ဒေါ်အောင်ဆန်းစုကြည် (၃)

by Hla Soewai - Oct 24 2020

အောင်ဆန်း ကွယ်လွန်သွားပြီးနောက် ၁၉၅၀ ခုနှစ်များ အတွင်း တပ်မတော်သည် နေဝင်း (၁၉၁၁-၂၀၀၂) လက်ဝယ်သို့ သက်ဆင်းသွားခဲ့ရပေတော့သည်။ ၁၉၆၂ တွင် တပ်မတော်သည် နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ကြပြီး ၂၀၁၀ အထိ တိုင်းပြည်ကို တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့ပေသည်။

 

အောင်ဆန်းသည် တပ်မတော် အကြီးအကဲများအား စည်းလုံးညီညွတ်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး၏ အကျိုးကို ကိုယ်စားပြု ထမ်းဆောင်ကြသူများ ဖြစ်စေချင်ခဲ့သည်။ သို့သော် နေဝင်းသည် ၎င်း၏ ဆန္ဒ နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်ကာ တပ်မတော် အကျိုး ရှိရာ ရှိကြောင်း အတွက် နိုင်ငံကို အသုံးချလာခဲ့သည်။

 

တပ်မတော် အရာရှိကြီးများသည်လည်း အသစ်တဖန် မွေးဖွားလာသော နိုင်ငံတော်တွင် ၎င်းတို့ကိုယ်ကိုသာ ၎င်းတို့ သစ္စာရှိသူများ ဖြစ်လာခဲ့ကြသည်။

 

အောင်ဆန်းစုကြည် အဖို့မှာ ထိုအချိန်တွင် သူမ၏ မိသားစု နှစ်စုကိုသာ ပြုစု စောင့်ရှောက်နေရဆဲ ဖြစ်သည်။ မိသားစုတစုက ၁၉၇၂ တွင် လက်ထပ်ခဲ့သော ခင်ပွန်းဖြစ်သူ နှင့် သားနှစ်ယောက်၊ နောက်ပိုင်းတွင် မိခင်ကြီး အတွက် သမီးကောင်း ပီသစွာ တာဝန်ကျေခဲ့ရပြန်သည်။ ထိုအကြောင်းများကို ၁၉၈၉ ခုနှစ်အတွင်းက ယခုလို ပြန်ပြောပြခဲ့သည်။ “ကျမ ယခု လုပ်နေတာတွေကို ကျမ အမေ သဘောကျလိမ့်မယ်ဆိုတာ ကျမ အသေအချာ သိနေပါတယ်၊ ကျမ အခုလုပ်နေတာတွေက ဖေဖေ့အတွက်ပါ၊ ကျမကို ပြည်သူတွေက ဖေဖေသမီး အဖြစ် ရှုမြင်ခဲ့ကြတာကိုလည်း ကျမ ဝမ်းသာမဆုံးပါဘူး၊ ကျမ စိုးရိမ်နေတာ တခုကတော့ ဖေဖေသမီး ပီသပါ့မလား ဆိုတာပါပဲ”

 

ထိုအချိန်တွင် နိုင်ငံကို အုပ်ချုပ်နေသူများက သူမအား ပေါ့ပေါ့တန်တန် သဘောထား၍ မရတော့မှန်း သိလာခဲ့ကြသည်။ တပ်မတော်ကို တည်ထောင်ခဲ့သူ၏ သမီး ဆိုသည့် အနေအထားကို နိုင်ငံရေး အရ အသုံးချလာနိုင်သည်ဟု တွက်ဆခဲ့ကြပြီ ဖြစ်သည်။

 

၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာစဉ်တွင် နေဝင်းမှ ပါတီစုံ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကတိပြု လာခဲ့သည်။ ယင်းနှင့်အတူ အောင်ဆန်းစုကြည်သည် ရွှေတိဂုံ အနောက်ပစ္စယံ မှ နေ၍ တိုင်းရင်းသား လူမျိုးများ အကြား ချစ်ကြည်စည်းလုံးမှု နှင့်အတူ အင်အားတောင့်တင်းပြီး ကြွယ်ဝချမ်းသာမည့် ပြည်ထောင်စု မြန်မာနိုင်ငံ ကြီး ပေါ်ထွန်းရေး တောင်းဆိုသံကြီး ထွက်ပေါ်လာခဲ့ရပေတော့သည်။

