ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(14)

by Hla Soewai - Oct 17 2020

၁၉၃၉ ခုနှစ် နိုင်ငံခြားရေး ဝန်ကြီး ရုံး အမေရိကန် ဌာနတွင် အမှုထမ်း ခဲ့ရသည့် ကာလများကို ပြန်လည် အစကောက်ရဦးမည် ဖြစ်သည်။ ထိုဌာနတွင် ကျွနုပ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ခြောက်လ ခန့် ရှိလာချိန် တရက်တွင် ကျွနုပ်၏ အကြီးအကဲ တဦးက ခေါ်တွေ့ပြီး “မောင်ရင် ကရင်မလင် ကို သွားရမယ်၊ စတာလင်က တွေ့ချင်လို့တဲ့” ဟု ပြောလာသည်။

 

ကျွနုပ်အဖို့ လုံးဝ မမျှော်လင့်သော စကားကို ကြားလိုက်ရခြင်းပင် ဖြစ်သည်။ ထိုအချိန်အထိ စတာလင်အား ရင်ပြင်နီတွင် ပြုလုပ်သော အခမ်းအနားတခု၌ ခပ်လှမ်းလှမ်းမှသာ တကြိမ် နှင့် ကရင်မလင် နန်းတော်ကြီး ရှိ ညီလာခံ တခုတွင် တကြိမ် မြင်ဖူးခြင်းမျိုးသာ ရှိပေသည်။

 

သတ်မှတ်ထားသည့် အချိန်တွင် ကျွနုပ်သည် ကရင်မလင်သို့ ရောက်ရှိလာခဲ့သည်။ စတာလင် ရုံးခန်း အပြင်ဖက် ရှိ ဧည့်ခန်းတွင် ကျွနုပ်အား အရပ်ခပ်ပြတ်ပြတ် ကိုယ်နေဟန် မတ်မတ် နှင့် လူတဦးက ဆီးကြိုနေသည်။ သူ့ကိုယ်သူ “ပေါရက်ဘီရှက်” ဟု မိတ်ဆက်လာသည်။ သူ သည် စတာလင်၏ ကိုယ်ရေး အရာရှိ ဖြစ်မှန်း သိလိုက်ရသည်။ သူက အခန်းထဲ ဝင်သွားပြီး ကျွနုပ် ရောက်ရှိလာပြီ ဖြစ်ကြောင်း အသိပေးလိုက်သည်။

 

စတာလင်၏ ရုံးခန်းထဲ ရောက်သည့် အခါ အခန်းအား ခပ်ရိုးရိုးရှင်းရှင်းသာ ပြင်ဆင် မွမ်းမံထားသည်ကို သတိထားမိလိုက်သည်။ သူတယောက်တည်း အလုပ်လုပ်သည့် အခါ သုံးရန် စာရေးစာပွဲး ခပ်သေးသေး တလုံး ချထားပြီး တိုင်ပင် ဆွေးနွေးသည့်အခါ သုံးရန် စားပွဲရှည် ကြီး တလုံးလည်း ရှိနေသည်။ နောင်တချိန်၌ ကျွနုပ်သည် ထိုစားပွဲကြီးတွင် အကြိမ်ပေါင်းများစွာ ထိုင်ရတော့မည်ကိုတော့ ထိုအချိန်က ရိပ်စားမိခဲ့ခြင်း မရှိပေ။ ထိုစားပွဲကြီးအား ပေါ်လစ်ဗျုရို အဖွဲ့ဝင်များ နှင့် ဆွေးနွေးသည့်အခါများတွင် သုံးလေ့ရှိသည်ကို နောင်မှ သိရှိလာခဲ့ရသည်။

 

ကျွနုပ် အခန်းထဲ ဝင်လာသည့် အချိန်တွင် စတာလင်သည် ထိုစားပွဲကြီးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေး တွင် မတ်တပ်ရပ်နေသူသည် ကျွနုပ်နှင့် ဆုံဖူးပြီးသား ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ မိုလိုတော့ ပင် ဖြစ်သည်။ ကျွနုပ်အား နှုတ်ခွန်းဆက် စကား အနည်းငယ် ပြောပြီးနောက် စတာလင်က ဆင့်ခေါ်ရသည့် အကြောင်းကို စပြောလာသည်။

 

