ဒေါ်အောင်ဆန်းစုကြည် (၂)

by Hla Soewai - Oct 21 2020

အောင်ဆန်းစုကြည်သည် သူ၏ နိုင်ငံရေး ဘဝ တခုလုံးကို ဒီမိုကရေစီ အရေးအား လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံခဲ့ရှာသည့် မိဘနှစ်ပါး၏ ဆန္ဒကို ဖြည့်ဆည်းရန် မြှုပ်နှံထားခဲ့ပုံရသည်။ ထို့အတွက်လည်း သူမ ဘဝတလျှောက်လုံး သားသမီး ဝတ္တရား ကျေပြွန်ချင်သည့် စိတ်ကလည်း တထောင့်တနေရာ မှ တွန်းအားပေးခဲ့ပုံရသည်။ ဤနေရာတွင် မိခင် အပေါ် လွန်စွာ လေးစား မြတ်နိုးပုံရှိသည့် အော်စကာ ဝိုင်း ထက် အပုံကြီး သာ သည်ဟု ပြော၍ရပေသည်။ အော်စကာ ဝိုင်းသည် သူ၏ ဘဝ အတက်အကျ များ တွင် မိခင်ကြီးက သက်ရှိထင်ရှား ရှိနေခဲ့ပြီး သူ၏ မင်းမဲ့ဝါဒ နှင့် စိတ်ကူးယဉ် အတွေး အခေါ်များ အားလုံးသည် မိခင်ကြီးထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။

 

နယ်ဆန် မင်ဒဲလား နှင့် အေမရီ တို့ နှစ်ဦးစလုံးကတော့ သူတို့ နှစ်ဦးလို မိဘများ၏ အတွေးအခေါ်များ လွှမ်းမိုး မခံခဲ့ရပေ။ နှစ်ယောက်စလုံးက ငယ်စဉ်ကတည်းကပင် မိဘ များ ၏ သွန်သင် ဆုံးမမှု အောက်မှ ရုန်းထွက်ခဲ့ကြသူများ ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကိုယခုထက် ပို၍ နက်နဲစွာ ဆန်းစစ်မည် ဆိုလျှင်တော့ မကြာမီက ဖြစ်ပျက်ခဲ့သည်များနှင့် ဆက်စပ်နေသည့် နောက်ခံ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် သိထားဖို့ လိုပေသည်။ ထိုသို့ သိနိုင်ရန် အောင်ဆန်းစုကြည် ၏ မျိုးရိုးဖြစ်သော သူပုန်ကြီးများမှသည် ရှုပ်ထွေး ကျယ်ပြန့်လှသော ဘူမိ နိုင်ငံရေး သမိုင်းကြောင်းများ ဖြစ်သည့် မြန်မာ ဘုရင်ခေတ် (၁၈၉၅ အထိ)၊ ဗြိတိသျှ အင်ပိုင်ယာ အိန္ဒိယ ရပ်ချ် လက်အောက်ခံ ကိုလိုနီ ဘဝ (၁၉၄၈ အထိ)၊ Union of Burma (၁၉၈၉ အထိ) နှင့် Union of Myanmar (၁၉၈၉ နောက်ပိုင်း) အထိ လေ့လာရမည် ဖြစ်သည်။ အောင်ဆန်းစုကြည်သည် Burma နှင့် Myanmar ပါ သူမနိုင်ငံ အတွက် တရားဝင် ခေါ်ဝေါ်၍ ရသော အမည်များ ဖြစ်သည်ဟု ရှင်းလင်းစွာ ပြောထားခဲ့ပြီး ဖြစ်သည်။

 

ဘူမိ သမိုင်းကြောင်း ကို သိရန် မြန်မာ၏ ပထဝီ အနေအထား ကိုလည်း သိထားမှ ဖြစ်ပေမည်။

 