 

သူမ၏ စကားသံအား အသေအချာ သရုပ်ခွဲကြည့်မည်ဆိုလျှင် တပ်မတော်၏ စံပြဖြစ်ခဲ့သူ ဖခင်ကြီး၏ နိုင်ငံကို အလုပ်အကျွေး ပြုသော အမျိုးသား တပ်မတော်ကြီး ဖြစ်ပေါ်လာရေး တောင်းဆိုနေသည့် အသံနှင့် ကာလ ကြာမြင့်စွာကပင် ဖိနှိပ်အုပ်ချုပ်မှုများ၊ ကိုယ်ကျိုးရှာ မှုများ ဒဏ်ကို ကျောကော့အောင် ခံနေကြရသည့် ပြည်သူ တရပ်လုံး၏ တောင်းဆိုနေသံ ကြီး များကို တွေ့လာရမည်သာ ဖြစ်သည်။

 

သူမ၏ မိန့်ခွန်းထဲတွင် ခံရသူတို့၏ စိတ်လက်မချမ်းသာမှု နှင့် ဖိနှိပ်သူ တို့၏ စိတ်ဓါတ် ဆိုးများကို တပြိုင် တည်းလိုလို ထင်ဟပ်ပြနိုင်ခဲ့သည်။ သူမ၏ အဓိက ရည်ရွယ်ချက်များတွင် တခုအပါအဝင် ဖြစ်လာခဲ့သည်မှာ အဆိုပါ စိတ်လက် မချမ်းမမြေ့ ဖြစ်နေမှုများကို ကုန်ဆုံးလွန်မြောက်စေရန် နှင့် စိတ်ဓါတ်ဆိုးများကို သန့်စင် ပေးနိုင်ရန်ပင် ဖြစ်သည်။ ထိုသို့ ပြုလုပ်ပေးနိုင်ပါမှ နိုင်ငံ၏ ဘက်နှစ်ဘက် ကို အတူ ရင်ကြားစေ့ပေးနိုင်မည် ဖြစ်သည့်အပြင် သူမတွင် ဖြစ်ပေါ်နေသော ကွဲပြားနေသည့် စိတ်နှစ်ခုကိုလည်း တခုတည်း အဖြစ် ပြန်ပေါင်း ထုတ်နိုင်ရေးပင် ဖြစ်သည်။

 

မြန်မာပြည်ကြီးသည် လည်း နှစ်ခု ဖြစ်နေပြန်သည်။ ထိုနှစ်ခုက အပြန်အလှန် အစေးမကပ်ပဲ ကွဲပြား နေကြပြန်သည်။ တခုသည်ကား ကမ္ဘာလှည့် ခရီးသည်တို့ ပျော်မြူးရာ ဧရာဝတီ မြစ်ဝှမ်း၊ မြောက်ဖက်ရှိ ခြောက်သွေ့သော မြေပြန့်ဒေသများ၊ မြစ်ဝကျွန်းပေါ်ရှိရာ အရပ်များ ဖြစ်ပြီး လွန်စွာ မြေဩဇာ ကောင်းသည့် စပါးကွင်းကြီးများ ဖြင့် စိမ်းစိုနေရာ အရပ်လည်း ဖြစ်ပေသည်။ မြစ်ဝကျွန်းပေါ်နှင့် မြေပြန့်ဒေသများတွင် လူအများစု နေထိုင်လျက် ရှိသည်။ အများစုသည် ဗမာလူမျိုး များ ဖြစ်ကြပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သော လူများစု ဝင်များ ဖြစ်ပေသည်။ ထိုမြန်မာသည်ကား မြို့ကြီး သုံးမြို့ ဖြစ်သော ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့ကိုသာ အာရုံထားကြသူ များ ဖြစ်သည်။ ကျန် မြန်မာတို့သည်ကား လူဦးရေ၏ လေးဆယ် ရာခိုင်နှုန်း ရှိပြီး နယ်စပ် ဒေသများတွင် နေထိုင်နေကြသော ရှမ်း၊ ကချင်၊ ကရင် နှင့် ချင်း မျိုးနွယ်စုများပင် ဖြစ်သည်။ ထိုမြန်မာတို့ နေထိုင်ရာ အရပ်များသည်ကား တော်လှန်တိုက်ခိုက်နေမှုများ၊ မူးယစ်ကုန်ကူးသူများ၊ ကျောက်မျက် အရောင်းအဝယ် သမားများ ရှိကြပြီး အများစုသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လျှပ်စစ်မီး မရှိသော အရပ်များတွင် ရွှေ့ပြောင်း တောင်ယာ အလုပ်များ လုပ်ကိုင် အသက်မွေး ဝမ်းကျောင်း နေကြသူများလည်း ဖြစ်သည်။ သူတို့ဘဝများစွာသည် ကာလကြာမြင့်စွာကပင် ရှိနေခဲ့သည့် အကြမ်းဖက် ခြိမ်းခြောက်မှုများ၊ နေရပ်မှ အတင်းအကျပ် ရွှေ့ပြောင်းခံရမှု များ ဆိုသည့် မရေရာမှုများ အကြားတွင် ရှင်သန် နေထိုင် ခဲ့ကြရသူများလည်း ဖြစ်ပေသည်။