“ကျုပ်တို့ ရဲဘော် ဂရိုမီကို ကို ယူအက်စ်အေ မှာရှိတဲ့ ဆိုဗီယက် သံရုံး ရဲ့ ဒုတိယ အကြီးအကဲ အဖြစ်နဲ့ လွှတ်ဖို့ စဉ်းစားနေတယ်”

 

သံတမန်များ ဆိုသည်ကလည်း စစ်သားများကဲ့သို့ပင် အခြေအနေပေါ် မူတည်ပြီး ဗြုန်းစားကြီး လှုပ်ရှားနိုင်ဖို့ အဆင်သင့် ဖြစ်နေရစမြဲပင်။ ကျွနုပ် အဖို့ ထိုသို့ ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် ပွင့်ပွင့်လင်းလင်း ပြောရလျှင် အခု ပြောလာသည့် စကားအတွက် အံဩစိတ်ကို ဖုံးဖိမထားနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ကျွနုပ်ထံမှ ဘာစကားမှ ထွက်မလာသည်နှင့် ကျွနုပ် အနေဖြင့် ဆိုဗီယက်-အမေရိကန် ဆက်ဆံရေး တွင် အထူးအလေးထားရမည့် အချက်များကို စတာလင်က သူ့ထုံးစံအတိုင်း တိုတိုတောင်းတောင်း ဖြင့် အကျဉ်းချုပ် ပြောလာခဲ့သည်။

 

“ဆိုဗီယက် ပြည်ထောင်စု အဖို့ အမေရိကန်လို အင်အားကြီး နိုင်ငံတခုနဲ့ လက်တွေ့ကျမယ့် ဆက်ဆံရေး မျိုး ထိန်းသိမ်းထားဖို့ လိုတယ်၊ အထူးသဖြင့် အခုလို ဖက်ဆစ် အန္တရာယ် ကြီးထွားလာနေတဲ့ အချိန်မျိုးမှာပေါ့”

 

အခြားသော ပြဿနာ များကိုလည်း တိကျပြတ်သားစွာ အကြံပေးလာပြီး မိုလိုတော့ က လည်း ဘေးမှ လိုအပ်သည်များကို ဝင်ထောက်ပေးခဲ့သည်။

 

“မောင်ရင်ကို အမေရိကန် လွှတ်တယ် ဆိုတာကလည်း တလတန်သည်၊ တနှစ်တန်သည်မျိုး မဟုတ်ဖူးနော်” ဟု ပြောရင်း ကျွနုပ်အား အကဲခတ်လိုက်ပြန်သည်။ ထို့နောက် ကောက်ကာငင်ကာ ဖြင့် “ဒါနဲ့ မောင်ရင် အင်္ဂလိပ်စာ လေ့လာမှုကကော ဘယ်အခြေအနေ ရောက်နေပြီလဲ” ဟု မေးလိုက်သည်။

 

“ကြိုးစားနေရတုန်းပါပဲ ခင်ဗျ၊ တဖြေးဖြေး နဲ့ အဆင်ပြေလာပြီလို့ ယူဆရပါတယ်၊ ပြောနေပြောထ မရှိတာလောက်ပဲ အခက်အခဲ ဖြစ်နေပါတယ်”

 

ထိုအခါ စတာလင် ပြောလာသည့် အကြံဉာဏ်ကြောင့် ကျွနုပ်မှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရပေသည်။ “ဒီလိုလုပ်ပါလား ရဲဘော် ဂရိုမီကို အမေရိကန် ဘုရားကျောင်းတွေ တခါတခါ သွား သွားပြီး သူတို့ ဟောပြောနေတာတွေကို နားထောင်၊ တရားဟောဆရာတွေ ပြောတဲ့ အင်္ဂလိပ်စကား တွေက ကောင်းတယ်၊ ပြီးတော့ သူတို့ သုံးတဲ့ စကားလုံးတွေက အဆင့်မြင့်တယ်ကွ၊ ငါတို့ ရုရှား တော်လှန်ရေးသမားတွေ ဆို ဘာသာစကား သင်ယူ လေ့ကျင့်ဖို့ ဆိုပြီး နိုင်ငံခြားမှာ ရှိနေတုန်းက အဲ့လိုပဲ လုပ်ကြရတယ် "

 

