ်များကို ထုတ်လုပ်လျက်ရှိသည်။ မစ္စတာမတ်စ်သည် AI စနစ်အားလုံးကို အာကာသအတွင်းရှိ ဒေတာစင်တာများ ဖြင့် လျှပ်စစ်မီး ပံ့ပိုးပေးရန် အစီအစဉ်ဆွဲထားသည်။

 

အလုပ်အကိုင်များ မရှိတော့ပါက "လူသားများ အားလုံးအတွက် ဝင်ငွေမြင့်မားမှု (universal high income)” ကို ဖန်တီးပေးနိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ငွေကြေးဥစ္စာ ပြန်လည်ခွဲဝေမှုများ လိုအပ်လာနိုင်သည်ဟု သူက အကြံပြုသည်။ ၊ နောင်ဆယ်နှစ်အတွင်း ငွေကြေးဆိုသည်မှာ အဓိပ္ပာယ်မရှိတော့ကြောင်းလည်း သူက ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့သည်။ ထို့ကြောင့် စက်ယန္တရားများ ဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကန့်အသတ်မရှိ ထုတ်လုပ်ပေးမည့် အတွက် ငွေကြေးဖောင်းပွမှုထက် ငွေကြေးတန်ဖိုးကျဆင်းမှု (deflation) က ပိုမိုကြီးမားသော ပြဿနာတခု ဖြစ်လာနိုင်သည့်အတွက် အစိုးရများအနေဖြင့် ပြည်သူများထံသို့ “ချက်လက်မှတ်များ ထုတ်ပေးသင့်သည်” ဟု သူက တိုက်တွန်းထားသည်။ဆိုလိုသည်က ငွေကြေးဆိုသည်မှာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ရှားပါးသည့်အတွက် ၎င်းတို့၏တန်ဖိုးကို တိုင်းတာရန်နှင့် လဲလှယ်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော် အရာရာတိုင်း ပေါများကြွယ်ဝလာသည့်အခါ ရှားပါးမှု မရှိတော့သဖြင့် ငွေကြေးဖြင့် ဝယ်ယူရခြင်း၏ အဓိပ္ပာယ် ပျောက်ကွယ်သွားမည်ဟု မတ်စ်က ယူဆထားခြင်း ဖြစ်သည်။

 

ထရမ့်အစိုးရအဖွဲ့အတွင်းရှိ အချို့သော တာဝန်ရှိသူများက အမေရိကန်ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံထုတ် AI မော်ဒယ်များကို အသုံးမပြုရန် ပိတ်ပင်တားဆီးလိုသည့် ကြိုးပမ်းချက်များကို မစ္စတာမတ်စ်က ကန့်ကွက်ထားပြီး၊ ထိုသို့လုပ်ဆောင်ခြင်းသည် AI ပြိုင်ပွဲတွင် တရုတ်ဖန်တီးသူများ အနိုင်ရရှိမည့်အရေးကို သိသိသာသာ တားဆီးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ပို့ကုန်ကန့်သတ်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ခေတ်မီဆန်းသစ်သော ချစ်ပ်ပြား (Semiconductor chips) ရှားပါးမှုကို တရုတ်နိုင်ငံအနေဖြင့် နောက်ဆုံးတွင် ကျော်လွှားနိုင်လိမ့်မည်ဟု သူက မျှော်လင့်ထားသည်။

 

 လက်ရှိတွင် အဆိုပါ ချစ်ပ်ပြားအဆင့်မြင့်များကို လုံလောက်သော ပမာဏဖြင့် ထုတ်လုပ်နိုင်ရန် တားဆီးနေသည့် အဓိကအကြောင်းရင်းမှာ လီသိုဂရပ်ဖီ စက်ပစ္စည်းများ (Lithography machines - ချစ်ပ်ပြားများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာများ) မရှိသေးခြင်းကြောင့် ဖြစ်ပြီး၊ တရုတ်နိုင်ငံသည် ၎င်းတို့၏ ကိုယ်ပိုင် လီသိုဂရပ်ဖီစက်များကို တီထွင်ဖန်တီးခြင်းဖြင့် ယင်းပြဿနာကို ဖြေရှင်းသွားလိမ့်မည်ဟု သူက ယူဆထားသည်။

 

လက်ရှိတွင် ဒတ်ခ်ျ ကုမ္ပဏီတစ်ခုဖြစ်သော ASML သည် အဆင့်အမြင့်ဆုံး လီသိုဂရပ်ဖီ (Lithography) ကိရိယာများကို ရောင်းချရာတွင် လက်ဝါးကြီးအုပ်ထားပြီး၊ အမေရိကန်၏ စူပါပါဝါပြိုင်ဘက် တရုတ်နိုင်ငံထံသို့ ၎င်းတို့အား ရောင်းချရန် ပိတ်ပင်ခံထားရသည်။ သို့သော်လည်း “လီသိုဂရပ်ဖီ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်နိုင်ငံသည် လူအများစု ထင်ထားသည်ထက် ပိုမိုနီးစပ်နေပြီဖြစ်သည်” ဟု မစ္စတာမတ်စ်က ပြောကြားခဲ့သည်။

 

