ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(104)

by Hla Soewai - Oct 05 2026

တခါတရံ အတွင်းမှ အဖျက် အမှောင့်လုပ်သူတယောက်အဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမျိုး ဖြစ်တတ်ပေမယ့် တခါတလေတော့—ဝန်ခံရမယ်ဆိုရင်—မရည်ရွယ်ဘဲ မတော်တဆ ဖြစ်သွားတာမျိုးလည်း ရှိ‌ နေတတ်‌ ပေသည်။ ပြန်စဉ်းစားကြည့်ရမည် ဆိုက ဆန်နီ ၏ သတ္တိကို ကျွန်တော် မေးခွန်းထုတ်ပြီး စိန်ခေါ်ခဲ့ခြင်းက သူ့ကို ယခုလိုမျိူး သတင်းခေါင်းစဉ်ကို ရေးဖြစ်အောင် တွန်းအားပေးခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အဲဒီသတင်းခေါင်းစဉ်ကို စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးပြီး နှစ်ပတ်အကြာမှာ ကျွန်တော် တွေ့လိုက်ရသည်။

 

“ရှေ့ဆက်ကြစို့၊ စစ်ပွဲပြီးသွားပြီ” လို့ ရေးထားသည့် ခေါင်းစဉ်ကို ဗိုလ်ချုပ်ကြီး၏ အရက်ဆိုင် နောက်ဖက် စစ်ဆင်ရေးအခန်း အဖြစ် လုပ်ထားသည့် အခန်းထဲက သူ့စားပွဲပေါ် တွင် တွေ့ခဲ့ရသည်။ စာရေးမှတ်စုစာအုပ် ပေါ် တင်ပြီး စာရွက်ချုပ်စက် တလုံးနှင့် ဖိထားသည်။

 

ထို သတင်းခေါင်းစဉ် တွင် ဖေါ်ပြထားသည့် သဘောထားကို လူတချို့ကတော့ လက်ခုပ်တီး ကြိုဆိုကြ ပေလိမ့်မည်။ ထိုအထဲတွင်တော့ ဗိုလ်ချုပ်ကြီး တယောက် ပါမည် မဟုတ်သည်က သေချာသည်။

 

ခေါင်းစဉ်အောက်တွင် Westminster ပန်းခြံတွင် ဗီယက်နမ် သဟာယ ကလပ် က ဦးဆောင်ကျင်းပခဲ့သည့် ဆန္ဒပြပွဲ၏ ဓာတ်ပုံ ပါလာသည်။ ဓာတ်ပုံထဲ တွင် တော့ တင်းမာသော မျက်နှာထားများနှင့် စစ်ပြန်များသည် စစ်တပ်ပုံစံတူ ယူနီဖောင်းများ ဖြစ်သည့် အညိုရောင်ရှပ်အင်္ကျီ၊ အနီရောင် သံပုရာခွံ ထုပ်များ ဆောင်းထားပြီး တန်းစီရပ်နေကြသည်။

 

နောက်ထပ် ပုံတပုံ တွင် တော့ ဒုက္ခသည်များကဲ့သို့ ဝတ်ဆင်ထားသည့် အရပ်သားများက နိုင်ငံရေးဆန္ဒပြစာတန်းများ၊ ရေးထားသည့် နဖူးစည်းများကို ကိုင်ဆောင်ထားကြသည်။ စာတန်းတွေကတော့ ကြေးနန်းစာလို တိုတိုတုတ်တုတ် ရေးထားတာမျိုး ဖြစ်သည်။ —

“ဟိုချီမင်း = ဟစ်တလာ!”

“ကျွန်ုပ်တို့ပြည်သူတွေအတွက် လွတ်လပ်ခွင့်ပေး!”

“ကျေးဇူးတင်ပါတယ်၊ အမေရိက!”

