မြန်မာလေတပ်သည် ၎င်းတို့ကိုယ်ကို စစ်တပ်အတွင်း ပညာတတ်နှင့် နည်းပညာပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားသည့် အုပ်စု အဖြစ် ပုံဖော်ပြသလေ့ရှိသည်။ သို့သော် အမှန်တကယ်တွင်မူ ၎င်းတို့သည် ဂုဏ်သိက္ခာဟူသမျှ တစက်ကလေး မျှ မကျန်တော့သည့် အစုအဖွဲ့များ အဖြစ် ရောက်ကုန်ကြသူ များ ဖြစ်သည်။
၎င်းတို့ အဖို့က ရန်သူ့တိုက် လေယာဉ် များနှင့် ရင်ဆိုင်တိုက်ခိုက်ရခြင်းမျိုး မရှိပေ။ ၎င်းတို့၏ ကြီးမားသာလွန်သော နည်းပညာအင်အားကို မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် အရပ်သားများ နေထိုင်ရာ ရပ်ရွာလူထုများအပေါ်တွင်သာ တွင်တွင် ကျယ်ကျယ် အသုံးပြုခွင့် ရနေကြသည်။
မြန်မာ လေတပ်အဖို့ လွန်လေပြီးသော နှစ်ပေါင်း ၆၀ တွင် တရုတ်ဖြူ ကူမင်တန် များနှင့် လေယာဉ် စီးချင်း ထိုးပြီးကတည်းက ကောင်းကင်ယံတွင် ရန်သူ့ လေယာဉ်ဟူ၍ တကြိမ်တခါမျှ ပင် မမြင်ဖူးခဲ့ကြသူ များ ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်မှု များ ကျုးလွန် ကြရာတွင် အတူတူပင် ဆိုစေဦး မြေပြင်တပ်ဖွဲ့များကတော့ အနည်းဆုံးတော့ တဖက်မှ ပြန်လည် ခုခံပစ်ခတ်နိုင်သည့် စစ်မြေပြင်တွင် နဖူးတွေ့ ဒူးတွေ့ ရန်သူ နှင့် ရင်ဆိုင်ကြရသူ များ ဖြစ်သည်။ လေတပ်လေယာဉ်မှူးများမှာမူ တရုတ်နှင့် ရုရှားလုပ် တိုက်လေယာဉ်များဖြင့် ကျေးရွာများ၊ ဈေးများ၊ ဆေးရုံများ၊ ဘာသာ ရေး အဆောက်အအုံ များနှင့် စာသင်ကျောင်းများပေါ်သို့ ပျံသန်းတိုက်ခိုက်ကြပြီး မည်သို့မျှ လက်တုံ့ပြန်ထိခိုက်ခံရခြင်း မရှိဘဲ အခြေစိုက်စခန်းသို့ အများအားဖြင့် ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိကြသူများပင် ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံး၏ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂၃၂ ဦး အပါအဝင် အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ရပြီး၊ ယင်းမှာ ယခင်နှစ်က သေဆုံးသူ ၆၄၁ ဦးထက် ရာခိုင်နှုန်း ၅၀ ကျော် တိုးလာခြင်း ဖြစ်သည်။ ဤလအစောပိုင်းက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားမှ နီကိုလပ်စ် ကွမ်ဂျီယန် က စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုအပေါ် ပိုမိုအားကိုးလာမှုကြောင့် အရပ်သားများသည် "အဓိက သားကောင်များ" ဖြစ်လာခဲ့ကြကြောင်း ထုတ်ဖေါ် ပြောဆို ခဲ့ပြီးလည်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ စုံစမ်းစစ်ဆေးချက်များအရ အရပ်သားများအပေါ် ပြုလုပ်သော တိုက်ခိုက်မှုများသည် လေယာဉ်မှူးများ၏ မှားယွင်းမှုကြောင့်ထက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြသနေသည်ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံ အစိုးရများက စစ်တပ်နှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များ၊ လက်နက်ပွဲစားများနှင့် လေကြောင်းလောင်စာဆီ ထောက်ပံ့ရေးကွန်ရက်၏ အစိတ်အပိုင်းများကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း လောင်စာဆီများကမူ ဆက်လက်ဝင်ရောက်နေဆဲပင် ဖြစ်သည်။
စစ်အုပ်စု သည် လွန်ခဲ့သည့်နှစ်အတွင်း လေယာဉ် လောင်စာဆီ အနည်းဆုံး တန်ချိန် ၁၀၉,၆၀၄ တန်ကို တင်သွင်းခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး က ဖေါ် ထုတ် နိုင်ခဲ့သည်။ ယင်းပမာဏမှာ ၂၀၂၄ ခုနှစ်ကထက် ၆၉ ရာခိုင်နှုန်း ပိုများလာခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အလိုက် တင်သွင်းမှု အများဆုံးပမာဏလည်း ဖြစ်သည်။ ၎င်းတို့၏ စုံစမ်းစစ်ဆေးချက်အရ သင်္ဘောများ၏ တည်နေရာပြစနစ်ကို ပိတ်ပြီး အမှောင်ချထားခြင်း ၊ ရေကြောင်းသွား အချက်ပြမှုများကို လှည့်ဖြားခြင်းနှင့် အီရန်နိုင်ငံ၏ လောင်စာဆီတင်ပို့မှုများနှင့် ယခင်က ပတ်သက်ဖူးသည့် သင်္ဘောများအပါအဝင် သင်္ဘောချင်းတိတ်တဆိတ် လွှဲပြောင်းမှုများကိုပါ မှတ်တမ်းတင်နိုင်ခဲ့သည်။
