ကိုဗစ် ကာကွယ်ဆေး အား ဗြိတိန် မှ စတင် ဖြန့်ဖြူးမည်ဟုဆို

by Hla Soewai - Oct 15 2020

ဗြိတိန်နိုင်ငံတဝှမ်း နေရာ ၇ နေရာ ဖြန့်ကျဲပြီး လူထုအတွက် ကာကွယ် ဆေး အား ယခုနှစ်အကုန် နောက်ဆုံးထားပြီး ထိုးပေးနိုင်ရန် စတင် သတ်မှတ် ပြင်ဆင်နေပြီ ဖြစ်တယ်လို အီကော်နော်မစ် မဂ္ဂဇင်းက ထုတ်ဖေါ်ရေးသား လာပါတယ်။

 

ဗြိတိန်တွင် ကူးစက်ခံရသူ အရည်အတွက် နောက်တကြိမ် မြင့်တက်လာတာကြောင့် ကာကွယ်ဆေး ရရှိရေး အတွက် အချိန်ဆွဲလို့ မဖြစ်တော့ပဲ တက်သုတ်ရိုက် လုပ်လာခဲ့ပါတယ်။ ဒီအတွက် ဆေး ကို တပြိုင်တည်း ထိုးပေးရမယ့် နေရာတွေပါ တခါတည်း ပြင်ဆင်လာ‌‌ နေကြပါတယ်။

 

ဗြိတိန်သည် တကြိမ် ထိုးဆေး စုစုပေါင်း သန်း ၄၀၀ ကို ဝယ်ယူနိုင်ရန် ဆေးကုမ္ပဏီ ၆ ခု ကို ဖြန့်ပြီး ငွေစိုက်ထုတ် ကြိုတင်ဝယ်ယူခဲ့ရာမှာ နောက်ဆုံး ကုမ္ပဏီ နှစ်ခုကရှေ့ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီ နှစ်ခုကတော့ Oxford/AstraZeneca နဲ့ Pfizer တို့ပဲ ဖြစ်ပါတယ်။

 

ဒီဆေးရည်တွေရဲ့ အစွမ်းသတ္တိကို ဥရောပ ဆေးဝါး အေဂျင်စီ European Medicines Agency (EMA) မှ အောက်တိုဘာ ၁ ရက်နေ့တွင် Astra ကို၎င်း၊  အောက်တိုဘာ ၆ ရက် နေ့တွင် Pfizer ကို၎င်း အပြီးသတ် စတင် စစ်ဆေးနေပြီ ဖြစ် ပါတယ်။ နောက်ဆုံး အဖြေသည် ရက်သတ္တပတ် အနည်းငယ်အတွင်း ထွက်ပေါ်လာဖွယ် ရှိတယ်လို့ မျှော်လင့်ရပါတယ်။

 

ဗြိတိန်သည် အီးယူ မှ နှစ်ကုန်တွင်သာ ထွက် နိုင်မှာ ဖြစ်လို့ လုပ်ထုံးလုပ်နည်းအရ EMA ရဲ့ ဆုံးဖြတ်ချက်ကို ယူနေရတာ ဖြစ်ပြီး ဇန်နဝါရီ ၁ ရက် မှာတော့ ကိုယ့်သဘောနဲ့ ကိုယ် စသုံးတော့မယ်လို့ ဆိုပါတယ်။

 

ဗြိတိန်မှာ ကာကွယ်ဆေး ထုတ်လုပ်တဲ့ စက်ရုံတွေ မရှိသေးပေမယ့် ဖန်ပုလင်း၊ ပလပ်စတစ် အဖုံး အရည်အတွက် သန်း ၁၅၀ ကို စုပြီး ဆောင်းပြီး ရှိနေပြီ ဖြစ်ပါတယ်။ ယခုအခါ ကိုယ်ပိုင် ဆေးပစ္စည်း စက်ရုံကို အောက်စဖို့ရှိုင်းရား ရှိ ဟာဝဲလ်မှာ တည်ဆောက်နေပြီ ဖြစ်ပါတယ်။

 

အစိုးရရဲ့ ကာကွယ်ဆေး ထုတ်လုပ်ရေး ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ အကြီးအကဲ ကိတ် ဘင်ဟန် ကတော့ လောလောဆယ် နိုင်ငံ လူဦးရေ တဝက်နီးပါး ဖြစ်တဲ့ သန်း ၃၀ စာပဲ အရင် စထိုးနိုင်ဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒါကလည်း ဆေးဝါးရဲ့ အာနိသင်ကို စောင့်ကြည့်ဖို့ လိုသေးတဲ့ အတွက် ဖြစ်ပါတယ်။ ဆိုလိုတာကတော့ မကူးစက်နိုင်တဲ့ အပြင် ရောဂါအခြေအနေ ဆိုးဝါးမလာတဲ့ အထိ သေချာအောင် စောင့်ကြည်ဖို့ ကို ဖြစ်ပါတယ်။

 

ဆေးထိုးဖို့ သတ်မှတ်ထားတဲ့ နေရာ ၇ နေရာမှာ တနေ့ကို့ လူ ၂,၅၀၀ ထိ ထိုးပေးမှာဖြစ်ပြီး နေ့တိုင်းလို အိမ်ထောင်စု ကိုးစု အထိ နယ်လှည့် လိုက်လံထိုးပေးဖို့ ရှိနေပါတယ်။

 

အသက် ၆၅ နှစ် အထက် သက်ကြီးတွေကိုသေချာပေါက် ဦးစားပေး ထိုးပေးသွားမှာ ဖြစ်ပြီး ကျန်လူများကိုတော့ ဗဟို အမျိုးသား ကျန်းမာရေး ဌာနရှိ လူတဦးချင်းစီရဲ့ ဆေးမှတ်တမ်းများက နေ ဦးစားပေး အဆင့် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်လာတာနဲ့ အမျှ ဆက်တိုက်ဆိုသလို တဦးမကျန် ထိုးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဆေးရည် အား လွန်စွာ အေး တဲ့ အပူချိန်နဲ့ သိမ်းဆည်းထားရမှာ ဖြစ်လို့ သယ်ယူ ပို့ဆောင်ရေး အပိုင်းမှာ မနိုင်မနင်း ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

 

ကျန်းမာရေး ဝန်ကြီး မတ် ဟန်ကော့ ကတော့ ဖြန့်ချီရေး အတွက် စစ်တပ် နဲ့ တာဝန် ခွဲဝေလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

 

(၂၀၂၀ အောက်တိုဘာ ၇ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "Britain prepares to roll out a Covid-19 vaccine" မှ ကောက်နှုပ်တင်ပြသည်)