ရေလက်ဝါး နှင့် ပင့်ကူ
The Starfish And The Spider by Ori Brafman and Rod Beckstrom
နိဒန်း
Where’s Waldo ကစားနည်းနှင့် တူနေသည်။ သို့သော် ကလေးငယ်များ ကစားကြသည်မဟုတ်ဘဲ ကစားသူများမှာ ကမ္ဘာ့ထိပ်တန်း အာရုံကြော သိပ္ပံပညာရှင်များ ဖြစ်ကြသည်။ ဝေါလ်ဒို၏ နေရာတွင် သူတို့သည် ကောက်ကွေးနေသော ဆံပင်ပိုင်ရှင်၊ ဆွယ်တာအင်္ကျီ ဝတ်ဆင်ထားသော အဘွားအိုတဦးကို ရှာဖွေနေကြခြင်း ဖြစ်သည်။ မည်သူ တဦး တယောက်၏ အဘွားမဆို ဖြစ်နိုင်သည်။
အာရုံကြော သိပ္ပံပညာရှင်များသည် တချက်ကြည့်လိုက်လျှင် ရိုးရှင်းသည်ဟု ထင်ရသော မေးခွန်းတစ်ခုကို ဖြေဆိုရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးတွင် ကျောင်းတက်ရသည့် ပထမဆုံးနေ့ အမှတ်တရ သို့မဟုတ် အဘွား ဖြစ်သူကို အမှတ်ရသည့် အကြောင်းအရာများ စသည့် မှတ်ဉာဏ်များ ရှိကြသည်။ သို့သော် ထိုမှတ်ဉာဏ်များသည် မည်သည့်နေရာတွင် တည်ရှိနေကြသနည်းဟု သိပ္ပံပညာရှင်များက မေးမြန်းခဲ့ကြသည်။
ဇီဝဗေဒအတွက်သာမက ကမ္ဘာပေါ်ရှိ စက်မှုလုပ်ငန်းတိုင်း၊ နိုင်ငံတကာ အကြမ်းဖက်မှုများနှင့် ဝေးကွာလှသော အသိုင်းအဝိုင်းများစွာအတွက်ပါ အံ့သြဖွယ် သက်ရောက်မှုများ ရှိလာမည့် ကောက်ချက်ချမှုတခု ထွက်ပေါ်လာ တော့မည်ကို သူတို့ လုံးဝ မသိခဲ့ကြပေ။ သိပ္ပံပညာရှင်များက ကျွန်ုပ်တို့၏ ဦးနှောက်သည် အခြားသော ရှုပ်ထွေးသည့် စက်ယန္တရားများကဲ့သို့ပင် အပေါ်မှအောက်သို့ အလွှာလိုက် တည်ဆောက်ပုံ ရှိသည်ဟု ရှေးယခင်ကတည်းက ယူဆထားခဲ့ကြသည်။
တသက်တာ မှတ်ဉာဏ်များကို သိမ်းဆည်းစီမံဖို့အတွက် ကျွန်ုပ်တို့၏ ဦးနှောက်တွင် အမိန့်ပေးကွပ်ကဲသည့် စနစ်တခု လိုအပ်သည်က အသေအချာပင် ဖြစ်သည်။ လူ့ဦးနှောက်၏ နှစ်ဖက်စလုံး (ညာဘက်နှင့် ဘယ်ဘက် အခြမ်းနှစ်ခုစလုံး) တည်ရှိသော၊ ပင်လယ်မြင်း ကဲ့သို့ ကောက်ကွေးနေသည့် ပုံသဏ္ဌာန်ရှိသော ဦးနှောက်အစိတ်အပိုင်းတခု ဖြစ်သည့် ဟစ်ပိုကမ်ပတ်စ် က ဦးဆောင်ပြီး သီးသန့်မှတ်ဉာဏ်များ ကို သိမ်းဆည်းပေးပြီး နူရွန် အာရုံကြောဆဲလ်များက ၎င်း ထံသို့ ပို့ပေး ကြရသည်။
