လမ်ဘတ် ၏ သင်္ဘောသည် ၁၈၅၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့အနီး၌ ကျောက်ချရပ်နားလိုက်သည်နှင့် ကုန်သည်အချို့ သင်္ဘောပေါ်သို့ အစုလိုက်အပြုံလိုက် တက်ရောက်လာကြပြီး လမ်ဘတ်အား တိုင်တန်းကြ လေ တော့သည်။ ၎င်းတို့အထဲတွင် အချို့တိုင်ချက်များမှာ အကြောင်းခိုင်လုံသော်လည်း၊ အချို့မှာမူ ရဲတင်းလွန်းလှသည့် တိုင်ချက်များသာ ဖြစ်ကြသည်။
ထိုသို့ ရဲတင်းလွန်းသည့် တိုင်ချက်များအနက် မစ္စတာ ခရစ်စ့် ၏ တိုင်ချက် မှာ တခုအပါအဝင် ဖြစ်ပေသည်။ ၎င်းသည် ဗြိတိသျှနှင့် မြန်မာတို့အကြား စစ်ဖြစ်တော့မည့် အရိပ်အယောင်များကို ကြားသိရသည်နှင့် တပြိုင်နက် မြန်မာတို့ထံသို့ လက်နက်ခဲယမ်း သင်္ဘော တစင်းစာ အပြည့် ချက်ချင်း ရောင်းချခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ မြန်မာတို့က သူ့အား လက်နက်ဖိုး ငွေကြေးပေးချေခြင်း မရှိသေးကြောင်း တိုင်ကြားလာပြီး၊ ဗြိတိသျှအစိုးရအနေဖြင့် သူ့ဘက်မှ ဝင်ရောက်စွက်ဖက်ပေးရန် တောင်းဆိုခဲ့လေသည်။
ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အချိန်မှစ၍ လမ်ဘတ် သည် မြန်မာလူမျိုးများကို အရှက်ကွဲစေရန်နှင့် စစ်ပွဲဖြစ်ပွားရန် ရှောင်လွှဲ၍မရတော့သည့် အခြေအနေသို့ ရောက်ရှိသွားစေရန် အထူးပင် ကြိုးပမ်းခဲ့ပုံပေါ်ပေသည်။ ပထမအချက်အနေဖြင့် ပေးထားသည့် အမိန့်များကို ဖီဆန်လျက်၊ ၄င်းအတွက် အထောက်အထားဖြစ်မည့် စာရွက်စာတမ်း အချက်အလက်များ ကို မစုဆောင်းရသေးမီကပင် လျော်ကြေးငွေပေးဆောင်ရန် တောင်းဆိုသည့် စာကို ရေးသားခဲ့သည်။
ဒုတိယအချက်အနေဖြင့် အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေခြင်း မရှိဘဲ ရန်ကုန် မြို့ဝန် ထံသို့ ကိုယ်တိုင် စာရေးသားခဲ့ပြီး၊ အခြားနည်းလမ်းအားလုံး မအောင်မြင်မှသာ ပေးပို့ရန် ညွှန်ကြားထားခဲ့သော ဘုရင်ခံချုပ်၏ မင်းတရားကြီးထံသို့ ပေးပို့မည့် စာကိုပါ ပူးတွဲပေးပို့ခဲ့သည်။ ဤစာနှစ်စောင်ကို ပူးတွဲလျက် ရန်ကုန်မြို့ဝန်ထံသို့ ပေးပို့သော စာထဲတွင်မူ ၄င်းက "ယနေ့မှစ၍ ငါးပတ်အတွင်း ကျွနုပ် ထံ အကြောင်းပြန်ကြားချက် ရောက်ရှိလာစေရန်အတွက် သင့်တွင် တာဝန်ရှိသည်" ဟုလည်း ဖော်ပြခဲ့ပေသည်။
ထို့နောက် လမ်းဘတ် သည် မိမိ၏ လုပ်ရပ်များကို ရှင်းပြရန်အတွက် စကားပြန်ကို ကာလကတ္တားမြို့သို့ စေလွှတ်ခဲ့သည်။ အရှေ့အိန္ဒိယကုမ္ပဏီ၏ အုပ်ချုပ်ရေးကောင်စီတွင် ဒါလ်ဟို ဇီနှင့်အတူ တာဝန်ထမ်းဆောင်နေသော လုပ်ဖော်ကိုင်ဖက်နှစ်ဦးသည် လမ်းဘတ် က ၎င်းတို့၏ ညွှန်ကြားချက်များကို မလိုက်နာခဲ့ခြင်းအတွက် သူတင်ပြသော အထောက်အထားများကို လက်မခံခဲ့ကြပေ။