ဤသည်ကပင် ကျွနုပ် နားမလည်နိုင် ဖြစ်သွားခဲ့ရခြင်းပင်တည်း။ စတာလင်လို ဘာသာမဲ့ကြီး တယောက်က အဘယ်သို့များ အမေရိကန် ဘုရားကျောင်းတွေ ဆီ သွားဖို့ ပြောနေရပေသနည်း။ ကျွနုပ်၏ ခံယူချက် မည်မျှ ခိုင်မာနေသလဲကို စမ်းသပ်နေခြင်းပေလော၊ ကျွနုပ်လည်း ဘာမှ ထပ်မပြောမိအောင် ကြိုးစားနေခဲ့ရသည်။

 

ကျွနုပ်သည် တခါဖူးမျှ အမေရိကန် ဘုရားရှိခိုးကျောင်းများကို သွားရောက်ခဲ့ခြင်း မရှိပေ။ ကျွနုပ်အဖို့ ဤတကြိမ်သာလျှင် စတာလင်၏ တိုက်ရိုက် အကြံပေးချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းပင် ဖြစ်သည်။ ဆိုဗီယက် သံတမန် တယောက် သည် အမေရိကန် ဘုရားရှိခိုးကျောင်း ထဲ ထိုင်နေပါသည် ဆိုသော သတင်းသည် အမေရိကန် သတင်းစာဆရာတို့ ဖိုးကျိုင်းတုတ် ဖြစ်သွားပေတော့မည်။

 

ဤသို့ဖြင့် ကျွနုပ်နှင့် စတာလင် ပထမ အကြိမ် ဆုံတွေ့ ဖြစ်ခဲ့သည်။

 

ကရင်မလင်မှ ပြန်ထွက်လာပြီးနောက် ကျွနုပ်၏ အကျင့်အတိုင်း ဖြစ်ပျက်ခဲ့သည်များကို အနုလုံပဋိလုံ ပြန်စဉ်းစားခဲ့မိပြန်သည်။ အမေရိကန်ရှိ သံအမတ်ကြီး ဖြစ်သူ ကေ အေ ယူမန်စကီးအား မကြာသေးခင်ကမှ မော်စကို သို့ ပြန်ခေါ်ခဲ့သည်ကိုလည်း ကျွနုပ် သိပြီး ဖြစ်သည်။ သူ၏ လုပ်ပုံကိုင်ပုံများကို အထက်မှ သဘောမကျသောကြောင့် ဆိုသည်မှာ သိသာနေသည်။

 

သို့ဆိုက ကျွနုပ်အား အရေးကြီးသော တာဝန်တရပ် ပေးရန် ယုံကြည်စိတ်ချခဲ့ကြသည့် သဘောပင် ဖြစ်သည်။ နောက်ပိုင်းတွင်မှ ကျွနုပ် သိလာခဲ့ရသည်မှာ စတာလင် နှင့် မိုလိုတော့ နှစ်ယောက်စလုံးက ယူမန်စကီး အား မကျေမနပ် ဖြစ်နေခဲ့ကြသည် ဆိုသည်ကိုပင်။ ယူမန်စကီးသည် နောက်ပိုင်း ဝါရှင်တန် သို့ ပြန်လာနိုင်ခဲ့သော်လည်း သံအမတ်အဖြစ် ကြာရှည် မြဲဖို့ အရေးကား မကြိမ်းသေတော့ပေ။

 

ယူအက်စ်အက်စ်အား ဟစ်တလာက တိုက်ခိုက်လာပြီး နောက်တွင် အမေရိကန်သို့ စေလွှတ်မည့် သံအမတ်တယောက်သည် နိုင်ငံပေါင်းချုပ် အသင်းကြီး နှင့် ထဲထဲဝင်ဝင် ဆက်ဆံခဲ့ပြီး နိုင်ငံတကာ ၏ လေးစားခြင်းကို ခံရသူ ဖြစ်လျှင် ရုစဘဲလ် က သဘောကျမည် ဆိုသည့် အယူအဆများ ထွက်ပေါ်လာသည်။ ထို့အတွက် အမ်အမ် လီဗီတော့ အား သံအမတ်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် သူ၏ သက်တမ်းကား တိုတောင်းလှသည်။ စတာလင်က ဆိုဗီယက်-အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ရုစ်ဘဲလ် အား ချွေးသိပ်သည့် အနေဖြင့် ယာယီ စေလွှတ်ခဲ့ခြင်းမျိုးသာ ဖြစ်ပေသည်။

