မင်းအောင်လှိုင် က အာဆီယံ၏ အချက် ငါးချက်ကို လုံးဝ လက်မခံနိုင်ဟု ပယ်ချပြီ

by Hla Soewai - Jul 26 2026

စစ်အုပ်စုက အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချရန် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဤထုတ်ပြန်ချက်သည် ယခုလအစောပိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ် သဘော တွေ့ဆုံစဉ်အတွင်း ၎င်းတို့ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်ထား‌ သော တင်မောင်ဆွေက အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့မှုနှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။

 

ယခုအပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အပန်းဖြေစခန်း ဆွေးနွေးပွဲ ကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို က သတင်းထောက်များကို ပြောကြားရာတွင်၊ တင်မောင်ဆွေသည် ယခုလအစောပိုင်း ဘန်ကောက်မြို့၌ ကျင်းပခဲ့သော အစည်းအဝေး၌ ဘုံသဘောတူညီချက်သည် “ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း” အလေးအနက်ပြောကြားခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု လွှတ်တော်က ၎င်းကို ပယ်ချခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

 

"သူက (လွှတ်တော်ရဲ့ အဆိုကို) တနည်းအားဖြင့် ပယ်ချ ငြင်းဆိုခဲ့တာပါ၊ ဘုံသဘောတူညီချက် ၅ ရပ်က ဆက်ရှိနေဆဲဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်” ဟု လာဇာရိုက ပြောကြားခဲ့သည်။ “ဒါကြောင့် အဲဒီတုန်းက လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆို လက်တွေ့မှာတော့ အပယ်ခံရသလို ဖြစ်သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေ မရှိတော့ဘူးလို့ သူက ကျွန်မတို့ကို ပြောခဲ့လို့ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ကတော့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ ခံယူထားပါတယ်”

 

သို့သော် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင်မူ အစိုးရအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ပြန်လည်သုံးသပ်ရန်နှင့် လိုအပ်သည့်အစီအမံများ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းထားသည့် ဇူလိုင်လ ၉ ရက်နေ့က အရေးပေါ်လွှတ်တော်အဆိုကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။ 

 

အဆိုပါအစီအစဉ်သည် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တန်းတူညီမျှမှုကို ထိခိုက်စေပြီး တရားဝင် ချည်နှောင်ထားသည့် သဘောတူစာချုပ်တခုထက် ဥက္ကဋ္ဌ၏ ကြေညာချက်နောက်ဆက်တွဲ သဘောမျိုးသာ သက်ရောက်နေသည်ဟု မင်းအောင်လှိုင်၏ ကိုယ်စားလှယ်များက ပြောခဲ့ကြသည်။

 

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရင်း “မြန်မာကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်” မှတဆင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ဖော်ပြထားသည်။ ၎င်းအပြင် အာဆီယံအဖွဲ့ကြီးအနေဖြင့် ပြည်တွင်းရေးရာ မစွက်ဖက်ရေးနှင့် အချုပ်အခြာအာဏာ တန်းတူညီမျှရေးစသည့် အခြေခံမူများကို လေးစားလိုက်နာရန်လည်း သတိပေးထားသည်။

 

ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လာဇာရိုက ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ “မေးခွန်းထုတ်စရာများစွာ” ရှိနေသေးကြောင်း ထောက်ပြပြောဆိုခဲ့ပြီး မြန်မာခေါင်းဆောင်များအနေဖြင့် အဆင့်မြင့် အာဆီယံအစည်းအဝေးများသို့ ပြန်လည်ပါဝင်ခွင့်ရရှိရန်မှာ “အလှမ်းဝေးသေးကြောင်း” ပြောကြားခဲ့သည်။ အာဆီယံအနေဖြင့် တိုးတက်မှုကို တိုင်းတာရန် စံသတ်မှတ်ချက်များ ကို ရေးဆွဲသွားမည်ဖြစ်ပြီး ၎င်းစံသတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်ပါက စည်းမျဉ်းစည်းကမ်း မလိုက်နာခြင်း အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

နေပြည်တော်၏ ပယ်ချမှုကို ခံရသော်လည်း အာဆီယံခေါင်းဆောင်များကမူ အဆိုပါ ဘုံသဘောတူညီချက်သည် အာဆီယံအဖွဲ့ကြီး၏ လမ်းပြမြေပုံအဖြစ် ဆက်လက်တည်ရှိနေကြောင်း အတည်ပြု ပြောကြားလျက်ရှိသည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလခ်ကရိရှ်နန် က အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်မြောက်လာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အတားအဆီးမရှိ ရောက်ရှိစေရေးတို့ကို ထပ်လောင်းတောင်းဆိုခဲ့သည်။ အလားတူပင် အင်ဒိုနီးရှားနိုင်ငံကလည်း အဆိုပါ ဘုံသဘောတူညီချက်သည် အာဆီယံ၏ ယုံကြည်ကိုးစားခံရမှုအတွက် အဓိကကျကြောင်း အလေးအနက် ဖော်ပြခဲ့သည်ဟု ဧရာဝတီ သတင်း တွင် ပါရှိလာခဲ့သည်။

