တပ်တွင်းက လေနီကြမ်းများ

by Hla Soewai - Oct 05 2026

စစ်တပ်မှ ဘက်ပြောင်းခိုလှုံလာသူများကို အသေးစိတ် တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံထားသည့် သုတေသနအစီရင်ခံစာသစ် တ စောင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ထို အစီရင်ခံစာတွင် စစ်တပ် အတွင်း၌ အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြိုကွဲပျက်စီးမှုများ ပိုမိုများပြားလာခြင်း၊ ကြောက်ရွံ့မှု ကြောင့်သာ အမိန့်နာခံနေရခြင်းနှင့် ဘက်ပြောင်းခိုလှုံမှုပုံစံများ ပြောင်းလဲလာခြင်းတို့ကို ဖော်ပြထားသည်။

 

အရပ်ဘက်လူမှုအဖွဲ့အစည်းတခုဖြစ်သော 'ပြည်သူ့ပန်းတိုင်' (People’s Goal) က ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) ၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် — 'အပြောင်းအလဲလေပြေ- ဘက်ပြောင်းခိုလှုံမှုလှိုင်းလုံးနှင့် မြန်မာ့လုံခြုံရေးကဏ္ဍ၏ အနာဂတ်' (Wind of Change: Inside the Defection Wave and the Future of Myanmar’s Security Sector) ဟု ခေါင်းစဉ် ပေးထား သော အဆိုပါစာတမ်း သည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အကျပ်အတည်းနှင့် ရှေ့တန်းစစ်မျက်နှာ၏ ဖိအားများကြောင့် ယိမ်းယိုင်နေရသော စစ်တပ်အဖွဲ့အစည်းတခုအတွင်းမှ တွေ့ရခဲလှသည့် စစ်သားများ၏ အတွင်းသိအမြင်သိ များကို တင်ပြထားခြင်း ဖြစ်သည်။

 

၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း မိသားစုများနှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့ကြသည့် စစ်မှုထမ်းဟောင်း ၆၀ ဦးကို အသေးစိတ်တွေ့ဆုံမေးမြန်းမှုများဖြင့် ပြုစုထားသော ယခုအစီရင်ခံစာ စစ်တမ်း တွင် ၎င်းတို့အနေဖြင့် စစ်တပ်မှထွက်ခွာရန် အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ကြသည်ကို အသေးစိတ်ဖော်ပြထားသည်။ ဘက်ပြောင်းလာသူများက စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံမှ အာဏာကို တရားမဝင်သိမ်းယူခဲ့ခြင်းတို့ကို အဓိကအကြောင်းရင်းများအဖြစ် အားလုံးက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

 

စစ်တပ်အတွင်း၌ အားလုံးနီးပါး ဘက်ပေါင်းစုံမှ စိတ်ပျက်အားလျော့မှုများ ရှိနေသော်လည်း အလွန်အမင်း တင်းကျပ်လှသော ထိန်းချုပ်မှုစနစ်ကြောင့် တပ်ရင်းတပ်ဖွဲ့ လိုက်အစုလိုက်အပြုံလိုက် ဘက်ပြောင်းခိုလှုံမှုမျိုးမှာမူ ယခုထက်ထိ ပေါ်ပေါက်လာခြင်း မရှိသေးပေ။ စစ်ကောင်စီသည် စစ်တပ်ဝင်းအတွင်းရှိ လိုင်းခန်းများတွင် နေထိုင်ကြသည့် မိသားစုဝင်များကို ဓားစာခံသဖွယ် ဖမ်းဆီးထိန်းသိမ်းထားလေ့ရှိပြီး မိသားစုဝင်များ၏ လုံခြုံရေးကို အသုံးချကာ စစ်သားများအား အကျပ်ကိုင် ခြိမ်းခြောက်ခြင်းကို ပုံမှန်လုပ်ဆောင်လျက် ရှိသည်။

 

"စစ်သားအများအပြားဟာ တပ်ကနေ ထွက်ချင်ကြပေမဲ့ သူတို့ရဲ့ မိသားစုတွေအတွက် စိုးရိမ်စိတ်၊ ပြီးတော့ ပင်စင်လစာ၊ နေအိမ်လိုင်းခန်းနဲ့ အထောက်အထားစာရွက်စာတမ်းတွေ ဆုံးရှုံးသွားမှာကို ကြောက်တဲ့စိတ်တွေကြောင့် နောက်တွန့်နေကြရတာပါ။ သူတို့ တကယ်တမ်း တပ်ကနေ ထွက်လာတဲ့အခါမှာလည်း ဘေးကင်းလုံခြုံမှု ရှိလိမ့်မယ်ဆိုတာကို သေချာသိရှိထားဖို့ လိုအပ်ပါတယ်" ဟု လက်ရှိတွင် 'ပြည်သူ့ပန်းတိုင်' အဖွဲ့၌ လုပ်ကိုင်နေသည့် စစ်တပ်မှ ဘက်ပြောင်းခိုလှုံလာသူ ကိုနောင်ရိုးက ပြောကြားခဲ့သည်။