 

ဆန်နီ၏ ဆောင်းပါး ကြောင့် ပြည်ပရောက်နေကြသည့် လူများထဲတွင် စစ်ပွဲကို ဆက်လက်တိုက်ပွဲဝင်သင့်သလားဆိုသည့် သံသယများ ပေါ်ပေါက်လာစေပြီး၊ အဖွဲ့ အချင်းချင် ကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာစေနိုင်သည်၊ ဆန်နီ ကို ကျွန်တော် စောစောက စိန်ခေါ်ပြောဆိုခဲ့ခြင်းသည် မရည်ရွယ်ဘဲ ဖြစ်သွားခဲ့သော်လည်း ကျွန်တော်လိုချင်သည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီ ဆိုတာ သိလိုက်ရသည်။

 

နောက်ဆုံးတော့ အသုံးဝင်လာပြီဖြစ်သော Minox အိတ်ဆောင်ကင်မရာငယ်လေးဖြင့် ထိုဆောင်းပါးကို ကျွန်တော် ဓာတ်ပုံရိုက်ယူခဲ့သည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကျွန်တော်သည် ဗိုလ်ချုပ်ကြီး ၏ ဖိုင်မှတ်တမ်းများကို ဓာတ်ပုံရိုက်ယူနေခဲ့သည်။ သူ၏ လက်ထောက်အရာရှိ ဖြစ်သည့်အတွက် ထိုဖိုင်များအားလုံးကို ကျွန်တော် ဝင်ရောက်ကြည့်ရှုခွင့် ရှိထားပြီး ဖြစ်သည်။

 

ဖိလစ်ပိုင်မှ ပြန်ရောက်လာပြီးကတည်းက ဗိုလ်ချုပ်ကြီး နှင့် သူ၏ အဖွဲ့၊ သဟာယ ကလပ် တို့အတွက် အခကြေးငွေမယူဘဲ လုပ်ပေး နေရသည်က လွဲ၍ ကျွန်တော်သည် အလုပ်လက်မဲ့ဖြစ်နေခဲ့သည်။

 

လျှို့ဝှက်စစ်တပ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများအတွက်ပင် စာရေးစာချီလုပ်ပေးမယ့်သူတွေ လိုအပ်သည် မဟုတ်ပါလား၊ မှတ်တမ်းစာတွေ ရေးရသည်။ စာရွက်စာတမ်းတွေကို ဖိုင်တွဲသိမ်းဆည်းရသည်။ အစည်းအဝေးတွေ ခေါ်ရသည်။ လက်ကမ်းစာစောင်တွေ ဒီဇိုင်းဆွဲ၊ ပုံနှိပ်ပြီး ဖြန့်ဝေရသည်။ ဓာတ်ပုံတွေ ရိုက်ရသည်။ အင်တာဗျူးတွေ စီစဉ်ရသည်။ အလှူရှင်တွေ ရှာရသည်။

 

အထူးသဖြင့် ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ စာပေးစာယူတွေကို လက်ခံပြီး စာတိုက်မှ ပေးပို့ရခြင်း၊ ပြန်လည်ရောက်ရှိလာသော စာတွေကို ဗိုလ်ချုပ်ကြီးထံ မပေးအပ်မီ ကျွန်တော်ကိုယ်တိုင် ဖတ်ရှုခြင်း ပင် ဖြစ်သည်။

 

ကျွန်တော်သည် ဗိုလ်ချုပ်ကြီး ၏ စစ်တပ်ဖွဲ့ဖွဲ့စည်းပုံ အပြည့်အစုံကို ဓာတ်ပုံရိုက်ယူထားခဲ့သည်။ လက်ရှိ တပ်ခွဲ မှသည် ထိုင်းနိုင်ငံရှိ တပ်ရင်း များအထိ ဖြစ်သည်။ သဟာယ အသင်း ၏ လူထု ချီတက်ပွဲများမှသည် ဗိုလ်ချုပ်ကြီး ၏ လျှို့ဝှက်သီးသန့် စစ်ရေးလေ့ကျင့်မှုများအထိလည်း ဓာတ်ပုံရိုက်ယူခဲ့သည်။

 