 

နယ်ခြား ဒေသများတွင် နေထိုင်သူများသည် ဗုဒ္ဓဘာသာဝင်များ အပြင် ခရစ်ယာန်၊ မူဆလင် များလည်း ရှိပြီး ရိုးရာ နတ်များကို ကိုးကွယ်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့ ကျင်လည်ရာ တောင်တန်းကြီးများ နှင့် သစ်တော ကြီးများသည် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် များစွာ ကို မွေးထုတ်ပေးခဲ့ကြပြီး ဖြစ်သည်။ အစိုးရ အုပ်ချုပ်မှု ကင်းမဲ့နေသည်နှင့်အမျှ တိုက်ပွဲများ၊ မှောင်ခို ကုန်ကူးမှုများ နှင့် လုယက်မှုများ ဖြစ်ပွားရာ အရပ်များလည်း ဖြစ်သည်။

 

နေရာ အတော်များများသည် သွားလာရေး လွန်စွာ ခက်ခဲသဖြင့် အစိုးရအနေဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ သို့သော် တိုင်းပြည် ကို ကြွယ်ဝချမ်းသာစေမည့် သွပ်၊ အဖြိုက်နက်၊ ခဲ၊ တန်ဖိုးကြီး ကျောက်မျက်များ ဖြစ်သော ကျောက်စိမ်း၊ ရွှေ၊ ကြေးနီ၊ သံဖြူ၊ ခနောက်စိမ်း၊ ကျောက်မီးသွေး၊ သဘာဝ ဓါတ်ငွေ့၊ ကျွန်းသစ် နှင့် လျှပ်စစ်ထုတ်လုပ်နိုင်သော ရေအားစွမ်းအင်များ ပေါများ ကြွယ်ဝနေပြန်သည်။

 

နိုင်ငံတွင်း “ရွှေတြိဂံ” ဟု ခေါ်ဆိုသည့် ဒေသသည်လည်း လာအို၊ ထိုင်း နှင့် တရုတ်နိုင်ငံတို့နှင့် ထိစပ်နေပြီး လွန်စွာ ငွေကြေးအရ အကျိုးအမြတ်ရသည့် ဘိန်းစိုက်ပျိူး ထုတ်လုပ်မှု နှင့် မူးယစ်ဆေးဝါး မှောင်ခို ကုန်ကူးသည့် လုပ်ငန်းများ ထွန်းကား နေပြန်သည်။

 

