ရွေးကောက်ပွဲ (၇)

by Hla Soewai - Oct 27 2020

အမေရိကန်တွင် အခြေစိုက်သည့် သမ္မတဟောင်း ဂျင်မီ ကာတာ၏ ကာတာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး စင်တာ မှ " နိုဝင်ဘာ ၈ ရက် သည် နိုင်ငံတွင်း ဆက်လက် အကောင်အထည် ဖေါ်လျှက်ရှိသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ဆက်လက် ခိုင်မာတောင့်တင်းရေးအတွက် လွန်စွာ အရေးပါသော အချိန်ဖြစ်သည်" ဟု ကြေငြာချက် ထုတ်ပြန်ထားခဲ့ပြီ ဖြစ်သည်။

 

ထိုလုပ်ငန်းစဉ်ကြီး အရှိန်အဟုန် မပျက်မှ ဖြစ်မည်ကို ကောင်းစွာ နားလည်ထားကြပြီး ဖြစ်သော နိုင်ငံသားများကမူ ၁၉၈၈ ခုနှစ် ကတည်းက အသက်ပေါင်းများစွာ ရင်းပြီး စတင်လာခဲ့သော မပြီးပြတ်သေးသည့် ခေတ်ပြောင်း တော်လှန်ရေးကြီး၏ နောက်ဆုံးစာမျက်နှာ ကို လက်စသတ်ကြတော့မည်လည်း ဖြစ်ပေသည်။

 

ထို့အပြင် အများစု နှင့် ဆန့်ကျင်ကာ စစ်တပ်ကောင်းစားရေး ဒီမိုကရေစီ လောက်ကိုသာ ပေးချင်သူများလည်း ရှိနေပြန်သည်။

 

ဦးရဲထွတ်ကဲ့သို့ ပုဂ္ဂိုလ်များက သူတို့တွင် ရှိသမျှ လက်နက်များထုတ်သုံးကာ လက်ရှိ လူထု အစိုးရအား ဆန့်ကျင်မဲပေးရန် တိုက်တွန်းရေးသားနေသော်လည်း ၎င်းကိုယ်တိုင် ကျိုးနွံစွာ ဝင်ရောက် လုပ်ကိုင်ပေးခဲ့သည့် အခြားရွေးချယ်ရမည့် ပါတီကြီးမှာ ကိုယ်ကျင့် သိက္ခာ၊ကျင့်ဝတ်ပိုင်းတွင် ယုံကြည် လေးစားလောက် သူများ မဟုတ်သည့် အပြင်၊ နိုင်ငံသားများ အပေါ် ပါးရိုက်နားရိုက်မည်၊ ထမင်းတနပ်လျော့စား ဆိုသူများသာ ဖြစ်နေလေရာ ၎င်း၏ စကားများက အဆံမပါသည့် အမြှောက်ကဲ့သို့ ပင် ဖြစ်နေရရှာသည်။

 

သို့သော် ဦးရဲထွတ်သည် သူထောက်ခံနေသော ပါတီကဲ့သို့ ချက်အောက်ကို ချိန်ရွယ်တိုက်ခိုက်ခြင်း မရှိသည့်အတွက် ကွဲပြားခြင်းကိုလက်ခံကြိုဆိုရမှာ ဖြစ်ပါသည်။

 

နောက်ထပ် သူ့လိုပင် ရည်ရွယ်ချက်တူ ကြိုးပမ်းပေးနေသူ တဦးကလည်း နယ်သာလန် နိုင်ငံတွင် နေထိုင်သူ ဆိုသော ကျောင်းသား ဟောင်းကြီးတဦး ရှိပေသေးသည်။ ယခု သူ၏ ဖေ့စ်ဘုတ် ပေ့ခ်ျကို လည်း ဖျက်သိမ်းခြင်း ခံလိုက်ရပြီဟု ကြားရသည်။

 

သူတို့၏ အပြောများအားလုံးသည် သူခိုးလက် သော့အပ်ခိုင်းသလိုမျိုးသာ ဖြစ်နေသည်။ ဦးရဲထွတ်လည်း ထိုအကြောင်းကို ကောင်းစွာ သိထားပြီးသူ ဖြစ်နေသော်လည်း သူ့ဆန်စားရဲရပေတော့မပေ့ါ ဆိုသည့်အတိုင်း NLD အစိုးရဖွဲ့ခွင့်မရရန် ရှာကြံရေးသားပေးနေရခြင်းသာ ဖြစ်ပေလိမ့်မည်။