ထို့အပြင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရှိနေသော ဗိုလ်ချုပ်ကြီး ၏ အရာရှိများနှင့် ဗိုလ်ချုပ်ကြီး အကြား အပြန်အလှန်ပေးပို့သော လျှို့ဝှက်စာတမ်းများ ကိုလည်း ဓာတ်ပုံရိုက်ယူခဲ့သည်။ ထိုအရာရှိများကို ဦးဆောင်နေသူမှာ ပင်လယ်ထွက်ပေါက်မရှိသော ကုန်းတွင်းပိတ်နိုင်ငံမှ ရေတပ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။

 

ထိုမျှမက ဗိုလ်ချုပ်ကြီး က သူ၏ လှုပ်ရှားမှု အတွက် သိမ်းဆည်းထားသော ငွေကြေးများနှင့် ပတ်သက်သည့် ဘဏ်စာရင်းရှင်းတမ်းများကိုပါ ကျွန်တော် ဓာတ်ပုံရိုက်ယူခဲ့သည်။ ထိုငွေများမှာ ဒုက္ခသည်အသိုင်းအဝိုင်းထံမှ ရရှိသော အလှူငွေအနည်းငယ်ခန့်၊ မဒမ်၏ စားသောက်ဆိုင်မှ ရရှိသော ဝင်ငွေများနှင့် ဒုက္ခသည်များနှင့် ပို၍ပင် ဝမ်းနည်းဖွယ်ကောင်းသော စစ်မှုထမ်းဟောင်းများကို ကူညီရန် သဟာယ အသင်း ထံ လှူဒါန်းခဲ့ကြသော ယုံကြည်စိတ်ချရသည့် ပရဟိတအဖွဲ့အစည်း အနည်းငယ်ထံမှ ရရှိသော ငွေများ ဖြစ်သည်။

 

ဒီအချက်အလက်တွေအားလုံးကို အထုပ်တထုပ်ထဲ ထည့်ပြီး ပဲရစ်ရှိ အဒေါ်ဆီ ပို့လိုက်သည်။ အထုပ်ထဲမှာ စာတစ်စောင်နှင့် သိပ်ပြီး အဖိုးမတန်လှသည့် အမှတ်တရလက်ဆောင်တခုလည်း ထည့်‌ ပေး လိုက်သည်။ ထို လက်ဆောင်သည် ဟောလိဝုဒ်ဆိုင်းဘုတ် နောက်ခံ နှင့် ဘက်ထရီ နှင့် လည်ပတ်နေသည့် နှင်းလုံးလေးတလုံး ဖြစ်သည်။။ ကိုးဗို့ဘက်ထရီ လိုအပ်တာမို့ တခါတည်း ထည့်ပေးရမည် မဟုတ်ပါလား။

 

ဘက်ထရီ ၏ အတွင်းပိုင်းကို ဖောက်ကာ အခေါင်းဖြစ် အောင် လုပ်ပြီး ဘက်ထရီတလုံးစီထဲကို Minox ဖလင် ကတ်ထရစ်တခုစီ ထည့်လိုက်သည်။ ဤသည်က ဆိုင်ဂုံတွင် ရှိစဉ် ကျွန်တော့်ဆီ သတင်းပို့ပေးသူနှင့် ကျွန်တော် သတင်းအချက်အလက် ဖလှယ်ခဲ့စဉ်ကထက် ပိုပြီး ခေတ်မီရှုပ်ထွေးသည့် နည်းလမ်းတခု ဖြစ်သည်။

 

မန်း က ကျွန်တော့်ကို သတင်းပို့်မည့် လူ အကြောင်း ပထမဆုံးပြောပြတုန်းက ကျွန်တော့်စိတ်ထဲ ချက်ချင်းပေါ်လာတာကတော့ ကျွန်တော်တို့နိုင်ငံက အလှမယ်တွေထဲမှာ နာမည်ကျော်သင့်သလောက် ကျော်ကြားခဲ့သည့် အလှမယ်တယောက်၏ ပုံရိပ်ပင် ဖြစ်သည်။ အပြင်ပန်းမှာ သန့်စင်ထားသည့် သကြားဖြူလို ဖြူဖွေးပြီး အတွင်းမှာတော့ နေထွက်ချိန်ကောင်းကင်လို နီရဲနေသည့်၊ ကိုချင်-ချိုင်းနားဒေသ၏ မာတာဟာရီတယောက် ပင် ဖြစ်မည်။