ကျွန်ုပ်တို့က မှတ်ဉာဏ်တခုကို ပြန်ပြောင်းသတိရချင်သည့်အခါ မြန်နှုန်းမြင့် ကွန်ပျူတာတစ်လုံးလို လုပ်ဆောင်နေသည့် ကျွန်ုပ်တို့ရဲ့ ဟစ်ပိုကမ်ပတ်စ်က ထို မှတ်ဉာဏ်ကို သီးသန့်နူရွန်တခုဆီကနေ ထုတ်ယူပေးသည်။ မိမိ၏ အချစ်ဦးအကြောင်း မှတ်ဉာဏ်ကို ပြန်ဖော်ချင်သလား။ နူရွန်အမှတ် ၁၈,၄၁၆ ဆီကို သွားလိုက်ပါ။ စတုတ္ထတန်းက ဆရာမအကြောင်း မှတ်ဉာဏ်ကို ပြန်ဖော်ချင်ပါသလား။ နူရွန်အမှတ် ၄၆,၁၂၄,၃၉၄ ဆီကို သွားလိုက်ပါ။
ထို သီအိုရီကို သက်သေပြနိုင်ရန် အတွက် သိပ္ပံပညာရှင်များသည် သီးသန့်မှတ်ဉာဏ်တခုခုကို ပြန်ဖော်ဖို့ ကြိုးစားသည့် အခါ သတ်မှတ်ထားသည့် နူရွန်အချို့၏ လှုံ့ဆော်ခံရကြောင်း ပြသဖို့ လိုအပ်လာခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ် များ မှ စ၍ သိပ္ပံပညာရှင်များသည် စမ်းသပ်ခံပုဂ္ဂိုလ်များ၏ ဦးခေါင်းတွင် လျှပ်ကူးပစ္စည်းများ နှင့် အာရုံခံကိရိယာများကို တပ်ဆင်ပေးပြီး ၎င်းနှင့် ရင်းနှီးပြီးသား ပစ္စည်းများ၏ ပုံများ ကို ထုတ် ပြခဲ့ကြသည်။
စမ်းသပ်ခံပုဂ္ဂိုလ်တဦးချင်းစီကို ပုံတပုံပြတိုင်း သီးသန့်နူရွန်တခုစီ ထကြွလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ စမ်းသပ်ခံပုဂ္ဂိုလ် များသည် ဓာတ်ပုံများကို စိုက်ကြည့်ရင်း အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ကြသည်။ သိပ္ပံပညာရှင်များကလည်း သီးသန့်နူရွန်များ အလုပ်လုပ်လာမည့် အချိန်ကို စောင့်ကြည့်မျှော်လင့်နေခဲ့ကြသည်။ ဇွဲ မလျော့ဘဲ စောင့်ပြီးရင်း စောင့်နေခဲ့ကြသည်။
နောက်ဆုံး တွင် မှတ်ဉာဏ်တခုချင်းစီနှင့် ဦးနှောက်ဆဲလ် (နူရွန်) တခုချင်းစီကြားတွင် သပ်ရပ်တိကျသော ဆက်စပ်မှုရှိနေသည်ဟု တွေ့ရှိရမည့်အစား ၎င်းတို့တွေ့ရှိခဲ့ရသည်မှာ ရှုပ်ထွေးပွေလီမှုကြီးသာ ဖြစ်နေသည်။ စမ်းသပ်ခံရသူများအား ပုံတပုံပြသလိုက်တိုင်း နူရွန်အမြောက်အမြား ကြွ တက်လာကြသည်။ ပိုဆိုးသည်မှာ တခါတရံတွင် ထိုနူရွန်အုပ်စုပင်လျှင် အခြား ပုံ များ အတွက်လည်း ကြွတက်လာတတ်ကြခြင်းပင်တည်း။
