မည်သူသည် အခွန် လိမ်လည်သူနည်း။ ထရန့်‌ လော၊ မက်‌‌ ဒေါဝဲလ် ‌လော

by Hla Soewai - Oct 14 2020

သမ္မတ ထရန့်သည် သူ၏ Apprentice TV show အတွက် ဆံပင် ပုံသွင်းရန် အစိုးရ ထံမှ ဒေါ်လာ ၇၀,၀၀၀ ကို အခွန့်ငွေ လျော့ခံရရေး အတွက် ဝင်ငွေခွန်တွင် ထည့်သွင်းဖေါ်ပြခဲ့သည့် သတင်းကို ဖတ်ရသည့် အခါ တန်ညာ မက်ဒေါ်ဝဲလ် ဆိုသည့် အာဖရိကန်-အမေရိကန် အမျိုးသမီးငယ်ကလေးအား သတိမရပဲ မနေနိုင်ခဲ့ပေ။

 

သူမသည် သားဖြစ်သူအား ကျောင်းကောင်းကောင်းတွင် တက်ခွင့်ရအောင် ကလေးအား အချိန်ပိုင်း လာရောက်ထိန်းပေးသူ၏ လိပ်စာ ကို သူမ၏ လိပ်စာအဖြစ် ဖေါ်ပြခဲ့ခြင်းကြောင့် အစိုးရ အား လိမ်လည် လှည့်ဖျားမှု နှင့် မူးယစ်ဆေးဝါး အမှု နှစ်မှု ပေါင်း၍ ထောင်ဒဏ် ငါးနှစ် အပြစ်ပေးခံခဲ့ရသည်။

 

သူမနှင့် ထရန့်တို့ နှစ်ဦးစလုံးသည် တနည်းမဟုတ် တနည်း အခွန်ကို လိမ်ညာလှည့်ဖျားခဲ့ကြသည်ဟု ပြော၍ရသည်၊ မက်ဒေါ်ဝဲလ် သည် သူမ၏သား တက်ရောက်နေသည့် ကျောင်းရှိရာ ခရိုင်ခွန်ကို ပေးဆောင်ခဲ့ခြင်းမရှိပေ။

 

နယူး‌ယောက် တိုင်းမ် သတင်းစာ၏ ထုတ်ဖေါ်ရေးသားခဲ့မှုကြောင့် ထရန့်သည် နည်းမျိုးစုံသုံး၍ အစိုးရထံမှ အခွန် ‌လျော့ပေါ့ပေးငွေ စုစုပေါင်း ဒေါ်လာ ၇၂.၉ သန်းကို ရယူခဲ့ကြောင်း ပေါ်လွင်ထင်ရှားနေ၍ အမေရိကန် ပြည်တွင်း အခွန်ဦးစီးဌာနက ပြန်လည် ရယူနိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။

 

ဆံပင် အလှပြင်ခြင်းသည် အခွန်ငွေ လျော့ပေါ့ပေးရမည့် အရာ မဟုတ်၊ ထိုအတွက် ကုန်ကျငွေ ကို မူရင်း တီဗီ ကုမ္ပဏီ ဖြစ်သည့် NBC ကသာ ကျခံပေးရမည် ဖြစ်သည်၊ သို့သော် ထရန့်က အခွန်လျော့ပေါ့ပေးရမည့် အကြောင်းအရာ အဖြစ် ဝင်ငွေခွန်တွင် ထည့်သွင်း တောင်းခံခဲ့သည်။ ဤသည်ကပင် ထရန့်၏ ဝင်ငွေခွန် လိမ်ညာမှု ကျုးလွန်ခဲ့ခြင်း အဖြစ် ယူဆကောင်း ယူဆနိုင်စရာ ဖြစ်လာရသည်။

 

