ဒေါ်အောင်ဆန်းစုကြည် (၄)

by Hla Soewai - Oct 29 2020

၁၈၈၅ တွင် မြန်မာ ထီးနန်း ပျက်သုဉ်း သွားပြီးနောက် ဗြိတိသျှတို့ဖက်မှ တနိုင်ငံလုံးကို ထိန်းချုပ်ရန် ကြိုးပမ်းလာချိန်တွင်တော့ ဒေသအသီးသီးရှိ ဩဇာတက္ကိမ ကြီးမားသူများက ဦးဆောင်ပြီး ခုခံ တော်လှန်ခဲ့ကြသည်။ ဗြိတိသျှ တို့သည်လည်း ပုလိပ်အဖွဲ့နှင့် စစ်တပ်အင်အား ဖြည့်တင်းရန် တောင်တန်းဒေသများ ဖက်မှ လူသူ စုရုံးလာခဲ့ကြသည်။ ဗြိတိသျှ သိမ်းပိုက်ရေး တပ်များက ပုန်ကန်တော်လှန်သူများကို ဓါးပြများ အဖြစ် သတ်မှတ်လာခဲ့ကြပြီး ခေါင်းဆောင်များကို “ဗိုလ်” ဟု ခေါ်ဝေါ်လာခဲ့သည်။ ဗိုလ်များသည် ပုန်ကန်မှု များ၏ အခရာ ဖြစ်သဖြင့် ၎င်းတို့အား ဖမ်းဆီး နှိမ်နှင်းနိုင်ရေးသည်သာ မရှိမဖြစ် လိုအပ်သည်ဟု ဗြိတိသျှ တပ်မှူးတဦးက နောက်ပိုင်းတွင် ရေးသားခဲ့သည်။

 

အရပ်ပုပြတ်ပြတ် ခန္ဓာကိုယ် လုံးကျစ်ကျစ်နှင့် မြင်းကို ကျွမ်းကျင်စွာ စီးတတ်သော ဗိုလ်များသည် အခြေအနေမလှလျှင် ဦးအောင် အရင်ဆုပ်ခွာ နိုင်ရမည်ဟုလည်း သတ်မှတ်ထားကြသည်။ ဗြိတိသျှ မြင်းစီးတပ်ဖွဲ့ဝင်များ အဖို့က သူတို့ထက် ခန္ဓာကိုယ် ထွားကျိုင်းပြီး ရိုင်ဖယ်နှင့် ခဲယမ်းမီးကျောက်များပါ မြင်းပေါ်တွင် တင်ဆောင်လာရသူများအဖို့ ၎င်းတို့ နောက် အမှီလိုက်နိုင်အောင် မည်သို့မျှ အခွင့်အရေး မရပေ။

 

အောင်ဆန်းစုကြည်၏ အဘိုး တော်သူ မင်းရောင်သည် ၁၈၈၀ ကျော် နှစ်များ အတွင်း ဗြိတိသျှ တို့အား အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့သည့် ဗိုလ် တဦး ပင် ဖြစ်သည်။ ထိုအကြောင်းကို မြန်မာနိုင်ငံ ရှိ ဗြိတိသျှ မဟာမင်းကြီးချုပ် ချားစ်လ် ကရော့စ်ဝိတ် က “မင်းရောင်တွင် မြင်းများ အလုံအလောက် ရှိပြီး ဆင်များပင် ရှိနေသည်၊ မြန်မာ ဘုရင်မင်း များ ထိန်းချုပ်ခဲ့ရာ နယ်မြေ၏ တောင်ဖက်အစွန်အဖျား ဒေသများကို အခြေပြုကာ လှုပ်ရှားခဲ့သည်၊ သူသည် အထက်ဗမာပြည်တွင် အခြား ဗိုလ်များထက် မိမိတို့အား ကောင်းစွာ ဒုက္ခပေးနိုင်စွမ်း ရှိသည်” ဟု ရေးသားခဲ့သည်။ ဗိုလ်မင်းရောင်ကို နောက်ဆုံးတွင် လက်ရ ဖမ်းဆီး ရမိခဲ့ပြီး ၁၈၈၇ မေလ အတွင်း ကွပ်မျက်နိုင်ခဲ့သည်။ သို့သော် ဗိုလ်မင်းရောင်၏ အမည်သည် သူ၏ မွေးရပ်မြေ နှင့် မိသားစုအကြားတွင်တော့ ကွယ်ပျောက်သွားခဲ့ခြင်း မရှိပေ။

 