မြန်မာ သည် စိန်ပွင့်ကြီး ပုံသဏ္ဌာန် ရှိ စွန် တခု နှင့် ဆင်တူပေသည်။ ဧရာဝတီ မြစ်သည် စိန်ပွင့်ကြီး ၏ အလယ်၊ မြောက် မှ တောင်သို့ ဖြတ်စီး နေကာ ဘင်္ဂလား ပင်လယ်အော်ထဲသို့ သယ်ဆောင်လာသမျှ ကို အန်ထုတ် ပြစ်နေသည်။ မြန်မာ၏ ကုန်းတွင်း နယ်မြေများသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် မှ တောင်ဖက်သို့ စွန်၏ အမြီး လို ရှည်ရှည်မျောမျော ဆင်းလာကာ ထိုင်း နိုင်ငံ နှင့် နယ်နမိတ် ထိစပ်နေပြန်သည်။

 

မြန်မာ၏ အလယ်ပိုင်း ကုန်းတွင်း ချိုင့်ဝှမ်းအား အရှေ့၊ အနောက်၊ မြောက်ဖက်မှ မြင့်မား မတ်စောက်သော တောင်တန်းကြီးများ နှင့် သဘာဝ သစ်တောကြီးများ ဖြင့် ဝိုင်းရံထားသည်။ အဆိုပါ ကုန်းမြင့်ဒေသကြီးများ သည် ထိုင်း နယ်စပ်အထိ သွယ်တန်းနေပြီး အရှေ့ဖက်ရှိ လာအို၊ အရှေ့မြောက်ဖက်ရှိ တရုတ်၊ အနောက်ဖက်တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ တို့ နှင့် ထိစပ်သွားခဲ့သည်။

 

၁၈၅၀ နောက်ပိုင်း နှစ်များမှစ၍ မြန်မာသည် မြို့တော်ကြီး သုံးခု ပြောင်းကာ အုပ်ချုပ် မင်းလုပ်ခဲ့ကြပြီး ဖြစ်သည်။ ပထမဆုံး အဖြစ် စိန်ပွင့်ကြီး၏ အလယ် တည့်တည့် ဧရာဝတီ မြစ်ကမ်းဘေး ရှိ မန္တလေး မြို့တော်ကြီးပင် ဖြစ်သည်။ မြန်မာ ဘုရင်သည် ၁၈၅၉ တွင် မိမိ၏ အာဏာစက် တည်ရာ မြို့တော်ကြီး အဖြစ် ယခင် အမရပူရ မှ ရွှေ့ပြောင်း နန်းစိုက်လာခဲ့လေသည်။ မန္တလေး နန်းတော်ကြီးသည် မြန်မာမင်းတို့၏ အစဉ်အလာ တဘောင် အရ တည် ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုအခါတွင်တော့ တရုတ် တို့၏ စီးပွားရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်း ရောင်းဝယ်မှု၏ အချက်အချာ ဖြစ်လာခဲ့ပေသည်။

 

ဧရာဝတီ မြစ်ဝကျွန်းပေါ် အရပ်ရှိ တောင်ပိုင်း ဆိပ်ကမ်း မြို့ ဖြစ်သော ရန်ကုန်သည် ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေး နှင့် ကူးသန်း ရောင်းဝယ်ရေး အတွက် ရုံးစိုက်ရာ မြို့တော် ဖြစ်လာခဲ့သည်။ ၁၉၄၂ နောက်ပိုင်းတွင် ဂျပန်တို့ ၏ လက်အောက်သို့ ခေတ္တခဏ ကျရောက်သွားခဲ့ပြီး နောက်ပိုင်း လွတ်လပ်ရေး ရပြီးနောက် တည်ငြိမ်မှု မရှိသော အရပ်ဖက် အစိုးရ၏ ရုံးစိုက်ရာ မြို့ အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။

 