မြန်မာ၏ ဘူမိနိုင်ငံရေး ရေခံမြေခံများသည် ရာစုနှစ်ပေါင်းများစွာ လူမျိုးစု ဘုရင်နိုင်ငံ အချင်းချင်း တိုက်ခိုက်မှုများ မှ စတင်လာခဲ့သည်။ ထို့နောက် ဆက်တိုက်ဆိုသလို ပြည်ပကျူးကျော်မှုများ ကြောင့် အခြေအနေများ ရှုပ်ထွေးလာခဲ့ရသည်။ ဗြိတိသျှ တို့သည် နိုင်ငံတွင်း ခြေကုပ်ရရန် စစ်ပွဲကြီး သုံးပွဲကို ဆင်နွှဲခဲ့ကြရသည်။ ၁၈၂၄-၂၆ ပထမ စစ်ပွဲတွင် အာသံ၊ မဏီပူရ နှင့် အနောက်ဖက်ရှိ ရခိုင်၊ အရှေ့တောင်ဖက်ရှိ တနင်္သာရီကို သိမ်းပိုက် ခဲ့ကြသည်။ ဒုတိယ စစ်ပွဲ (၁၈၅၀-၅၂) တွင် ရန်ကုန် အပါအဝင် တောင်ပိုင်း မြစ်ဝကျွန်းပေါ် တခုလုံး ကို ရရှိသွားခဲ့ကြသည်။ ထိုစစ်ပွဲကြောင့် အော်စကာ ဝိုင်း သူငယ်ချင်း၏ ဖခင် ဂျွန် ဘာလားစ် ကဲ့သို့ သော ဗြိတိသျှ ကုန်သည်များ အတွက် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာခဲ့ရပေသည်။ တတိယ စစ်ပွဲ (၁၈၈၅-၈၆) တွင် မန္တလေး နှင့် အထက်ဗမာပြည် တခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် တနိုင်ငံလုံး ကို ဗြိတိသျှ တို့ စစ်ရေး အရ ထိန်းချုပ်နိုင်ခဲ့ကြသည်။

 

မြန်မာထီးနန်းသည် ဖျက်သိမ်းခံခဲ့ရသော်လည်း တောင်တန်း ဒေသများ နှင့် သစ်တောကြီးများ ရှိရာအရပ်များကို တဝက်တပျက်မျှသာ ထိန်းချုပ်နိုင်ပေသေးသည်။ နယ်ခြား ဒေသတွင် နေထိုင်သူများက ဗြိတိသျှ တို့အား ခုခံ တွန်းလှန်ခဲ့ကြသော်လည်း ဗြိတိသျှ တို့က ချေမှုန်း နိုင်ခဲ့သည်။

 

သို့သော် ကျူးကျော်သူ ဗြိတိသျှ တို့ အဖို့က အုပ်ချုပ်ရေး တည်တံ့ရန် အကုန်အကျ များစွာဖြင့် ခက်ခက်ခဲခဲ လုပ်ယူခဲ့ကြရသည်။ မြန်မာပြည်၏ စစ်ပြီးခေတ် ခေါင်းဆောင်ဖြစ်လာသူ အောင်ဆန်းသည် အားလုံးပါဝင်နိုင်သည့် ချဉ်းကပ်မှု မျိုးနှင့် လမ်းဖွင့်ပေးလာခဲ့သည်။ ၁၉၄၇ တွင် တောင်တန်းသားများနှင့် သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ဒေသသည်ကား နိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ ပင်လုံအရပ်တွင် ဖြစ်သည်။ ထို့အတွက် ပင်လုံစာချုပ်အဖြစ် ထင်ရှားလာပြီး အသစ် ဖွဲ့စည်း ဖြစ်ပေါ်လာသော ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း ရေရှည် တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေး အတွက် အခြေခံ အုတ်မြစ်ကြီးကို ချမှတ် ပေးနိုင်ခဲ့သည်။

 

၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ပြည်မ နှင့် တောင်တန်းဒေသများကို အတူတကွ ပေါင်းစည်းပေးခဲ့ပြီး ရှမ်း နှင့် ကရင် ပြည်နယ်များအားလည်း ဆယ်နှစ်ကြာပြီးနောက် ခွဲထွက်လိုလျှင် ခွဲထွက်ခွင့် ပေးမည်ဟု ကတိပေးခဲ့သည်။

 

အောင်ဆန်းစုကြည်သည် ၂၀၁၆ နောက်ပိုင်းတွင် ဖခင်ကြီး မျှော်မှန်းခဲ့သော စည်းလုံးညီညွတ်သည့်၊ အင်အားတောင့်တင်းသည့်၊ ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာရန် ပင်လုံ စိတ်ဓါတ်ကို ပြန်လည် သွတ်သွင်းနိုင်ရန် ကြိုးပမ်းလာခဲ့ပေတော့သည်။