အစပိုင်းတွင် သိပ္ပံပညာရှင်များက ဤသည်မှာ စမ်းသပ်သည့် နည်းပညာဆိုင်ရာ ပြဿနာတခု ရှိနေ၍ ဖြစ်မည်ဟု တွေးထင်ခဲ့ကြသည်— ဆင်ဆာကိရိယာများမှာ လုံလောက်အောင် မတိကျသေးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြသည်။ ထိုနောက်ပိုင်း ဆယ်စုနှစ်များစွာတိုင်အောင် အာရုံကြောသိပ္ပံပညာရှင်များသည် ထိုစမ်းသပ်မှုကိုပင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။
၎င်းတို့၏ ကိရိယာတန်ဆာပလာများ ပိုမိုထိခိုက်လွယ်လာပြီး အာရုံခံနိုင်စွမ်း ကောင်းမွန်လာခဲ့သော်လည်း အဓိပ္ပာယ်ရှိသော ရလဒ်တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။ အဘယ်အရာများ ဖြစ်ပျက်နေသနည်း။ မည်သို့ပင်ဆိုစေကာမူ မှတ်ဉာဏ်ဆိုသည်မှာ ဦးနှောက်အတွင်းရှိ တနေရာရာတွင် ရှိကို ရှိနေရမည် ဖြစ်သည်။
အမ်အိုင်တီ (MIT) မှ သိပ္ပံပညာရှင် ဂျယ်ရီ လတ်ဗင် က ဖြေရှင်းချက်တခုကို တင်ပြခဲ့သည်။ ၎င်းမှာ မှတ်ဉာဏ်တခုသည် ဆဲလ်တခုတည်းတွင်သာ တည်ရှိနေသည်ဆိုသော အယူအဆမှာ လုံးဝအမှားပင် ဖြစ်သည်ဟူသော အချက်ပင်တည်း။ ဦးနှောက်အတွင်း၌ အထက်အောက် အဆင့်ဆင့် အုပ်ချုပ်သည့် အဆောက်အအုံပုံစံမျိုးကို သိပ္ပံပညာရှင်များက မည်မျှပင် ရှာဖွေလိုကြစေကာမူ ဦးနှောက်ထဲတွင် ထိုသို့သော အဆောက်အအုံမျိုး မရှိကြောင်း လတ်ဗင်က ငြင်းချက် ထုတ် ခဲ့သည်။
လတ်ဗင်၏ သီအိုရီမှာ ဟစ်ပိုကမ်ပတ်စ် သို့ အစီရင်ခံတင်ပြရသည့် သီးခြားနူရွန် များ အတွင်း၌ မှတ်ဉာဏ်များကို သိမ်းဆည်းထားခြင်းမဟုတ်ဘဲ ဦးနှောက်၏ နယ်ပယ်အသီးသီးတွင် မှတ်ဉာဏ်များ ပြန့်နှံ့တည်ရှိနေသည်ဟူသော အချက်ပင် ဖြစ်သည်။
အဘွား၏ မှတ်ဉာဏ်ကို သိမ်းဆည်းထားသည်ဟု ယူဆရသော ဒဏ္ဍာရီလာ နူရွန် ကို ကိုယ်စားပြုရန်အတွက် "အဘွားဆဲလ်" ဟူသော ဝေါဟာရကို သူက တီထွင်ဖန်တီးခဲ့သည်။ လတ်ဗင် ပုံဖော်ပြသခဲ့သော ဦးနှောက်၏ ပုံစံသည် ပထမအချက်အနေဖြင့် အလွန်ပင် ရှေးကျပြီး စနစ်တကျ မရှိလှသကဲ့သို့ ထင်ရပေမည်။ ဤမျှလောက် ရှုပ်ထွေးပြီး တွေးခေါ်နိုင်စွမ်းရှိသော စက်ယန္တရားကြီးတခုသည် အဘယ်ကြောင့် ဤမျှ ထူးဆန်းသော နည်းလမ်းဖြင့် တီထွင်ဖန်တီး ဆင့်ကဲဖြစ်ပေါ်လာခဲ့ရပါသနည်း။