 

သို့သော်လည်း မနက်တိုင်း ကျွန်တော့်အိမ်တံခါးဝကို ရောက်လာတာကတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် အဒေါ်ကြီးတယောက်။ သူမ၏ မျက်နှာပေါ်က အရေးအကြောင်းများသည် လက်ဖဝါးပေါ်က အရေးအကြောင်းများထက်ပင် လျှို့ဝှက်ချက်တွေ ပိုများမည့် အလားအလာ ရှိနေသည်။ အဒေါ်ကြီးက ကွမ်းတံတွေးတွေ တပြွတ်ပြွတ်ထွေးထုတ်ရင်း၊ ငှက်ပျောရွက်နဲ့ ထုပ်ထားတဲ့ ကောက်ညှင်းထုပ်များကိုလည်း ရောင်းသည်။

 

ကျွန်တော်က မနက်စာအတွက် ကောက်ညှင်းထုပ်တထုပ်ကို မနက်တိုင်း ဝယ်သည်။ ကောက်ညှင်းထုတ်ထဲတွင် ပေးချင်သည့် သတင်း ပါချင်ပါလိမ့်မည်၊ မပါသည့် အခါလည်း ရှိသည်။ ပါလာလျင်တော့ ပလတ်စတစ်နဲ့ လိပ်ပြီး ထုပ်ထားတတ်သည်။

 

အလားတူပဲ ကျွန်တော် သူမကို ပေးသည့် ခေါက်ထားတဲ့ငွေစက္ကူထဲမှာလည်း ဖလင်ကတ်ထရစ်တစ်ခု ဒါမှမဟုတ် ကျွန်တော့်ဘက်က ပေးပို့သည့် သတင်းစကား ပါချင်ပါလိမ့်မည်၊ မပါချင်လည်း မပါဘူး။ ကျွန်တော်က သတင်းကိုတော့ ဆန် ဆေးရည်နှင့် အမာစား စက္ကူ ကြမ်းကြမ်း ပေါ် မမြင်ရအောင် ရေးထားခဲ့ခြင်း ဖြစ်သည်။

 

ဒီနည်းလမ်း၏ တခုတည်းသော အားနည်းချက်ကတော့ အဒေါ်ကြီး၏ လက်ရာသည် အလွန်ညံ့ဖျင်း နေခြင်းပင် ဖြစ်သည်။ သူမ၏ ကောက်ညှင်းက ကော်လို စေးကပ်ပြီး အလုံးကြီးတလုံးလို ဖြစ်နေတာကြောင့် ကျွန်တော် မျိုချရသည်။ သို့မဟုတ်က အိမ်အကူမိန်းကလေးက အမှိုက်ပုံးထဲမှာ အဲဒါကိုတွေ့ပြီး “မစားဘဲ ဘာလို့ နေ့တိုင်း ဝယ်နေတာလဲ” လို့ သံသယဝင်သွားနိုင်သည်။

 

တခါတော့ ကျွန်တော် အဒေါ်ကြီးကို ကောက်ညှင်းထုတ်အကြောင်း မကျေမနပ် ပြောမိသည်။ ဒါပေမဲ့ သူမက ကျွန်တော့်ကို မွှန်ထူ အောင် ဆဲဆို တော့သည်။ ဆဲရာတွင်လည်း စကားလုံးအသစ်အဆန်းတွေကိုပါ အံ့မခန်း တီထွင်သုံးပြီး ဆဲတာကြောင့် ကျွန်တော့်လက်ပတ်နာရီကိုတောင် နှစ်ခါလောက် စစ်ကြည့်ရသလို၊ အဘိဓာန်ကိုပါ လှန်ကြည့်ရသည်။