ဗြိတိသျှ တို့သည် မြန်မာအပေါ် ကိုလိုနီ ကျွန်ပြုနိုင်ရေးအား လူထု၏ စိတ်ခံစားမှုကို အလေးမမူပဲ အကျိုးအမြတ် ရလိုမှု တခုတည်းကိုသာ ဦးတည်ပြီး မောက်မာစွာ ပြုကျင့်ခဲ့ကြသည်။ မန္တလေးနန်းတော်ကြီးသည် ဗေဒင် နက္ခတ် ကိန်းဂဏန်းများ အရ ဆောက်လုပ်ထားပြီး မြန်မာတို့အတွက် လွန်စွာ အရေးပါခဲ့သော်လည်း ဒပ်ဖရင် ခံတပ်ကြီး ဖြစ်လာခဲ့ရသည်။ မိဖုရား၏ ကြာ နန်းဆောင်သည်လည်း ဗြိတိသျှ စစ်အရာရှိများ လာရောက် အပန်းဖြေ အရက်သောက် ပျော်ပါးကြသည့် အထက်ဗမာပြည် ကလပ် အသင်းတိုက် အဖြစ် ပြောင်းလဲသွားခဲ့ရပြန်သည်။

 

ထို့အပြင် မြန်မာ ဘုရင် အသိုက်အဝန်း နှင့် သံဃာတော်များအကြား အစဉ်အလာအရ လှူဒါန်း ပေးကမ်းနေမှုကိုလည်း ရိုက်ချိုး ဖျက်ဆီးပြစ်ခဲ့ကြသည်။ သို့သော် ဗုဒ္ဓဘာသာ သည်ကား မြန်မာတို့၏ရင်ထဲဝယ် စွဲမြဲစွာ တည်ရှိနေခဲ့သည်။ သံဃာ များသည် လူထု အကြား နေထိုင်ပြီး မြို့ပြ နှင့် ကျေးလက်နေ လူအများ၏ ဆွမ်းကွမ်း ဝေယျာဝစ္စ အထောက်အပံ့ ဖြင့် သာ ရပ်တည်ခဲ့ကြရသည်။ မြန်မာတို့ အတွက် ထိုသို့ လှူဒါန်း ထောက်ပံ့ခြင်းသည်သာ ကုသိုလ်ရရာ ရကြောင်းလည်း ဖြစ်သည်ဟု ခံယူထားသည်။

 

အပြန်အလှန် အနေဖြင့် ဘုန်းတော်ကြီးများက လိမ္မာ ယဉ်ကျေးအောင် နှင့် အခြေခံ ပညာရေး ကို သင်ကြား ပေးခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် ကလေးသူငယ်များကို လူတန်းစား မရွေး ဘုန်းတော်ကြီး ကျောင်းများတွင် ရှင်ပြုပေးကြရပြီး ကိုရင်လေးများ အဖြစ် သာသနာဘောင် သွတ်သွင်းခဲ့ကြသည်။ ဤသည်ကား လွန်စွာ အရေးပါပြီး မဖြစ်မနေလုပ်ကြရသည့် အစဉ်အလာလည်း ဖြစ်ပေသည်။

 

ထိုသို့သော အရေးကိစ္စများကို ဗြိတိသျှတို့ အဖို့ သတိမူရကောင်းမှန်းလည်း မသိခဲ့ကြပေ။ မြန်မာ အား အိန္ဒိယ ပြည်နယ်တခု အဖြစ် သွတ်သွင်းပြီး ၎င်းတို့၏ ခန့်ညားထယ်ဝါစွာ ဖန်တီး တည်ဆောက်ထားသည့် ဗြိတိသျှ ရပ်ချ် အုပ်ချုပ်ရေး စနစ် အောက်တွင် တင်းကျပ်စွာ အုပ်ချုပ်သွားနိုင်ရေး အတွက်သာ လုံ့လပြု အားထုတ်နေကြသည်။ သို့မှသာ မြန်မာတို့၏ အချုပ်အခြာ အာဏာပိုင်စိုးခဲ့သည်ဆိုသော လက္ခဏာ အမှတ်သညာများ ပျောက်ဆုံး သွားမည် ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

 

မြန်မာပြည်အား သိမ်းပိုက်ထားခြင်းမှ အကျိုးအမြတ် ထွက်ပေါ်ရေးသည် ရည်ရွယ်ချက်တခု အဖြစ် ရှိနေခဲ့ပြန်သည်။ သို့သော် ထိုကိစ္စကိုတော့ လွယ်လွယ် ရိုးရိုးရှင်းရှင်း လုပ်ယူ၍ မဖြစ်သေးပေ။ ထို့အတွက် ဗြိတိသျှ အုပ်ချုပ်ရေး သမားများသည် အထက်ဗမာပြည်ရှိ မြေပြန့်လွင်ပြင် အရပ်များတွင် နေထိုင်ကြသူများအား တောင်ပိုင်းရှိ မြစ်ဝကျွန်းပေါ် သို့ ရွှေ့ပြောင်းပြီး စပါးစိုက်ပျိုး လုပ်ကိုင်ကြရန် တွန်းအား ပေးလာခဲ့ကြသည်။