ဤကဲ့သို့ ဖြန့်ကျက်ထားသော ဖွဲ့စည်းပုံက ဦးနှောက်ကို ပို၍ ကြံ့ခိုင်ခံ့နိုင်စွမ်း ရှိစေသည်။ ဥပမာအားဖြင့်ဆိုရသော် တစုံ တယောက်၏ ဦးနှောက်ထဲမှ သတ်မှတ်ထားသော မှတ်ဉာဏ်တခုခုကို ဖျောက်ဖျက်ပစ်ချင်သည် ဆိုကြပါစို့။ အထက်အောက် အဆင့်ဆင့်ဖွဲ့စည်းပုံ အရဆိုလျှင် သီးသန့်နူရွန် ဆဲလ် ကို ရှာဖွေပြီး ဓာတ် တို့ ဖျက်ဆီးလိုက်ရုံဖြင့် ထိုမှတ်ဉာဏ် ပျောက်ကွယ်သွားလိမ့်မည်။ သို့သော် လတ်ဗင် ၏ မော်ဒယ်တွင်မူ ထိုမှတ်ဉာဏ်ကို ဖျက်ဆီးရန် အလွန်တရာမှ ခက်ခဲလိမ့်မည်။ ဆဲလ်နာ့ဗ်ပုံစံ အစုံလိုက်ကို လိုက်၍ ဓာတ်တို့ ဖျက်ဆီးရမည်ဖြစ်ရာ ၎င်းမှာ ပို၍ပင် ခက်ခဲနက်နဲသော ကိစ္စရပ်တခု ဖြစ်လာမည် ဖြစ်သည်။
အာရုံကြော သိပ္ပံပညာရှင်များအနေဖြင့် ဦးနှောက်အတွင်းရှိ အရာအားလုံးကို ထိန်းချုပ်သော အဓိကဆဲလ် (Grandma cell) ကို ရှာဖွေနေကြသကဲ့သို့ပင်၊ ကျွန်ုပ်တို့သည် ဦးနှောက်အပြင်ဘက်ရှိ ကမ္ဘာကြီးကို လေ့လာကြည့်ရှုသည့်အခါတွင်လည်း သဘာဝအလျောက် အစဉ်တစိုက် စည်းစနစ်ကျမှုကို ရှာဖွေတတ်ကြသည်။ ကျွန်ုပ်တို့သည် မိမိတို့ပတ်ဝန်းကျင်ရှိ အရာရာတိုင်းတွင် အထက်အောက် အဆင့်ဆင့် အုပ်ချုပ်မှုစနစ် ကို ရှာဖွေတတ်ကြသည်။ ၎င်းသည် Fortune 500 ကုမ္ပဏီကြီးတခု၊ စစ်တပ်တတပ် သို့မဟုတ် အသိုက်အဝန်းတခုခုကို ကြည့်သည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ သဘာဝတုံ့ပြန်မှုမှာ "ဘယ်သူက ဦးဆောင်နေတာလဲ" ဟု မေးမြန်းရန်ပင် ဖြစ်သည်။
ယခု တင်ပြမည့် အကြောင်းအရာများသည် ဦးဆောင်သူ တဦးတယောက်မျှ မရှိတော့သောအခါ ဘာတွေဖြစ်လာတတ်သည်ကို ဖော်ပြထားခြင်း ဖြစ်သည်။ အထက်အောက် အုပ်ချုပ်မှု အဆင့်ဆင့် (ဝါ) အာဏာစနစ် မရှိတော့သည့်အခါ မည်သို့ဖြစ်ပျက်တတ်သည်ကို ဆိုလိုခြင်း ဖြစ်သည်။ မူမမှန်မှုများနှင့် ရောထွေးရှုပ်ထွေးမှုများပင် ဖြစ်ပေါ်လာမည်ဟု လူအများက ထင်မြင်ကြလိမ့်မည်။
သို့သော် နယ်ပယ်အသီးသီးတွင် အစဉ်အလာ ခေါင်းဆောင်မှု ကင်းမဲ့နေခြင်းက စက်မှုလုပ်ငန်းနှင့် လူ့အဖွဲ့အစည်းကို မှောက်လှန်ပစ်နိုင်မည့် အင်အားစု များ ပေါ်ထွက်လာစေရန် တွန်းအားပေးနေပေသည်။ အတိုချုပ်ဆိုရသော် ကျွန်ုပ်တို့၏ ပတ်လည်ဝန်းကျင် တခုလုံးတွင် ထိုကဲ့သို့သော တော်လှန်ရေးကြီး တခု တောက်လောင်လာနေပြီ ဖြစ်သည်။