ကျွန်တော်တို့သည် မိမိသား ပညာရေးကောင်း ရန် ဆိုသည့် ရည်ရွယ်ချက်တခုတည်းဖြင့် လိမ်လည်ခဲ့သော ကွန်နက်တီကပ်ရှိ အိမ်ပိုင်ယာပိုင်မရှိ လူမည်းအမျိုးသမီးတဦးအား ထောင်သွင်း အကျဉ်းချခဲ့ပြီ ဖြစ်သည်၊ သို့သော် ထရန့်အဖို့က စစ်တပ်ကြီးတမျှ အင်အားကောင်းလှသော ရှေ့နေများ စာရင်းကိုင်များ အကာအကွယ်ယူ၍ ယခုအခါ အိမ်ဖြူတော်မှပင် ငွေကြေးအရ အကျိုးခံစားခွင့်ရနေပြန်သည်၊ ထရန့်သည် သူ့ပိုင် ဟိုတယ်တွင်သာ တည်းသဖြင့် secret service အဖွဲ့ဝင် တလှေကြီးသည်လည်း သူဟိုတယ်ရှိ အခန်းများတွင် တည်းခိုကြရပေသည်၊ ဟိုတယ်ခအပြင် အခြား ကုန်ကျစရိတ် များစွာ ရှိသည်။

 

မိမိပြောလိုသည်မှာ အခွန်ရှောင်ခြင်း အနုပညာကို ကျွမ်းကျင်သော ထရန့်သာမဟုတ် အမေရိကန်၏ အခွန်စနစ်တခုလုံးသည်ပင် လိမ်ညာခံ၍ ရသည့် စနစ် ဖြစ်နေ ခြင်းပင်တည်း။

 

နယူးယောက်တိုင်းမ် ၏ ထုတ်ဖေါ်ရေးသားခြင်းသည် သမ္မတ အပေါ် ဒေါသထွက်လာစေရန် မဟုတ်ပဲ အခွန် စည်းမျဉ်းကို ကျယ်ကျယ် ပြန့်ပြန့် ပြုပြင်ပြောင်းလဲနိုင်ရေးကို သာ ရည်ရွယ်ပေသည်။

 

အမေရိကန် ပြည်ထောင်စုတွင် မည်သည့် ခရိုင်စီရင်စုသည် အခွန်စာရင်းစစ် အဝင်ခံရဆုံး နည်း၊ အဖြေကား မစ်စစ်စပီ ပြည်နယ်ကျေးလက်ပိုင်းရှိ ဟမ်ဖရေး စီရင်စု သာ ဖြစ်ပေသည်။ နေထိုင်သူ လူဦးရေ၏ လေးပုံ သုံးပုံသည် လူမည်းများ ဖြစ်နေပြန်သည်။ သူတို့၏ ပျှမ်းမျှတနှစ်ဝင်ငွေသည် ဒေါ်လာ ၂၈,၅၀၀ သာ ရှိပေသည်။

 

၎င်းတို့သည် ဝင်ငွေကို လိမ်ညာပြီး အခွန်သက်သာအောင် ကြံဆောင်နေသလားဟူသော သံသယ ကြောင့်လည်း ဖြစ်ပေမည်။ ဆင်းရဲမှုပပျောက်ရေး အစီအစဉ် အရ ဝင်ငွေနည်းသူများကို အခွန်လျော့ကောက်ဖို့ ရှိနေသည်။

 

ထိုအချိန်တွင် ဇီလျံနာများက ၎င်းတို့ရှိ တန်ဖိုးကြီး ပန်းချီကားများအား ၎င်းတို့ပိုင် မြေပေါ်ရှိ ပြတိုက်ကြီးများသို့ လှုဒါန်းသည်ဆိုကာ ဝင်ငွေခွန် သက်သာရာ သက်သာကြောင်း ကြံဆောင်နေကြသည်။ ထိုသို့ လုပ်ဆောင် နေသည်များကို လျစ်လျုရှု့ထားကြသော် ငြားလည်း ကျွန်တော်၏ မိတ်ဆွေ မိုက် ဆိုသူသည် သူ၏ အစားအသောက် အခမဲ့ ဝယ်ယူခွင့် ကပ်ပြား food stamp အား သူငယ်ချင်းအား ပေး၍ သူ့အတွက် သွားဝယ်ခိုင်းသည်ကိုတော့ လျစ်လျုရှု့ မနေနိုင်ခဲ့ကြပေ။ မိုက်၏ food stamp အားလည်း ထိုအချိန်မှစ၍ ထပ်မံထုတ်ပေးခြင်း မရှိတော့။

 

ကွန်ဂရက် မှလည်း အခွန်ဌာန၏ ဘတ်ဂျက်ကို ဖြတ်တောက်ပြစ်ခဲ့ပြန်သဖြင့်လည်း တနှစ်လျင် ဒေါ်လာ တသန်းအထက် ဝင်ငွေရှိသူများအပေါ် စာရင်းစစ်ဝင်ခြင်းသည် ၂၀၁၁ ရှိ အကြိမ်အရည်အတွက်ထက် ၈၁% ကျဆင်းလာခဲ့သည်။