၁၉၆၂ ခုနှစ်တွင် စစ်အစိုးရ အာဏာရှင်၏ လက်တွင်း သို့ သက်ဆင်းခဲ့ရပြီး နောက်ထပ် ရာစုနှစ် တဝက် နည်းပါးမျှ ဆက်လက် အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း ရန်ကုန်တွင် အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပေါ်ထွန်းလာခဲ့သည်။ အဖွဲ့ချုပ်အတွင်း နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများ၊ စစ်တပ် အရာရှိ ဟောင်းများ၊ တော်လှန်ပြောင်းလဲလိုစိတ် ရှိသော ကျောင်းသားများ နှင့် နိုင်ငံရေးတွင် စိတ်အား တက်ကြွလာနေသော သံဃာတော်များ ပါဝင်လာခဲ့သည်။

 

၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ သည် မြောက်ဖက် ရှိ ရန်ကုန် နှင့် မန္တလေးအကြား နေပြည်တော် ဟူသော အမည်ဖြင့် နိုင်ငံ၏ မြို့တော် အသစ် အဖြစ် ပြောင်းရွှေ့သွားခဲ့ကြပြန်သည်။ နေပြည်တော်ဟူသည့် အဓိပ္ပါယ်သည် ဘုရင့် ထီးနန်းစိုက်ရာ အရပ်ဟူ၍ ဖြစ်သော်လည်း ခေတ်သစ် မြန်မာ၏ နေပြည်တော်တွင်တော့ မင်းညီ မင်းသားများ အဖြစ် ဗိုလ်ချုပ်ကြီးများက နေရာယူလာကြသည်။

 

နေပြည်တော်တွင် အထင်ရှားဆုံးက ဥပ္ပါတသန္တိ စေတီကြီးပင် ဖြစ်သည်။ ထိုစေတီတော်သည် ရန်ကုန်ရှိ ရွှေတိဂုံ ဘုရားကြီး နှင့် ပုံစံတူ တည်ဆောက်ထားခြင်းလည်း ဖြစ်ပေသည်။ ဥပ္ပါတသန္တိ ပါဠိစကားသည် ဘေးဆိုးရန်ဆိုးမှ ကာကွယ်ပေးသည် ဟူ၍ အဓိပ္ပါယ် ရပေသည်။ ထိုသို့သော အယူအဆဖြင့် မြို့တော်အားလည်း နေရာရွေး တည်ဆောက် ထားခဲ့ခြင်း ဖြစ်သည်။ ပြည်ပရန်များကို ခုခံကာကွယ်နိုင်သည့် အကာအကွယ်များစွာ ရှိပြီး တောင်ပိုင်း ရှိ ကမ်းရိုးတန်း မှ ဝေးကွာသော ကုန်းတွင်းပိုင်း တွင် တည်ရှိနေသည်။ ဧည်သည်တဦးက ကြက်သရေ အပေါင်း ခညောင်းသည့် လီဂို (Lego) မြေ ဟု တင်စား ခေါ်ဝေါ်ခဲ့ဘူးပေသည်။

 

မြို့တော်၏ ဗိသုကာ လက်ရာများတွင် အကြောက်တရား နှင့် မောက်မာမှုများ ရောယှက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ဥပ္ပါတသန္တိစေတီတော် ကြီး အနီး တပ်မတော် စစ်ဌာနချုပ် ၏ စစ်ရေးပြ ကွင်းကြီးထဲတွင် လွန်စွာ ကြီးမားသော ရုပ်ထုကြီး သုံးခု ကို တွေ့ရမည် ဖြစ်သည်။ ရုပ်ထု များသည် သုံးဆယ့်သုံးပေ မြင့်ပြီး ဘေးချင်းယှဉ်၍ ထုလုပ်ထားသည်။ ထို့ကြောင့် သူရဲကောင်း စစ်သည်များ အဖွဲ့လို ဖြစ်နေသည်။ ရုပ်ထု တခုစီသည် ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော မြန်မာ မင်းများ ဖြစ်ကြသည့် အနော်ရထာမင်း (၁၀၄၄-၇၇)၊ ဘုရင့်နောင် (၁၅၅၁-၈၁) နှင့် အလောင်းဘုရား (၁၇၅၂-၆၀) တို့ ဖြစ်သည်။ စာဖတ်သူများစိတ်ဝယ် မြင်ယောင်လာစေရန် ဟာကျူလီ၊ သော် နှင့် စူပါမင်း တို့ နှင့် နှိုင်းယှဉ် ကြည့်နိုင်ပေသည်။

