ဒေါ်အောင်ဆန်းစုကြည်

by Hla Soewai - Oct 19 2020

တောင်အာဖရိက လွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့သူ နယ်ဆန် မင်ဒဲလား အား ပထမ ပိုင်းတွင် နိုင်ငံတကာ က ဗီလိန်ကြီး တဦး အလား ပြောဆို ရှုတ်ချခဲ့သည်။ အောင်ဆန်းစုကြည် သည်ကား နယ်ဆန် မန်ဒဲလား နှင့် ပြောင်းပြန် ဖြစ်သွားခဲ့ရရှာသည်။

 

၁၉၉၁ တွင် နိုဘယ် ငြိမ်းချမ်းရေး ဆု ကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသော်လည်း ၂၀၁၆ တွင် လူ နှစ်သိန်း ခန့်က လက်မှတ်ရေးထိုးကာ သူမအား ဆု ကို ပြန်ပေးရန် သို့မဟုတ် ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခြင်း ခံခဲ့ရသည်။ အဆိုပါ စာထဲတွင် ဖေါ်ပြထားသော သူမ၏ ပြစ်ချက်များက မူဆလင်များအပေါ် လေးစားမှု မရှိ၊ “ရိုဟင်ဂျာ” ဆိုသူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ထုတ်ဖေါ် ပြောဆို ရှုတ်ချခြင်း မရှိခဲ့သောကြောင့် ဟူ၍ ဖြစ်သည်။

 

ထိုမျှသာ မကသေး၊ စက်တင်ဘာ ၂၀၁၇ တွင် သူမ၏ တောင်အာဖရိက မှ မိတ်ဆွေဟောင်းကြီး ဖြစ်သူ ဘုန်းတော်ကြီး ဒက်စ်မွန် တူတူး ကလည်း အလားတူ သဘောမျိုး ဖြင့် လွန်စွာ စိတ်မကောင်း ဖြစ်မိကြောင်း လူသိရှင်ကြား စာရေးသား ပေးပို့လာခဲ့ပြန်သည်။ သူမ ပညာသင်ယူခဲ့ရာ အောက်စဖို့ သိပ္ပံကျောင်း တိုက်ကြီးမှ သူမ၏ ရုပ်ပုံ ပန်းချီကား ကို ဖယ်ရှား ပြစ်လာခဲ့ပြီး အောက်စဖို့ မြို့ကောင်စီမှလည်း သူမအား ယခင်က ပေးထားသော ဆုကို ပြန်လည် ရုပ်သိမ်းပြစ်ခဲ့သည်။

 

ထိုသို့ ဖြစ်ပေါ်ပြောင်းလဲလာမှု များ အပေါ် ၂၀၁၂ ခုနှစ် တွင် Beast and Beauty စာအုပ်ဖြင့် အောင်ဆန်းစုကြည် ၏ စစ်အစိုးရအား ရုန်းကန်ဆန့်ကျင်ခဲ့ရပုံများ အကြောင်းကို ရေးသားခဲ့သူ ဂျာမန် သုတေသီ Hans-Bern Zöllner ၏ နှိုင်းယှဉ် သုံးသပ်ချက်က ပြောင်မြောက်လွန်းလှပေသည်။ သူ၏ စာအုပ်ထဲတွင် အရိုင်းအစိုင်းသာသာ ရှိသော သတ္တဝါကြီးသည် အလှမယ်လေးအား ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ သို့သော် အလှမယ်လေးက သူမတွင်ရှိ သည့်ယဉ်ကျေး သိမ်မွေ့သော အနေအထိုင် အပြုအမူ များ ဖြင့် မြင့်မြတ်သည့် စိတ်ထား မွေးမြူလာသော၊ ချောမော လှပသော၊ မင်းသားလေးတပါး ဖြစ်အောင် အသွင်ပြောင်းပေးနိုင်ခဲ့သည်။ သို့သော် ၂၀၁၆ တွင်ကား အလှမယ်လေးသည် မည်မျှပင် ယဉ်ကျေးအောင် ပြုပြင် သွန်သင်ခဲ့စေကာမူ မင်းသားလေးသည် ယခင်ကလို အရိုင်းအစိုင်းသာသာ ဘဝ သို့ ပြန်ရောက်သွားခဲ့ရပေတော့သည်။