သို့သော် ဒါလ်ဟို ဇီကိုယ်တိုင်ကတော့ လမ်းဘတ်သည် မြို့ဝန် နှင့် ဆွေးနွေးနေမှုကို အချိန်မဆွဲဘဲ ရပ်တန့်ကာ ဘုရင်ထံသို့ စာကို ချက်ချင်းပေးပို့ခဲ့ခြင်းကို ထောက်ခံခဲ့သည်။
ထိုအချိန်တွင် ဒါလ်ဟိုဇီက ဘုရင်ဘက်မှ ကျေနပ်လောက်ဖွယ် အဖြေ ထွက်မလာပါက ဗြိတိသျှအစိုးရအနေဖြင့် ထိုကိစ္စကို “ခေါင်းငုံခံ နေ၍ မဖြစ်” ဟု လမ်းဘတ်အား သတိပေးခဲ့သည်။
ထိခိုက်နစ်နာမှုအတွက် လျော်ကြေးကို မဖြစ်မနေ တောင်းခံရမည် ဖြစ်သော်လည်း၊ “စစ်ပွဲဟူသော ကြောက်မက်ဖွယ် နောက်ဆုံးအဆင့်ကို အခြားနည်းလမ်းအားလုံးကို အရင်ဆုံး စမ်းသပ်ပြီး မအောင်မြင်မှသာ မလွှဲမရှောင်သာ အသုံးပြုရမည်” ဟု ဆိုခဲ့သည်။
ဒါလ်ဟို ဇီသည် ရန်ကုန်မြို့ကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ရန်ကိုလည်း ကန့်ကွက်ခဲ့သည်။ အကြောင်းမှာ ထိုသို့လုပ်ခြင်းသည် “အလွန်အမင်း မတရားရာကျပြီး ရက်စက်ရာရောက်မည်၊ အဓိကခံရမည့်သူများမှာ အပြစ်မဲ့သော အရပ်သားများ ဖြစ်မည်” ဟု ယူဆသောကြောင့် ဖြစ်သည်။
ထို့အတူ ရန်ကုန် သို့မဟုတ် မုတ္တမကို လက်နက်ကိုင်တပ်များဖြင့် ဝင်ရောက်သိမ်းပိုက်ခြင်းကိုလည်း သူက ကန့်ကွက်ခဲ့သည်။ “ထိုသို့ လက်နက်ကိုင်တပ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းသည် ကျွန်ုပ်တို့က စစ်ပွဲကို ရှောင်ရှားလို၍ အစပိုင်းတွင် သက်ညှာစွာ အရေးယူနိုင်ရန် ကြိုးပမ်းခဲ့မှုများသည်အချည်းနှီး ဖြစ်သွားပြီး နောက်ဆုံးတွင် စစ်ပွဲ မဖြစ်ဖြစ် အောင် လုပ်နေသလိုမျိုး ဖြစ်သွားနိုင်သည်" ဟု ဆိုသည်။
ထို့ကြောင့် ဒါလ်ဟို ဇီက ရန်ကုန်မြို့တွင် ရှိနေသော ဗြိတိသျှနိုင်ငံသားများကို ဦးစွာ သင်္ဘောပေါ် ရောက်အောင် ကယ်ထုတ်ပြီးမှသာ ရန်ကုန်ဆိပ်ကမ်းကို ရေကြောင်းမှ ပိတ်ဆို့ထားရန် အကြံပြုခဲ့သည်။
သို့သော် ၁၈၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုရင်မင်းမြတ်ထံက ဟန်ပြလိုက်လျောသည့်သဘောဖြင့် ပြန်ကြားစာ ကို ရရှိခဲ့သည်။ နိုင်ငံနှစ်နိုင်ငံကြားရှိ ချစ်ကြည်ရင်းနှီးမှုကို အကြောင်းပြု၍ “ရန်ကုန်မြို့စားကို ရွှေနန်းတော်သို့ ပြန်လည်ခေါ်ယူခဲ့ပြီဖြစ်ကြောင်း” ၎င်းက ကြေညာခဲ့ပြီး၊ တရားမဝင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ကုန်သည်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည့်အပြင် သင့်လျော်သော အခြားမြို့စားအသတဦးကိုလည်း ခန့်အပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဂုဏ်သိက္ခာပိုင်းအရ ကျေနပ်သွားပုံ ရ၍ ဒါလ်ဟိုစီ က ဤလျော်ကြေးပေးမှုကို လုံးဝကျေနပ်လောက်စရာအဖြစ် လက်ခံသင့်ကြောင်း ကြေညာခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုသည် သင်္ဘော မာလိန်မှုး များ၏ ဖြစ်ရပ်များနှင့်သာ သက်ဆိုင်သင့်ပြီး အခြားကိစ္စရပ်များ လုံးဝမပါဝင်စေရန် အကြံပြုခဲ့သည်။ သို့ဖြင့် စစ်မီးတောက်မည့် အရိပ်အယောင်များမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့မည့်ပုံ ပေါ်လာခဲ့သည်။