 

ကျွနုပ်လည်း စတာလင် နှင့် တွေ့ပြီး နောက်တွင် အမေရိကန်သို့ ထွက်ခွာရန် မိသားစု အားလုံး အထုတ်အပိုးတွေ ပြင်ခဲ့ရပေတော့သည်။ ကျွနုပ်သည် နိုင်ငံခြားသို့ တကြိမ်တခါမျှ ရောက်ဖူးခဲ့ခြင်း မရှိပေ။ ကျွနုပ်တို့ မိသားစုသည် ဂျီနိုအာ မှ အမေရိကန် သို့ သင်္ဘောစီးနိုင်ရန် ရိုမေးနီးယား၊ ဘူလ်ဂေရီယား နှင့် ယူဂိုစလားဗီယားတို့ကို ဖြတ်သန်းလာခဲ့ရသည်။

 

ဤသို့ ဖြင့် အီတလီ သည် ကျွနုပ် အဖို့ ပထမဆုံးအကြိမ် အနီးကပ် လေ့လာခွင့် ရခဲ့သော အရင်းရှင် နိုင်ငံပင် ဖြစ်ပေတော့သည်။ တွေ့မြင်ရသမျှ တိုင်းသည် ကျွနုပ်အဖို့ ဆိုဗီယက် လူမှု အသိုက်အဝန်း နှင့် ကွာခြားချင်တိုင်း ကွာခြားနေရပေသည်။ အထူးသဖြင့် လူများ၏ ဝတ်စားဆင်ယင်မှု ပိုင်းတွင် ဖြစ်သည်။ နောက်တချက်က အီတလီ လူမျိုးနှစ်ဦး ဆုံတွေ့သည့်အခါတိုင်း တဦးက ကျန်တဦးအား မိန့်ခွန်းပြောနေသလို စကားကို ဆက်တိုက် ပြောဆိုလေ့ရှိပြီး ကျန်တဦးကလည်း တဖက်လူ ပြောသည့် စကားကို ပြီးအောင် နားမထောင်ပဲ သူကလည်း တဖန် ပြန်၍ မိန့်ခွန်းပြောသလို ဆက်တိုက် ပြောဆိုတတ်ပြန်သည် ဆိုသည်ပင် ဖြစ်သည်။ ထို့အတွက် ဘေးကလူတယောက် အဖို့က အခြေအတင် ငြင်းခုံပြောဆိုနေသယောင် ယူဆစရာ ဖြစ်လာရသည်။

 

ဂျီနိုအာ တွင် ကျွနုပ် သတိအထားမိဆုံး အရာကား ထင်ရှားသည့် အီတလီ မြို့များရှိ လမ်းကြားကလေးများကိုပင် ဖြစ်သည်။ လမ်းတဖက်တချက် ရှိ အိမ်ပြတင်းပေါက်များမှ လှန်းထားသော အဝတ်တန်း များက တအိမ် နှင့် နောက်တအိမ်သို့ ပင် ရောက်နေသည်။ ကျွနုပ်စိတ်ထဲတွင်တော့ ကိုယ့်အဝတ်အစား သူ့အဝတ်အစား ဘယ်လိုများ ခွဲနိုင်နေကြပါလိမ့်ဟုပင် တွေးနေမိသည်။ ကျွနုပ်တို့ ရုရှားများ အဖို့ကား သေချာပေါက် မှားကုန်ကြမည်သာ ဖြစ်သည်။

 

ယူမန်စကီးလည်း ကျွနုပ်တို့နှင့် အတူ အမေရိကန် သို့ ပြန်လိုက်လာ၍ အတူတူပင် အီတလီ ခရီးသည်တင် သင်္ဘော Rex ကို စီးရန် နေပယ်မြို့ သို့ ထွက်လာခဲ့ကြသည်။ (အဆိုပါ သင်္ဘောအား နောက်ပိုင်းတွင် အီတလီ တောင်ပိုင်း အေဒရီယတစ် ပင်လယ်နှင့် ထိစပ်နေသော ဘာရီ ဆိပ်ကမ်းတွင် ဗြိတိသျှ တို့က နှစ်မြှုပ်ပြစ်ခဲ့ကြသည်)