 

ဖြစ်နိုင်လျှင် ရိုးအီနေပြီ ဖြစ်သော အမျိုးဘာသာ ဆိုသည်ထက် အခြားနည်းလမ်းများ သုံး၍ NLD ကို ထိုးနှက်နိုင်ရန် အကြံကောင်းများ ပေးသင့်လှသည်။ ၎င်းတို့အဖို့က ၂၀၁၅ တုန်းကလည်း ဒီစကား၊ ယခုလည်း ဒီစကား ဖြစ်နေ၍ မြန်မာပြည်သည် ကိုလိုနီ လက်အောက်တွင် ရှိနေဆဲဟု မှတ်ယူနေကြသလား မသိ၊ ထိုခေတ်က ပြောဆို ရေးသားမှုများကို ကိုးကားလာကြသည်။ အင်္ဂလိပ် အစိုးရ နေရာတွင် NLD ကို အစားထိုးလိုက်ကြသည်။ လွယ်ကူလှပေစွ၊ ဘာမှလည်း အထူးအထွေ တွေးတော ကြံဆနေစရာပင် မလို။

 

ရလဒ်အဖြစ် စစ်ကိုင်းတိုင်း ကန့်ဘလူ မြိုနယ် ကာဘိုးကျေးရွာတွင် USDP ထောက်ခံသူများ ၏ ရိုက်နှက်မှုကြောင့် လူငယ်တဦး ဆေးရုံတွင် သေဆုံးသွားခဲ့ရသဖြင့် ရွေးကောက်ပွဲ မဲဆွယ်ကာလ အကြမ်းဖက် လုပ်ရပ်ကြောင့် ပထမဆုံးအကြိမ် လူ့အသက်တချောင်း ဆုံးပါးသွားခဲ့ရပြီ ဖြစ်သည်။ ထိုသတင်းဓါတ်ပုံများက ဖေ့စ်ဘုတ် ‌အကောင့် ၂၇ သန်း စလုံးအား ပျံ့နှံ့သွားခဲ့သဖြင့် USDPအတွက် အသုဘ ခေါင်းတွင် နောက်ဆုံး ရိုက်လိုက်သည့် သံမှိုကြီး တချောင်း final nail in the coffin ဖြစ်သွားခဲ့‌ပေပြီ။

 

၎င်းတို့အတွက် တခုတည်းသော ထွက်ပေါက်မှာ ပြစ်မှု ကျူးလွန်သူများကို ဖေါ်ထုတ်ပြီး တရားဥပဒေ နှင့် အညီ အရေးယူ အပြစ်ပေးနိုင်အောင် ကူညီကာ ထိခိုက်နစ်နာသွားရသူများကို တရားဝင် ဝန်ချတောင်းပန်မှ ဖြစ်ပေတော့မည်။

 

ရွေးကောက်ပွဲ ဝင်ကြမည့် နိုင်ငံရေး ပါတီများအားလုံးနည်းပါးကလည်း ထိုကဲ့သို့အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချခြင်း မရှိသည်ကပင် ၎င်း တို့ သွားရောက်တောင်းပန်တိုးလျိုးခဲ့၍ အကူအညီ ပေးလာနေပြီဟု ယူဆနေကြသလောဟုပင် မေးစရာ ဖြစ်လာရသည်။

 

တရုတ် အစိုးရပိုင်းနှင့် အဆက်အသွယ်ရှိနေသည်ဟု စွပ်စွဲခံထားရသော ပါတီ ဥက္ကဌ ကြီးအား ထောင်ပြေးမှု နှင့် ဖမ်းဆီးခံရပြီးနောက် ၎င်း၏ ပါတီဝင် သုံးသောင်းနည်းပါးသည် USDP ပါတီသို့ ပြေးဝင်ခိုလှုံလာခြင်းကို လက်သင့်ခံခဲ့တာကလည်း အတော်အံ့အားသင့်စရာ ကောင်းလွန်းနေပါသည်။ တတိုင်းပြည်လုံး တရုတ် ဩဇာခံ ဖြစ်သွားနိုင်သည့်အဖြစ်ကိုလည်း မှုပုံမရပါ။ ယခုအခါ USDP တွင် မျိုးချစ်များရော မျိုးဖျက်များပါ ရောထွေးနေပြီး motley crew ဟု တောင် ကင်ပွန်းတပ်၍ ရနေပါတော့သည်။

 