မြန်မာ ဘုရင်မင်းမြတ်ဖက်ကလည်း အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်သို့အုပ်ချုပ်ရေးမှူး အသစ်တဦး ရောက်ရှိလာခဲ့သော်လည်း၊ ယခုအခါတွင်မူ ကွန်မိုဒိုး လမ်းဘတ် က ယခင်က ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်များကို ဖျက်ဆီးပစ်ခဲ့ပြန်သည်။
လမ်ဘတ်သည် အုပ်ချုပ်ရေးမှူးအသစ်ထံသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံခြင်းမပြုဘဲ၊ အက်ဒွပ် ဆိုသည့်လက်ထောက်စကားပြန်တဦးကိုသာ စေလွှတ်ခဲ့သည်။ ကုန်းပေါ်ရှိ ဒေသခံပြည်သူများအား လမ်ဘတ်၏ ရေတပ်အုပ်စု နှင့် မဆက်သွယ်ရဟု ပိတ်ပင်ထားသော အမိန့် ကို ရုပ်သိမ်းပေးရန် တောင်းဆိုခိုင်းခဲ့ခြင်း ဖြစ်ပြီး၊ အုပ်ချုပ်ရေးမှူးအသစ်ကလည်း ချက်ချင်းပင် ခွင့်ပြုပေးခဲ့သည်။
ထို့နောက် လမ်ဘတ်သည် လွန်စွာယဉ်ကျေးသိမ်မွေ့မှုကင်းမဲ့စွာဖြင့် အုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ဆုံရန် ဂရုမစိုက်ဘဲ ငြင်းပယ်ခဲ့ပြန်ပြီး၊ ၎င်း၏ တောင်းဆိုချက်များပါရှိသော စာတစောင်ကို ပေးအပ်ရန် ကပ္ပတိန် လက်တာ နှင့် အက်ဒွပ် တို့ကို သင်္ဘောအရာရှိနှစ်ဦးနှင့်အတူ အုပ်ချုပ်ရေးမှူး၏ အိမ်သို့ စေလွှတ်ခဲ့သည်။ အက်ဒွပ် သည် မည်သည့်နိုင်ငံမှ မည်မျှပင် ရာထူးကြီးမားသော အရာရှိဖြစ်စေ မြင်းပေါ်မှဆင်းရမည်ဟူသော ရှေးရိုးဓလေ့ထုံးစံကို ဖောက်ဖျက်လျက် ရှေ့မှဦးဆောင်ကာ မြင်းဖြင့်ပင် အိမ်တော်ဝင်း အတွင်းသို့ စီးနင်းဝင်ရောက်လာခဲ့သည်။
ထိုသို့ဖြစ်ပျက်ခဲ့ပုံကို ကပ္ပတိန် လက်တာက အောက်ပါအတိုင်း ဖော်ပြထားသည်-
"အပြင်ဘက် လှေကားထစ်ခြေရင်းတွင် အုပ်ချုပ်ရေးမှူး၏ နောက်ပါအခြွေအရံတစ်ဦးက သူ့အား ဓားထုတ်ကာ ခြိမ်းခြောက်ပြီး၊ မြို့ဝန် ၏ အိမ်တော်ဆီသို့ အဘယ့် ကြောင့် ယခုလို ပုံစံ မျိုး ဖြင့် ချဉ်းကပ်လာရသနည်းဟု ခြိမ်းခြောက်မေးမြန်းခဲ့သည်။ အက်ဒွပ် ကမူ မြို့ဝန်၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ မြို့ဝန် ရှေ့မှောက်သို့ ခေါ်ဆောင်သွားခံရသောအခါတွင်မူ မိမိ၏အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရကြောင်းနှင့် ဖြစ်ပျက်ခဲ့သမျှကို တင်ပြခဲ့သည်။ မြို့ဝန် က ပြစ်မှုကျူးလွန်သူကို ခေါ်ခိုင်းပြီး အက် ဒွပ် ၏ ရှေ့မှောက်တွင်ပင် မြန်မာတို့၏ ဓလေ့ထုံးစံအတိုင်း အပြစ်ပေးအရေးယူခဲ့သည်။ အရေးယူ ပုံ မှာ တရားခံအား ဆံပင်မှ ဆွဲကိုင်၍ သုံးပတ်တိတိ လှည့်ပတ်ခြင်း၊ မျက်နှာကို မြေကြီး နှင့် ဆောင့်ခြင်း၊ ထို့နောက် ဆံပင်မှ ဆွဲကိုင်ကာ လှေကားထစ်များပေါ်မှ အောက်သို့ ပစ်ချခြင်းပင် ဖြစ်ပေသည်" ဟု ဖော်ပြထားသည်။