 

ထိုအခါ ပရိသတ်က သူမအား အလှမယ် လေး အဖြစ် မျက်စိထဲ မမြင်ကြတော့ပေ။ တနည်းဆိုရလျှင် အောင်ဆန်းစုကြည်သည် အနောက်အုပ်စုရှိ သူမအား ထောက်ခံသူများကို အနောက်တိုင်း ဒီမိုကရေစီ ကို ပုံဖေါ်နေသူဟု ယူဆကုန်ကြသည်။ ထိုသို့ ကြိုးပမ်းနေမှုကလည်း အောက်စဖို့ နှင့် နယူးယောက်တွင် သူမ ကာလကြာမြင့်စွာ နေထိုင်သွားခဲ့စဉ်အတွင်း ရှူရှိုက်ခဲ့ရသည့် လွတ်လပ်သော အငွေ့အသက်များ ကို တောင့်တလာမိ၍ ဖြစ်မည်ဟု ဆိုသည်။ ယခုအခါ ထိုသို့ ထင်မြင်ယူဆခဲ့ရာမှ ပေါက်ဖွားလာသော ၎င်းတို့၏ မျှော်လင့်ချက်များကို ယခုအခါ တဖြောင်းဖြောင်း နှင့် ရိုက်ချိုး ပြစ်လာနေသည်ဟု ခံစားလာရခြင်းသာ ဖြစ်သည်။

 

၂၀၁၇ ခုနှစ် အတွင်း “ရိုဟင်ဂျာ” များကို မြန်မာစစ်တပ်မှ တိုက်ခိုက် သတ်ဖြတ်လာမှုများ အပေါ် သူမ မှ ရှုတ်ချပြောဆိုခဲ့ခြင်း မရှိသည်မှာလည်း ၎င်းတို့ အဖို့ လွန်စွာ စိတ်ပျက်ဖွယ် ဖြစ်လာနေခဲ့ရသည်။ အကယ်၍ ၎င်းတို့ အလိုအတိုင်း သူမက ထုတ်ဖေါ်ပြောဆိုခဲ့လျှင် မြန်မာစစ်တပ်မှ သူမအား ခါးခါးသီးသီး တန်ပြန် တိုက်ခိုက်လာကြမည် သာ ဖြစ်သည်။ ထို့အပြင် သူမ ထုတ်ဖေါ်ပြောဆို၍ကော ၎င်းတို့ ကျူးလွန်နေသော ရက်စက်ကြမ်းကြုပ်သည့် လုပ်ရပ်များမှာ ရပ်ဆိုင်းသွားမည်လော။

 

ဤသည်ကိုလည်း ရိပ်စားမိလာသဖြင့် နောက်ထပ် တဆင့်တက်ကာ လက်ရှိ အစိုးရအဖွဲ့မှ နှုတ်ထွက် သွားမည် ဆိုလျှင် အခြေအနေများ သိသိသာသာ ပြောင်းလဲသွားနိုင်သည်ဟု ဆိုပြန်သည်။ လက်ရှိအနေအထားကို ပြင်းထန်စွာ လှုပ်ခါ လိုက်သလို ဖြစ်မည်ဟုလည်း ယူဆကြပြန်သည်။ ထို့အပြင် အစိုးရ အဖွဲ့မှ နှုတ်ထွက်လိုက်မည်ဆိုက သူမအား လူသား ဒိုင်း ကြီးသဖွယ် လုပ်ကာ နောက်ကွယ်တွင် ပုန်းအောင်းနေသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အဖို့ အကာအကွယ် မဲ့သွားကာ နိုင်ငံတကာ မှ ယခုထက် ပို၍ ပြင်းထန်သော ဝေဖန်မှုများ နှင့် ရင်ဆိုင်ရပေမည်။ ထိုမျှသာ မကသေး အိမ်နီးချင်း နှစ်နိုင်ငံ ဖြစ်သော တရုတ် နှင့် အိန္ဒိယ တို့လည်း ရေငုံနှုတ်ပိတ်နေ၍ မရတော့ပဲ ၎င်းတို့၏ သဘောထားကို မဖြစ်မနေ ထုတ်ဖေါ်ပြောဆိုလာရမည်ဟု မျှော်လင့်ခဲ့ကြသည်။