နောက်ထပ် အဖွဲ့တခုကတော့ တိုင်းပြည်အရေး ကို လွှတ်တော် ချန်နယ်တွင် စိတ်ဝင်စားစွာ လေ့လာစောင့်ကြည့်နေသူများ အဖို့သည် ၎င်းတို့ အကျိုးကိုမထိခိုက်ပါပဲနှင့် နိုင်ငံသားများ အကျိုးရှိရာ ရှိကြောင်း အစိုးရ၏ အဆိုများကို NLD အစိုးရ ဖြစ်လာချိန်မှစ၍ တချိန်လုံးမတ်တပ်ရပ်ကာ မရပ်မနား ကန့်ကွက်လာကြသည့် အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ ပုံရိပ်များကို မည်သို့မျှ မေ့နိုင်စွမ်း ရှိကြလိမ့်မည်လည်း မဟုတ်ပြန်ပေ။

 

ဥပမာ ပြရလျှင် မန္တလေးတွင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန် တင်သွင်းသည့် အဆိုကိုပင် ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည်။

 

မြန်မာ့နိုင်ငံရေး ဇာတ်စင်ပေါ်တွင် အမှိုက်လာဖွသလို ဖြစ်နေသည်။ စစ်တပ် အကြီးအကဲများက နိုင်ငံရေး နှင့် မပတ်သက်ဟု မည်မျှပင် ဟန်ဆောင်နေကြစေကာမူ လက်အောက်ငယ်သားများကတော့ ဗွက်ထဲ လူးနေခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့လည်း မနေနိုင်ကြတော့ပဲ ဗွက်ထဲသို့ ကိုယ်တိုင်ဆင်းလာကြရပေတော့သည်။

 

ထိုသို့ လက်နက်အားကိုး ခြိမ်းခြောက်သည့်အကြမ်းဖက် ဝါဒ အပေါ် အမှီသဟဲ ပြုနေခြင်းများကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိ ကို တည်ရန် NLD မှ မည်မျှပင် ကြိုးစားရုန်းကန်ခဲ့စေကာမူ လူထု၏ ဆန္ဒကို မျက်ကွယ်ပြုကာ မိမိအဖွဲ့အစည်းအပေါ် သစ္စာရှိနေသူများကြောင့် အောင်မြင်ရခြင်း မရှိခဲ့ပေ။

 

နောက်တချက်မှာ မကြာသေးမီက ဂမ်ဘီယာသည် စာမျက်နှာ ၅၀၀ ကျော်ပါ လူမျိုးတုံးသတ်ဖြတ်သည့် အထောက်အထားများကို memorial အသိပေး စာချွန်လွှာ အဖြစ် နိုင်ငံတကာ တရားရုံးသို့ တင်သွင်းလာခဲ့ပြီဖြစ်၍ မြန်မာဖက်မှ ၂၀၂၁ ဇူလိုင် ၂၃ နောက်ဆုံးထားပြီး ချေပလွှာ တင်သွင်းရမည် ဖြစ်သည်။

 

ထိုအရေးအား နိုင်ငံတကာက ယုံကြည်ထားဆဲ ဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံ မရှိလျှင် မည်သို့ မည်ပုံ ဆက်၍ စခန်းသွားကြပေမည်နည်း။

 

အရိပ်မည်းကြီးက ရှိနေသော်လည်း ရေအိုင်ထဲတွင် မင်းမူလို့ ရနေသရွေ့ မည်သူမျှ ဂရုစိုက်စရာ မလိုဟု ယူဆနေသည်။ အမှီကောင်းကလည်း သူတို့အတွက် ရှိနေပြန်သည်။ အဆိုပါ အမှီကောင်းသည် ဘယ်အရာမှ အလကား မရ ဆိုသော သဘောထားရှိနေသော်လည်း ထိုအခါကျမှ မျက်စိစုံမှိတ် လိုက်လျောရုံသာ ရှိတော့သည်ဟု တွက်ဆထားကြသည်။

 

လက်ရှိ အချိန်သည် စနစ်ပြောင်း တော်လှန်ရေးကြီး ဆင်နွှဲနေချိန်ဖြစ်၍ ပြည်ပ အန္တရာယ်များ ဝိုင်းရံနေချိန်မျိုးတွင် ထိုအရေးကို ဦးလည်မသုန် ထမ်းရွက်နေသူများအား ပြည်သူတရပ်လုံးက ဝိုင်းရံအားပေးနေကြသည်မှာလည်း သဘာဝ ကျလှပေသည်။