AI သည် နောက်ဆုံးတွင် အရာအားလုံးကိုနီးပါး ထိန်းချုပ်သွားလိမ့်မည်ဟု သူက ယူဆထားပြီး၊ မဲဆန္ဒပေးပိုင်ခွင့် ရှယ်ယာ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသည့် SpaceX ကုမ္ပဏီအပေါ် သူ၏လွှမ်းမိုးထားမှုမှာ ရေတိုတွင်အမြတ်အစွန်းများ ကျဆင်းသွားစေကာမူ လူသားမျိုးနွယ်ကို အင်္ဂါဂြိုလ်တွင် ကိုလိုနီနယ်မြေတစ်ခု ထူထောင်ကာ ဂြိုလ်ပေါင်းစုံတွင် ရှင်သန်နိုင်သော မျိုးနွယ်စုတခုအဖြစ်သို့ ပြောင်းလဲပေးမည့် ၎င်း၏ ရေရှည်ပန်းတိုင်ကို အောင်မြင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။

 

သူ၏ ငွေကြေးနှင့် ဩဇာတိက္ကမကို သုံးကာ သမ္မတ ဒေါ်နယ်ထရမ့်ကို ၂၀၂၅ ခုနှစ်တွင် အာဏာပြန်လည်ရရှိစေရန် ကူညီပေးခဲ့သူ ဖြစ်သည်။

 

သူသည် ဝေးလံ ခေါင်ဖျားသော ဒေသ များတွင် အင်တာနက်ချိတ်ဆက်မှုကို ပံ့ပိုးပေးခဲ့ပြီး၊ ယူကရိန်းနိုင်ငံအနေဖြင့် ရုရှား၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရာတွင် အကူအညီပေးရန်အတွက် အဆိုပါနည်းပညာကို အသုံးပြုခဲ့ကြသော်လည်း၊ မစ္စတာမတ်စ်ကမူ မည်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ကျူးကျော်သူဘက်သို့ နယ်မြေပိုင်းဆိုင်ရာ အလျှော့ပေးမှုများ ပေးအပ်သင့်သည်ဟူသော အချက်ကို တင်းတင်းမာမာ ထောက်ခံနေဆဲ ဖြစ်သည်။ 

 

ဥရောပ၏ လက်ယာစွန်းဝါဒီများကို မီဒီယာများက ပုံဖော်နေပုံမှာ “မှားယွင်းသည်၊ လမ်းလွဲစေသည်၊ အဓိပ္ပာယ်မရှိပေ” ဟု သူက ဖွင့်ဆိုထားပြီး၊ ၎င်းတို့မှာ လုံခြုံသောမြို့ပြများ၊ လုံခြုံသော နယ်စပ်များနှင့် သင့်တင့်မျှတသော ငွေကြေးသုံးစွဲမှုများကို ရှာဖွေနေကြသည့် “သာမန်လူများ” ဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

 

ဗြိတိန်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လာမည်ဟု သူ၏ ထပ်တလဲလဲ သတိပေးပြောဆိုမှုများမှာ “အနောက်တိုင်း၏ ယုံကြည်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော” အယူအဆရှိသူများ ဝင်ရောက်လာနေမှု မှ အဆုံးသတ်တွင် ကြီးမားသော ပဋိပက္ခတခုဆီသို့ ဦးတည်သွားစေလိမ့်မည်ဟူသော အမြင်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ 

 

သူသည် အစ္စလာမ်ဘာသာဝင်များကို ဆန့်ကျင်သူဟုတ်မဟုတ် မေးမြန်းသည့်အခါတွင် သူက “ကျွန်တော်က မုဒိမ်းမှုနဲ့ လူသတ်မှုကို ဆန့်ကျင်တာပါ။ အနောက်တိုင်းမှာ ကျွန်တော်တို့ လက်ခံကျင့်သုံးလာခဲ့တဲ့ ဥပဒေစည်းမျဉ်းတွေနဲ့ ဆန့်ကျင့်တဲ့ စည်းကမ်းဥပဒေတွေကို အတင်းအကျပ် သတ်မှတ်ကျင့်သုံးခိုင်းတာကို ကျွန်တော် ဆန့်ကျင်တာပါ။ ခင်ဗျား တို့လို သမားရိုးကျ မီဒီယာတွေက ဒါကို နားမလည်ကြတာ တကယ်ကိုပဲ စိတ်မကောင်းစရာ အရှက်ရစရာပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

 

ဤကမ္ဘာလောကကြီးနှင့် စကြဝဠာကြီးသည် သဘာဝအတိုင်း ဖြစ်လာသည်မဟုတ်ဘဲ၊ သာလွန်ထက်မြက်သော ဂြိုလ်သားများ (သို့မဟုတ် အဆင့်မြင့် သက်ရှိများ) က ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ဗီဒီယိုဂိမ်းတစ်ခုကဲ့သို့ အတုအယောင် ဖန်တီးထားခြင်းသာ ဖြစ်နိုင်သည် ဟူသော အယူအဆကို သူယုံကြည်ကြောင်း ပြောခဲ့ဖူးသည်။

 

အမေရိကန်ပြည်ထောင်စုပြင်ပရှိ အနာဂတ်နှင့်ပတ်သက်သော သူ၏ မှောင်မိုက်နေသော အမြင်များသည် AI နှင့်ပတ်သက်သည့် သူ၏ စံပြကမ္ဘာသစ် အယူအဆနှင့် မည်သို့ကိုက်ညီသည်မှာ မရှင်းမလင်း ဖြစ်နေဆဲပင်။ သို့သော် မစ္စတာမတ်စ်ကိုယ်တိုင်ပင်လျှင် ဤအရာအားလုံးသည် အဓိပ္ပာယ်ရှိပါလေစ ဟူ၍ တွေးတောမိတတ်သည်။