 

မကြာမီမှာပင် အခြေအနေများက ၎င်းတို့ ထင်သလို ဖြစ်မလာပဲ ဆိုးဝါးလာခဲ့သည်။ ဤသည်ကလည်း အိန္ဒိယရှိ တမီလ်နာဒူး ပြည်နယ်မှ ရောက်ရှိလာသော ကုန်သည်များအား မြန်မာတို့က ခါးခါးသီးသီး ဆန့်ကျင်လာ ကြခြင်းကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် မြန်မာ လယ်သမားများအား ငွေများ ရက်ရက်ရောရော ထုတ်ချေးကာ သီးနှံ အထွက်မကောင်းသည့် အချိန်တွင် လယ်ယာမြေများကို သိမ်းယူခဲ့ကြသည်။ အိန္ဒိယ ချစ်တီးများသည် အချိန်တို အတွင်းမှာပင် ရန်ကုန် အနီးတဝိုက်ရှိ လယ်ယာမြေများကို လက်ညိုးထိုး မလွဲအောင် ပိုင်ဆိုင်လာ ခဲ့ကြသည်။

 

မြန်မာတို့ အဖို့ကား ထိုဖြစ်စဉ်များသည် တိုင်းတပါး ကျူးကျော်သူတို့၏ ခြိမ်းခြောက်လာသော အန္တရာယ်ကြီး တရပ်အဖြစ် ရှုမြင်လာခဲ့ကြပြီ ဖြစ်သည်။ ကျူးကျော်လာသူများ ထဲတွင် ဗြိတိသျှ နှင့် အိန္ဒိယ တိုက်သား တို့သာမက တရုတ်တို့လည်း ပါဝင်လာခဲ့သည်။ မြန်မာတို့၏ မကျေမနပ် ဖြစ်လာနေမှုများကို ဦးဆောင်မှု ပေးလာခဲ့သည်က ၁၉၀၆ ခုနှစ်တွင် တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း ဝိုင်အမ်ဘီအေ ပင် ဖြစ်လေသည်။

 

ဂျော့ချ် အော်ဝဲလ်၏ Burmese Days ဆိုသည့် စာအုပ်ပါ အတိုင်းဆိုက မြန်မာတို့ စိတ်ဓါတ် ကျဆင်းလာမှုများ ဖြစ်လာအောင်လည်း ဗြိတိသျှ တို့၏ အမှန်ကို မမြင်နိုင်ခဲ့မှုနှင့် စိတ်ကြီးဝင်နေမှုများမှ တွန်းအားပေးခဲ့သည်ဟု ယူဆ၍ ရနေပေသည်။ ထိုစဉ်က ထုတ်ဝေသူများသည် ဂျော့ချ် အော်ဝဲလ်၏ ကျွမ်းကျင် ပြောင်မြောက်စွာ ရေးဖွဲ့ထားမှုအား အသရေဖျက်မှု ဖြင့် တရားစွဲ ခံရမည့် အရေးကြောင့် လက်တွန့်နေခဲ့ကြဘူးသည်။ (ဆရာ မောင်မြင့်ကြွယ်က “မြန်မာပြည်၏ နေ့ရက်များ” အမည်ဖြင့် ဘာသာပြန်ခဲ့ရာ ၂၀၁၃ ခုနှစ်အတွက် အမျိုးသား စာပေဆု ကို ရရှိခဲ့သည်)

 

ဝတ္တုကြောင်းအရ ဗြိတိသျှ သစ်ကုန်သည် တဦး ဖြစ်သူ ဂျွန် ဖလိုရီသည် မန္တလေး မြောက်ဖက် မှ အတော် လှမ်းသော အရပ်တွင် အခြေချ နေထိုင်လာခဲ့သည်။ ဖလိုရီသည် ဗြိတိသျှ အသိုက်အဝန်း၏ ဟန်ဆောင် ပန်ဆောင်မှုများ၊ ဟိတ်ကြီးဟန်ကြီး နိုင်မှုများကို ရွံရှာ မုန်းတီးသူလည်း ဖြစ်သည်။ မြန်မာပြည်တွင် ရဲအမှုထမ်း အဖြစ် တာဝန်ထမ်းခဲ့ဖူးသော အော်ဝဲလ်သည် အထက်ဗမာပြည်သို့ လာပြီး ကိုယ့်ကိုကိုယ့် ဟုတ်လှပြီဟု ဘဝင်ခိုက်နေသော ဗြိတိသျှ တောနေ လူတန်းစားများ အကြောင်းကို ထုတ်ဖေါ်ရေးသားခဲ့သူ ဖြစ်သည်။

 