 

အောင်ဆန်းစုကြည်သည် ထိုသို့ နှုတ်ထွက်သွားမည် ဆိုက မြန်မာ အစိုးရ အဖွဲ့အတွင်း သူမ အနေဖြင့် ဩဇာ သက်ရောက်မှု မရှိနိုင်တော့ဘဲ တဖြေးဖြေး နှင့် ရှေ့သို့ ရွေ့ကာ ပုံဖေါ်နေသည့် နိုင်ငံ အတွင်း ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ အတွက် လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

 

မည်သို့ပင် ဖြစ်စေ အောင်ဆန်းစုကြည် သည် အစိုးရ အဖွဲ့အတွင်း ဆက်လက် ရှိနေရန်ကိုသာ ရွေးချယ်ခဲ့သည်။ ထို့အတွက် သူမ၏ ဂုဏ်သိက္ခာ နှင့် ကိုယ်ကျင့်တရား ခံယူချက်များ အပေါ် အကြီးအကျယ် ဝေဖန်ခံခဲ့ရပေသည်။

 

သို့သော်ငြားလည်း သံတမန် များ နှင့် နိုင်ငံ ခေါင်းဆောင်များ၏ စိတ်ဝယ် အရေးတကြီး မေးခွန်းထုတ်စရာ တခု ပေါ်ပေါက်လာခဲ့ရသည်။ ဤသည်ကား မြန်မာ၏ ပြည်တွင်း ပြည်ပ မူဝါဒများ၊ လှုပ်ရှားမှုများ နှင့် စပ်လျှင်း၍ သူမ၏ လက်တွေ့ကျကျ လုပ်ဆောင်နိုင်စွမ်းအပေါ် “ရိုဟင်ဂျာ” ပြဿနာက မည်သို့မည်ပုံ သက်ရောက်မှု ရှိလာနိုင်သနည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။ ထိုမေးခွန်းသည်ကပင် အောင်ဆန်းစုကြည် ကိုယ်တိုင် နှင့် စစ်တပ် တို့ အတွက် အဓိက စဉ်းစားရမည့် ကိစ္စကြီး လည်း ဖြစ်လာရသည်။

 

ကျွနုပ်တို့ အနေနှင့်ကော သူမ၏ ပြုမူ ဆောင်ရွက်မှုများ အပေါ် အဓိပ္ပါယ် ဖေါ်နိုင်စွမ်း ရှိမည်လော။

 

အောင်ဆန်းစုကြည်ကို ထိုးထွင်းသိမြင်နိုင်ဖို့မှာ လွန်စွာ ခက်ခဲကြောင်း သိသာ ထင်ရှားနေပေသည်။ သူမသည် ငယ်စဉ်ကပင် လွန်စွာမှ စည်းကမ်းတကျ နေထိုင်တတ်သူ ဖြစ်ပြီး သူမ၏ စိတ်ထဲက ခံစားချက်များကို မြိုသိပ် နိုင်စွမ်း ရှိသူ လည်း ဖြစ်သည်။ သူမသည် တကိုယ်တည်း နေထိုင်လာခဲ့ပုံ ရှိပြီး ဝေဖန်ခံရမှုများ အတွက်လည်း ကျင့်သားရနေပုံရှိသည်။ အစိုးရ အဖွဲ့ထဲ ရောက်ရှိလာသည့် အခါတွင်လည်း သူမလိုပင် လျို့ဝှက် သိပ်သည်းစွာ နေထိုင်တတ်ပုံရသည့် ဗိုလ်ချုပ်ဟောင်းကြီး များ ၏ အကြံဉာဏ်များ နှင့်ထိတွေ့ခဲ့ရသည်။ ထို အကြောင်းအခြင်းများ ပေါင်းစပ်ထားသော အောင်ဆန်းစုကြည် ၏ လုပ်ပုံကိုင်ပုံ ၊၂၀၁၆ တွင် သူမနှင့် ပတ်သက်သည့် နိုင်ငံရေး အသိုက်အဝန်း အကြောင်း အား အတွင်းကျကျ လေ့လာ သိရှိနိုင်အောင် ကြိုးပမ်းမည်ဆိုက လွန်စွာ ခက်ခဲနက်နဲ မည့် တာဝန်ကြီး တခု ကို ယူရသလို ရှိပေလိမ့်မည်။