 

ဗိုလ်ချုပ်ကြီး အိမ် တော် ရှေ့မှာ ခရီးသည်စောင့်ရင်း ဂိတ်ထိုး နေကြသည့် ဆိုက်ကား ဆရာ‌ တွေ တောင် သူမ၏ ဆဲဆိုပုံကို သဘောကျ ကုန်ကြသည်။

 

ဘယ်ဘက်လက်ပြတ်နေတဲ့ ဆိုက်ကားသမားတယောက်က ကျွန်တော့်ကို လှမ်းအော်ပြောတယ်—

“ကပ္ပတိန်၊ အဲဒီအဒေါ်ကြီးကိုပဲ လက်ထပ်လိုက်တာ ကောင်းမယ်နော်။ သူက အပျိုကြီး ဘဝနဲ့ ကြာကြာ နေမယ့်ပုံ မ ပေါ် ဘူး !”

 

အတိတ်ကို သတိရရင်း မျက်နှာ တွန့်ရှုံ့သွားပြီး ဗိုလ်ချုပ်ကြီး၏ အံဆွဲထဲက ၁၅ နှစ်ချို့ စကော့ချ်ပုလင်းကနေ တခွက်ငှဲ့သောက်လိုက်မိသည်။ ဗိုလ်ချုပ်ကြီးက ကျွန်‌ တော်ကို လစာ မပေး နိုင်သည့် အတွက် သူ့တွင် ပေါများနေသော အကောင်းစား အရက်များ နှင့် ကျွန်တော့်ကို ပျော်အောင်၊ တနည်းအားဖြင့် သူ့အပေါ် မှီခိုအောင် လုပ်ထားသည်။ 

 

ကျွန်တော်ကလည်း အဲ့ဒါကိုပဲ လိုအပ်နေသူ ဖြစ်သည်။ စာထဲတွင် သာမန် မျက်စိနှင့် မမြင်ရအောင် ရေးထားသည်က၊ ဘွန် နှင့် အဖွဲ့ သွားမည့် ခရီးစဉ်အသေးစိတ်၊ ပြီးတော့ ဗရမ်းဗတာနှင့် အေးစက်စက် နိုင်လှသည့် ဗိုလ်ကြီးတို့၏ လေယာဉ်လက်မှတ်ကနေ လေ့ကျင့်ရေးစခန်းနေရာအထိ အချက်အလက်တွေ ဖြစ်သည်။

 

အန်တီ့ဆီကို ပို့ခဲ့သည့် သတင်းများ နှင့် အနှစ်သာရအားဖြင့် အတူတူပင် ဖြစ်သည်။ - နောက်ဆုံးတွင် ကြောက်စရာကောင်းလှသည့် ချုံခိုတိုက်ခိုက်မှုများဆီ ဦးတည်သွားမည့် စစ်ဆင်ရေးနှင့် လျှို့ဝှက်ထောက်ပံ့ရေး အချက်အလက်တွေ ပါသည်။ 

 

သတင်းစာတွေမှာ အမေရိကန် ဒါမှမဟုတ် သမ္မတနိုင်ငံဘက်က စစ်သားဘယ်နှစ်ယောက် သေသည်၊ ဒဏ်ရာရသွားသည် ဆိုပြီး ပါလာ‌ ပေလိမ့်မည်၊ သို့သော် သမိုင်းစာအုပ်ထဲတွင် တော့ မျက်နှာမရှိသည့် အသေကောင်များလို ဝေဝါးနေကြမည်သာ ဖြစ်သည်။ ထိုကဲ့သို့သော သတင်းများကို ကျွန်တော် လွယ်လွယ်ကူကူ ရေးနိုင်ပေသိ ဘွန်အကြောင်းကိုတော့ စကားလုံး အဖြစ်သာ မဟုတ်ဘဲ ကျွန်တော့်သူငယ်ချင်းဖြစ်နေ၍ တညလုံး အချိန်ယူပြီး ရေးခဲ့ရသည်။