၎င်းတို့ ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများ၊ ဒုက္ခသည် စခန်းများကို စိတ်ထင်တိုင်း ဗုံးကြဲ သတ်ဖြတ်နေမှု များက နာရီပိုင်း အတွင်း ကမ္ဘာ သတင်းမီဒီယာများသို့ အထောက်အထား ဓါတ်ပုံ များ နှင့် တကွ အမြဲလို ပျံ့နှံ့သွား၍ အစိုးရ များ အနေဖြင့် ၎င်းတို့ မသိရှိရပါဟု ငြင်း၍ မရ နိုင်ပေ။
ကျောက်တော်မြို့ ဖြစ်ရပ်ပြီးနောက် အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က အစိုးရများအနေဖြင့် လက်နက်များ၊ လေကြောင်းလောင်စာဆီများနှင့်စစ်ဘက်-အရပ်ဘက်ပါ သုံးနိုင်သောပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ရပ်တန့်ကြရန် ထပ်မံတိုက်တွန်း တောင်းဆိုခဲ့သည်။ ဤတကြိမ်တွင်ရော ထိုတိုက်တွန်းချက်ကို လိုက်နာဆောင်ရွက်ကြမည်လော။
သေချာသည်မှာမူ ဝမ်းနည်းကြောင်း၊ စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်များသာ ထုတ်ဖော်ပြသကြ ပေလိမ့်မည်။ နောက်တနေ့မှာပင် နောက်ထပ် တိုက်လေယာဉ်တစင်းသည် ထပ်မံပျံသန်းထွက်ခွာလာဦးမည် ဖြစ်သည်။
လေယာဉ်မှူးတဦး၊ လောင်စာဆီ ပံ့ပိုးပေးသူတဦးနှင့် နိုင်ငံခြားသံတမန်တဦးတို့သည် တရားဥပဒေအရ တာဝန်ခံမှု တွင် တူညီကြမည် မဟုတ် ပေ။ ထိုသို့ ဆိုးရွားလှသော အကျိုးဆက်များ ဖြစ်ပွားလာသည်ကို အတိအလင်း သိရှိရက်နှင့် လက်နက်ဆက်ရောင်းခြင်း၊ လောင်စာဆီ ဆက်ပို့ပေးခြင်း သို့မဟုတ် ထိရောက်သည့် အရေးယူမှု မလုပ်ဘဲ စကားလုံးသက်သက်ဖြင့်သာ ရပ်တည်နေခြင်းစသည့် လုပ်ရပ်တိုင်းသည် နောင်တချိန်တွင် သမိုင်းမှတ်တမ်းများအဖြစ် အသီးသီး ကျန်ရစ်နေမည် ဖြစ် ပေသည်။
မြန်မာစစ်တပ်၏ လေယာဉ်များ ဆက်လက်ပျံသန်းနိုင်ရန် လိုအပ်သော လောင်စာဆီနှင့် စစ်လက်နက်ပစ္စည်းများ ရရှိရေးကို ဆုံးဖြတ်ပေးနေကြသည့် ကုမ္ပဏီများ၊ အာမခံလုပ်ငန်းများ၊ သင်္ဘောတင်ပို့သူများနှင့် ငွေကြေးထောက်ပံ့သူများ ရှိသလို ဤမျှများပြားလှသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် ရှိနေသည့် မင်းအောင်လှိုင်အား ကော် ဇော်နီ ခင်းကာ လက်ဆွဲနှုတ်ဆက်နေ ကြိုဆိုနေကြသည့် အစိုးရများအနေဖြင့်လည်း တာဝန်ရှိပေသည်။ ၎င်းတို့၏ လုပ်ရပ်များသည် ပြည်တွင်း၌ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်အာဏာရှင်စနစ်ကို ပုံမှန်အခြေအနေတခုကဲ့သို့ သဘောထားလာစေရန် ကူညီပေးနေကြခြင်းပင် ဖြစ်သည်။
မည်သူက ဗုံးကြဲဖို့ အမိန့်ပေး ခဲ့သည်၊ မည်သူက ကိုယ်ထိ လက်ရောက် ခလုပ် နှိပ်ခဲ့သည် ဆိုသည်ကို သမိုင်းက မှတ်တမ်းတင်ပေလိမ့်မည်။ သို့သော် မည်သူက ငွေကြေးလမ်းကြောင်းများကို ဆက်လက်ဖွင့်ပေးခဲ့သည်၊ မည်သူက လေကြောင်းလောင်စာဆီများကို ပို့ဆောင်ပေးခဲ့သည်၊ နှင့် မည်သူက မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို ပုံမှန်ကဲ့သို့ ဆက်၍ ဆက်ဆံခဲ့သည်ဆိုသည်တို့ကိုလည်း သမိုင်းက မှတ်တမ်းတင်သွားမည် ဖြစ်သည်။
မြန်မာပြည်သူလူထုက မိမိတို့ဘက်တွင် ရပ်တည်ပေးခဲ့သူများနှင့် မိမိတို့၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့သူများကို အမြဲအမှတ်ရနေမည် ဖြစ်သည်။ ကျောက်တော်မြို့မှ ဓာတ်ပုံများကို မြင်တွေ့ခဲ့ရပြီးသူ မည်သူမဆို မိမိတို့အနေဖြင့် မသိခဲ့ပါဟု မည်သည့်အခါမျှ အကြောင်းပြပြောဆိုနိုင်တော့မည် မဟုတ်ပေ။
(ဧရာဝတီ သတင်းပါ "Who Sustains Myanmar’s Murderous Air Force?" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!