Burmese Days တွင် ကလပ် အသင်းတိုက် ၏ ဝရန်တာသို့ထွက်ကာ လက်ထဲတွင် အရက်ခွက် ကိုယ်စီကိုင်ကာ အရာရာ ကို ဇီဇာကြောင်သည့် ပုံစံဖြင့် အတင်းအဖျင်း ပြောဆိုနေမှုများ ကို သည်းထန်စွာ ရွာသွန်းနေသော မုတ်သုံမိုး ၏ အမှောင်ထုကို နောက်ခံထားပြီး ပေါ်လွင်အောင် ရေးဖွဲ့နိုင်ခဲ့သည်။ ထို့အတွက်လည်း ကလပ်အသင်းတိုက်မှ ဖြာထွက်နေသော အလင်းရောင် နှင့် ပြင်ပရှိ အမှောင်ထု ရောယှက်နေသည့် မြင်ကွင်းကို အိပ်စ်ရေး ပြား၏ နောက်ခံ အရောင် ကဲ့သို့ မျက်စိထဲ တွင် ထင်သာ မြင်သာ ဖြစ်လာခဲ့ရသည်။ ဇာတ်လမ်းတွင် အဒေါ် နှင့် တူမ ဖြစ်သူတို့သည် ဖြတ်ထိုးဉာဏ် မသုံးဘဲ ရိုင်းပြစွာ အဖက်မတန် ဆက်ဆံနေမှုများအားလည်း လေဒီ ဘရက်နဲလ် ၏ အနိမ့်စား အဆင့်မျိုး အဖြစ် တွေ့နိုင်ပြန်သည်။ (လေဒီ ဘရက်နဲလ် သည် အော်စကာ ဝိုင်း၏ ပြဇာတ်ပါ ဝိတိုရိယ ခေတ် အထက်တန်းလွှာ ကြေးရတတ် အမျိုးသမီး များအား သရော်ထားသော ဇာတ်ရုပ် ဖြစ်သည်)

 

အသင်းတိုက်၏ ဘားခန်း အတွင်း မိမိတို့၏ အဆင့်အတန်း ကို ယုတ်လျော့မသွားအောင် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် ဗြိတိသျှ အမျိုးသား များ အကြား သူတို့ တူဝရီးသည် ဝင်ထွက် ရောနှော နိုင်ခဲ့ကြသည်။

 

အော်ဝဲလ်သည် ဒုအရာခံ ဗိုလ်ကလေး ဗာရော၏ ဇာတ်ရုပ်ကို သရုပ်ပေါ်အောင် အပြောင်မြောက်ဆုံး ရေးဖွဲ့နိုင်ခဲ့ပြန်သည်။ သူ၏ မျက်နှာပေးသည် ကလပ်အသင်းထဲသို့ ရောက်မလာသင့်သူများအား လစ်လျူရှုသည့် ပုံစံမျိုးကို ညွှန်းဆိုထားခဲ့သည်။ ဗာရယ်သည် သူ့၏ အဝတ်အစားများ နှင့် မြင်းများကို အကြွေးခံကာ ဝယ်ယူခဲ့ပြီး တရားစွဲ၍ မတောင်းမချင်း မပေးဘဲ နေသူလည်း ဖြစ်သည်။ သူသည် မိန်းမများ ကျလောက်အောင် အမျိုးမျိုး ဟန်ဆောင်နေကြသည့် စိတ်ဓါတ်ညံ့ဖျင်းသည့် ဗမာပြည်ရှိ ဗြိတိသျ အရာရှိများ ကို အရေးမစိုက်၊ အိန္ဒိယ တိုက်သားများကိုလည်း ရွံရှာမုန်းတီးနေပြန်သည်။ သို့သော် ပိုလို ကစားကောင်းသူများနှင့် ဗြိတိသျ စစ်တပ်ထဲရှိ မြင်းတပ်မှ လွဲ၍ ကျန်သည့် စစ်သားများကိုတော့ လိုလိုလားလား ရှိခဲ့သည်။

 

ဗာရယ်သည် အော်စကာ ဝိုင်းလ်၏ ကိုလိုနီ ခေတ်ကို ဟာသဆန်ဆန် သရုပ်ဖေါ်တတ်သည့် ပြဇာတ်ဖြစ်သည့် “The importance of Being Earnest” ပါ ဇာတ်ရုပ် ဖြစ်သော အယ်ဂါနွန် မားကရိ ၏ လေလွင့်နေပြီး လိမ်လည်လှည့်ဖျား တတ်မှု နှင့် ဉာဏ်စွမ်းဉာဏ်စ မရှိ၊ ဟာသ ညာဉ်လည်း မရှိသည့် စရိုက် နှင့် တထပ်တည်း ဖြစ်လာခဲ့သည်။