 

မြန်မာ တို့ အတွက် အရေးပါဆုံးသည်က ခေတ်သစ် မြန်မာနိုင်ငံကို ထူထောင်ခဲ့သူ အောင်ဆန်းစုကြည်၏ ဖခင် အောင်ဆန်းပင် ဖြစ်ပေသည်။ သူသည် တပ်မတော်ကိုလည်း တည်ထောင်ပေးခဲ့သူ ဖြစ်ပြန်ပြီး လုပ်ကြံခံခဲ့ရသည့် ၁၉၄၇ ခုနှစ်အထိ တိုင်းပြည်ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း အောင်ဆန်းသည် ဗြိတိသျှ နှင့် ဂျပန်တို့ကို တွန်းလှန် တိုက်ခိုက်ခဲ့ရုံမျှမက နိုင်ငံအတွက် လွတ်လပ်ရေး နှင့် ဒီမိုကရေစီ အခွင့်အရေး များ ရရှိရန် ညှိယူနိုင်ခဲ့သူလည်း ဖြစ်သည်။

 

သူသည် လူအများ၏ လေးစားခြင်း ခံရသည့် ဂုဏ်ရောင်ထွန်းပြောင်သည့် တပ်မတော်ကြီးမှ ဒီမိုကရေစီကို အခိုင်အမာ ကာကွယ်ပေးသွားနိုင်ရေး ကိုပါ မျှော်မှန်းခဲ့သူ ဖြစ်သည်။ ထို့အတွက် လွတ်လပ်ရေး ရကာစ ကာလအတွင်း နိုင်ငံတိုးတက်ရေး အမြင်ရှိသော နိုင်ငံရေး ပါတီကြီး တခု သည် အဓိက အင်အားစုကြီး အဖြစ် ထွက်ပေါ်လာနိုင်ရေးပင် ဖြစ်သည်။ အဆိုပါ ပါတီကြီး၏ တာဝန်သည် တိုင်းပြည်ကို စနစ်တကျ ဦးဆောင်မှု ပေးရုံမျှမက နိုင်ငံသားများ အတွက် ပညာရေး၊ ကျန်းမာရေး များကို တာဝန်ယူ စောင့်ရှောက်နိုင်ရမည် ဆိုသည်တို့ ပါဝင်သည်။

 

ပြည်သူများ ဖက်ကလည်း နိုင်ငံသား များ၏ တာဝန်ကို ကျေပြွန်ကြရမည့် အပြင် ၎င်းတို့၏ အခွင့်အရေးများကို သိရှိအောင် ပျိုးထောင်ပေးသွားမည် ဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသား လူနည်းစုများ အတွက် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှု အခွင့် အရေး များကို အတိအကျ ပြဠာန်းပေးပြီး အကောင်အထည် ဖေါ်သွားမည် ဖြစ်သည်။ ယင်းနှင့်အတူ ဖက်ဆစ်ဝါဒ ဆီ လွှမ်းမိုးသွားနိုင်သည့် အလားအလာများ နှင့် အခွင့်ထူးခံ စိတ်ဓါတ်မျိုးကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူ ဖြစ်သည်။

 

အမျိုး၊ဘာသာ၊ သာသနာ ဆိုသည့် အကြောင်းတခုတည်းဖြင့် နိုင်ငံတခုကို တည်ဆောက်သွား၍ မရ၊ ထိုအစား နိုင်ငံသားကောင်း ပီသမှု၊ နိုင်ငံကို ချစ်မြတ်နိုးစိတ်များဖြင့် မိမိတို့၏ နေ့စဉ်လူနေမှု ဘဝ များ ကို ရပ်တည် သွားနိုင်ရေး သည်သာ သမိုင်းအစဉ်အဆက် လိုအပ်နေမည့် ပင်မ အခြေခံ သဘောတရား ဖြစ်သည်ဟု ခံယူသူ ဖြစ်သည်။