 

အာဆီယံသည် ဘုံသဘောတူညီချက် ငါးရပ် ကို ရေနစ်နေသူ ၏ နောက်ဆုံး ကောက်ရိုးမြှင် အဖြစ် ဆုပ်ကိုင်ထားဖို့ ခံယူထားပြီ ဖြစ်သည်။ မင်းအောင်လှိုင် ကိုယ် တိုင် သဘောတူခဲ့၍ လည်း နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်စွက်ဖက် ခြင်း မရှိစေရ မူ နှင့် လည်း ကင်းလွတ်နေသည်ဟု အကြောင်းပြ၍ ရနေသည်။

 

အာဆီယံနှင့် စစ်အုပ်စု အကြား သံတမန်ရေး ပဋိပက္ခ ပိုမိုတင်းမာလာတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင်က ၎င်း ၏ စေလိုရာစေ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အကြောင်းပြကာ အချက် ငါးချက်ကို ဆက်မလုပ်နိုင်တော့၊ စကားထဲ ထည့်မ ပြော နှင့် ၎င်း သဘောတူညီနိုင်သည့် ပုံစံ အတိုင်း အသစ်က ပြန်စ ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ၎င်းတို့ ကိစ္စ ကို လာမပတ်သက် နှင့် တော့၊ ထိုင်း၊ လာအို၊ ဗီယက်နမ် လို နိုင်ငံ မျိုး နှင့်သာ သီးခြားစီ ဆက်ဆံသွားဖို့ စိတ်ဒုံးဒုံးချလိုက်ခြင်းလည်း ဖြစ်ပေမည်။

 

 အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနေရာများနှင့် ဖြစ်ရပ်များ အချက်အလက်စုဆောင်းရေးအဖွဲ့ (ACLED) ၏ ဖော်ပြချက်အရ ဇွန်လတွင် တိုက်ပွဲများနှင့် ပေါက်ကွဲမှုဖြစ်စဉ် ၇၄၅ ခု ရှိခဲ့သည်။ ဤသည်မှာ ၂၀၂၁ ခုနှစ် သြဂုတ်လက ဖြစ်စဉ် ၅၆၉ ခု ရှိခဲ့စဉ်ကတည်းက အနိမ့်ဆုံး စံချိန်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်စဉ် ၁,၄၇၄ ခုဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့စဉ်ကနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး လျော့နည်းသွားသည်ဟု ဆိုသည်။

 

 ယခုအခါ တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည် မှာ ရခိုင် နှင့် ကရင် ပြည်နယ်များ တွင်သာ ရှိတော့ပြီး ဇန်နဝါရီ လ မှစ၍ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့် လက်နက်ချ လာကြသည်ဟု ၎င်းထံ ရောက်ရှိနေသော သတင်းများကလည်း ခေါင်းထဲ ရောက်နေချိန် ဖြစ်၍ မင်း အောင်လှိုင်သည် ၎င်းကိုယ်၎င်း ယုံကြည်မှု မြင့်တက်လာနေချိန်လည်း ဖြစ်သည်။

 

စစ်တပ်မှ နယ်မြေများကို ပိုပြီး ပြန်လည်ထိန်းချုပ်လေလေရရှိလာသည့် နယ်မြေများတွင် ၎င်းတို့၏ အုပ်ချုပ်မှုကို ပိုပြီး အတင်းအကျပ် ကျင့်သုံးလေလေ၊ ဒေသခံပြည်သူများအဖို့ ဖိနှိပ်ချုပ်ချယ်မှုများကို ပိုပြီး ရင်ဆိုင်ကြုံတွေ့ရလေလေ ပင် ဖြစ်သည်။

 

ထို့အတွက် အာဏာရှင်စနစ် ဆိုးကြီး မြန်မာ မြေပေါ်မှ ပျောက်ကွယ်သွားသည်အထိ ပြည်သူများသည် မိမိတို့ ကျရာ အခန်းကဏ္ဍ မှ ဆက်လက် တွန်းလှန်သွားရပေမည်။

 

မိမိတို့ အချင်းချင်း အချင်းများနေပါက လက်နက်ကိုင် လူငယ်များ စိတ်ဓါတ်ကျ ဆင်းသည်ထက် ကျဆင်းဖို့ တွန်းအား ပေးနေသလို သာ ဖြစ်ပေတော့မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!