 

ထရန့်သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလ မှစ၍ အခွန်ဌာနမှ ညှစ်ယူထားခဲ့သော ဒေါ်လာ ၇၃ သန်းကို ပြန်ပေးဆောင်ခြင်း မရှိသေးပေ။ ထရန့်လို လူချမ်းသာများအဖို့က အလွယ်တကူ တော့ ပြန်ပေးရိုး ထုံးစံမရှိပေ။ ရှေ့နေများ ဖြင့် အချိန်အကြာကြီး ဆွဲကာ ‌ညှိနှိုင်းနေကြမည်သာ ဖြစ်သည်။

 

ထရန့် အဖွဲ့အစည်းတွင် အိမ်သန့်ရှင်းရေးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် စာရွက်စာတမ်း မရှိ ရွှေ့ပြောင်းဝင်ရောက်လာသူ အမျိုးသမီးသည် နှစ်ပေါင်းများစွာ ထရန့်ပေးခဲ့သည်ထက် များစွာသာလွန်သော ပမာဏကို အခွန် ပေးဆောင်ခဲ့ရကြောင်း တွစ်တာမှနေ၍ အခွန်စာရွက်များ ထုတ်ပြလာခဲ့သည်။

 

ယခုအခါတွင် အမေရိကန် တွင် နေထိုင်သူ မိသားစု ငါးပုံတပုံခန့်သည် ၎င်းတို့၏ ကလေးများကို လုံလောက်အောင် ကျွေးမွေးနိုင်စွမ်းမရှိ ဖြစ်နေသည်ကို စစ်တမ်းများက ပြဆိုနေပြန်သည်။

 

အခွန်စည်းမျဉ်းကို မပြင်နိုင်သေးခင် တွင် ပို၍ တရားမျှတသည် စနစ် ဖြစ်လာစေရန် ချမ်းသာသော လူများ၏ ဝင်ငွေကြေညာလွှာ များကို မစ်စစ်စပီ တောပိုင်းက လူများကို စစ်သလို အသေးစိတ် စစ်ဖို့ အရင် လုပ်ရပေမည်။

 

ထိုအခါတွင် နိုင်ငံတွင်းရှိ လူချမ်းသာ ၁% မှ နည်းမျိုးစုံဖြင့် အခွန်လျော့ဆောင်နေခြင်းကို ကာကွယ်နိုင်ပြီး အခွန်ဌာန အဖို့ နောက်ထပ် ဒေါ်လာ တစ်တြီလီယံ အထိပင် ရလာနိုင်သည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။

 

တခါက လီယိုနာ ဟမ်းစလေး ဆိုသူ ဟိုတယ် ပိုင်ရှင် လူချမ်းသာ အမျိုးသမီးကြီးအား အခွန်လိမ်လည်မှု ဖြင့် ရုံးတင်တရားစွဲသည့် အခါ သူမ၏ ချေပချက်သည် အမေရိကန်တွင် လူပြောများသွားခဲ့ရသည်။

 

သူမက ရှေရှေဝေးဝေး လျှောက်လှဲမနေပဲ အခွန်ကို လူဆင်းရဲ little people များသာ ပေးရတာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ ကံအားလျှော်စွာ သူမအား အပြစ် ရှိကြောင်း စီရင်ချက် ချခဲ့ပေသည်။

 

ကျွန်တော် အဖို့ကား ကလေးပညာရေး အတွက် အကြံအဖန်လုပ်ခဲ့ရရှာသည့် အမျိုးသမီးထက် ဆံပင် ပုံသွင်းခ ဒေါ်လာ ၇၀,၀၀၀ ပြသည့် ပုဂ္ဂိုလ်အား သက်ညှာစွာ ဆက်ဆံနေသည့် အဖြစ်ကိုတော့ လွန်စွာမှ တုန်လှုပ်ခဲ့ရပေသည်။

 

(၂၀၂၀ အောက်တိုဘာ ၁၀ ရက်နေ့ထုတ် နယူးယောက်တိုင်း သတင်းစာမှ ပင်တိုင်ဆောင်းပါးရှင် Nicholas Kristof ၏ "Who's the tax cheat: the lady in jail or the man in the White House? ကို တင်ပြသည်)