 

ထိုသို့ လျို့ဝှက် နက်ရှိုင်း မှုများ ဝန်းရံနေသည့် အကြားမှ အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေး ဖြတ်သန်းမှု အပေါ် ရှင်းလင်း ပြတ်သားစွာ ဖွင့်ဟပြောခဲ့သည့် အကြောင်းခြင်းရာ တခုတော့ ရှိပေသည်။ ဤသည်က သူမ အထင်ကြီး လေးစားခဲ့သည့် ဖခင်ကြီးဖြစ်သူ၊ မြန်မာ တပ်မတော်ကို ထူထောင်ပေးခဲ့သူလည်းဖြစ်၊ ပထမဆုံးသော ဝန်ကြီးချုပ်လည်း ဖြစ်သည့် အောင်ဆန်း၏ မျှော်မှန်းခဲ့သည်များ ကို ဆက်လက် ထမ်းရွက်ရန် ဆိုသည့် ရေရှည် အကောင်အထည် ဖေါ် ရမည့် ရည်မှန်းချက် ပင် ဖြစ်သည်။

 

ဖခင် ဖြစ်သူ မျှော်မှန်းခဲ့သလို နိုင်ငံနယ်နမိတ် အတွင်း နေထိုင်လျှက် ရှိကြသော တိုင်းရင်းသား လူမျိုးအားလုံးသည် လွတ်လပ်သော ဗမာပြည်ထောင်စု၏ နိုင်ငံသားများ အဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နှင့် သာယာဝပြောစွာ အတူ ယှဉ်တွဲနေထိုင်သွားနိုင်ရေး လုံးပမ်းရမည် ဆိုသည့်တာဝန်ကြီးပင် ဖြစ်သည်။ ထိုတာဝန်ကို ဖြည့်ဆည်းနိုင်ရေး အတွက် မရေရာမှုများ အခက်အခဲ များ ပါဝင်နေပြီး ထိုအထဲတွင် ‘ရိုဟင်ဂျာ” ဆိုသူများ အရေးက သိသိသာသာ လမ်းညွှန်ချက်ဟူ၍ကား မရှိပေ။

 

အောင်ဆန်းစုကြည် အဖို့ မည်သို့ပင် ဖြစ်စေ ဖခင်ကြီး ညွှန်ပြခဲ့သည့် လမ်းကြောင်း အတိုင်း တသွေမတိမ်း လျှောက်လှမ်းမည်သာ ဖြစ်သည်။ မိခင် ဖြစ်သူ ဒေါ်ခင်ကြည်ကလည်း ငယ်စဉ်ကပင် သူမအား ထိုအတွေးအခေါ်များကို ပြုစုပျိုးထောင်ပေးခဲ့သည်။ သူမ၏ အဖေထံမှ ရက်ရက်စက်စက် လုယူသွားခဲ့သော နိုင်ငံတော်အာဏာ ကို လက်ဝယ် အရောက် ပြန်ယူပြီး ဖခင်၏ ရည်မှန်းချက်များ၊အမှန်တကယ် အကောင်အထည် ပေါ်လာနိုင်ရေးသည် သူမအတွက် မဖြစ်မနေ ထမ်းဆောင်ရမည့် ကိုယ်ရေးကိုယ်တာ ကိစ္စကြီး သဖွယ် စွဲမြဲစွာ ခံယူသွားနိုင်အောင် သွန်သင်ခဲ့ပြီးလည်း ဖြစ်သည်။

 

(ဆက်လက် တင်ပြပါမည်)

 

ဒင်းနစ် စမစ် ၏ “ကမ္ဘာ့ မျက်နှာစာ မှ အနောက် အုပ်စု ထွက်ခွာပြီ” အက်ဆေးများမှ