ထိုသို့ ဖြစ်ခဲ့ပြီး နောက် ရေတပ် အုပ်စု ခေါင်းဆောင် လမ်းဘတ် စေလွှတ်လိုက်သည့် အရာရှိများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုရန် မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း အက်ဒွပ် က ရန်ကုန် မြို့ဝန်အား အကြောင်းကြားခဲ့သည်။
ယခုအခါတွင် လမ်းဘတ်သည် စစ်ပွဲတခုအဖြစ်သို့ ဖန်တီးပုံဖော်၍ ရနိုင်မည့် အသေးအဖွဲ အကြောင်းအရာများကို တခုပြီး တခု စတင်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန် မြို့ဝန် ကြီးသည် အက်ဒွပ် ကဲ့သို့ အဆင့်နိမ့် အရာရှိငယ်တဦးကို တရားဝင်မဟုတ်ဘဲ သာမန်သဘောမျိုး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိသော်လည်း၊ ရေတပ်အရာရှိကြီးများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကိုမူ သံတမန်ကျင့်ထုံးများကို ကျော်လွန်၍ ထိုကဲ့သို့ သာမန်ပုံစံမျိုးဖြင့် ဆက်ဆံခြင်း မပြုလိုပေ။ အကြောင်းမှာ တရားဝင် အခမ်းအနားဖြင့် တင့်တင့်တယ်တယ် လက်ခံရမည့်အစား အလွယ်တကူ လက်ခံလိုက်ပါက မိမိ၏ ရာထူးဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ ဂုဏ်ကျက်သရေ ကျဆင်းသွားမည် ဟု ယူဆသောကြောင့် ဖြစ်သည်။။ ထို့ကြောင့် သူက စာကို အက်ဒွပ် ထံမှသာ လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အက်ဒွပ်ကလည်း ကိုယ်စားလှယ်အဖွဲ့သည် ရောက်ရှိလာတော့ရန် နီးကပ်လာပြီ ဖြစ်၍ ဤကဲ့သို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး မြို့တော် ဝန် ရှေ့မှ ထွက်ခွာသွားခဲ့သည်။
မကြာမီပင် ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန် သာသနာပြု မစ္စတာ ကင်ကိဒ် တို့သည် မြင်းပေါ်မှပင် ဆင်းမနေဘဲ နန်းတော်ရာ ရှိ အစိုးရရုံးစိုက်ရာ ဝင်းအတွင်း သို့ အတူတကွ စီးနင်းဝင်ရောက်လာကြသည်။ ယခင်က အဖြစ်အပျက်များမှ သင်ခန်းစာယူခဲ့ကြရသဖြင့် ယခု တကြိမ်တွင်မူ အစောင့်တပ်သားများသည် ပို၍ သတိကြီးစွာဖြင့် မြို့ဝန် မင်း အိပ်ပျော်နေသေးကြောင်း ပြောဆိုကာ ခေတ္တစောင့်ဆိုင်းရန်သာ တောင်းဆိုခဲ့ကြသည်။ သို့သော် ကိုယ်စားလှယ်အဖွဲ့ကမူ ထိုသို့စောင့်ဆိုင်းရန် ငြင်းဆန်ခဲ့ကြပုံရပြီး ဝင်းအတွင်းမှ ပြန်ထွက်လာကာ မြို့ဝန်က ၎င်းတို့နှင့်တွေ့ဆုံရန် ငြင်းပယ်သည်ဟု ပြောဆိုကာ လမ်ဘတ် ၏ သင်္ဘောရှိရာသို့ ပြန်လာခဲ့ကြလေသည်။