 

အဆိုပါ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်နောက်ပိုင်း တပ်မတော်အတွင်း ဘက်ပြောင်းခိုလှုံမှု ဖြစ်စဉ်များ၏ သိသာထင်ရှားသော အချိုးအကွေ့ အပြောင်းအလဲတခုကိုလည်း ဖော်ထုတ်ပြသထားသည်။

 

စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခဲ့ကြသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်း အရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း၊ တင်းကျပ်သော စောင့်ကြည့်မှုများနှင့် ထောက်ပံ့ကူညီရေးကွန်ရက်များ နည်းပါးလာမှုတို့ကြောင့် CDM ဝင်ရောက်မှုနှုန်း နှေးကွေးသွားခဲ့သည် ဟု ထောက်ပြခဲ့သည်။ 

 

သို့သော်လည်း ရှေ့တန်းစစ်မျက်နှာများတွင် စစ်အုပ်စု တပ်များ ဆက်တိုက် အရေးနိမ့်လာနေခြင်းနှင့်အတူ စစ်မြေပြင်တွင် လက်နက်ချခြင်းနှင့် ရှေ့တန်းမှ ဘက်ပြောင်းခိုလှုံလာခြင်းတို့မှာမူ သိသိသာသာ မြင့်တက်လာလျက်ရှိသည်။

 

၂၀၂၃ ခုနှစ်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က CDM အဖြစ် တရားဝင်လက်ခံထားသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အရေအတွက်မှာ ၁၅,၀၀၀ ကျော် ရှိခဲ့သော်လည်း၊ လက်ရှိတွင်လည်း လစဉ်တပ်မှ ထွက်ခွာလာသူ အရေအတွက်မှာ လျော့ကျမသွားဘဲ ရှိမြဲအတိုင်း ရှိနေသည်ဟု ဆိုသည်။

 

ပြည်သူ့ပန်းတိုင် အဖွဲ့၏ အမှုဆောင်ကော်မတီဝင် မသင်ဇာရွှန်းလဲ့ရည်၏ ပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်ပြောင်းခိုလှုံခြင်း၊ စစ်ပြေးခြင်းနှင့် လက်နက်ချခြင်းတို့မှာ လစဉ် ၂၀၀ ကျော်အထိ ဆက်လက်ရှိနေသည်။ အစီရင်ခံစာအရ ထိပ်တန်းစစ်ခေါင်းဆောင်များသည် ဝါဒရေးရာထက် ၎င်းတို့၏ ဘုံစီးပွားရေးအကျိုးအမြတ်များနှင့် အပြန်အလှန် အကျပ်ကိုင်မှုများကြောင့်သာ စုစည်းနေကြပြီး အပေါ်ယံတွင် စည်းလုံးသယောင်ရှိသော်လည်း ရာထူးနှင့် အာဏာအတွက် ပြင်းထန်စွာ ပြိုင်ဆိုင်နေကြသည်ဟု ဆိုသည်။

 

စစ်တပ်ကို တစည်းတလုံးတည်း ချည်နှောင်ထားသည်မှာ အပြန်အလှန် သစ္စာစောင့်သိမှုထက် မျှဝေခံစားနေကြသော ကိုယ်ကျိုးစီးပွားများကြောင့်ဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ဘက်မှ ဘက်ပြောင်းခိုလှုံလာသူက ဆိုသည်။ 

 

တိုင်းပြည် အတွက် လိုအပ်နေသည်မှာ ပြုပြင် ပြောင်းလဲလာမည့် စစ်တပ်မဟုတ်ဘဲ အရပ်ဘက်အုပ်ချုပ်မှုအောက်ရှိ လုံးဝအသစ်စက်စက် အဖွဲ့အစည်းတခုသာ လိုအပ်ကြောင်း အစီရင်ခံစာ၏ အဓိက သုတေသနပညာရှင် ခွန်ခမ်းကောင်က ပြောကြားခဲ့သည်။

 

အစီရင်ခံစာသည် စစ်တပ်မှထွက်ခွာလာသူဟောင်းတိုင်းကို အနာဂတ် (ဖက်ဒရယ်) တပ်မတော်အတွင်းသို့ အလိုအလျောက် ပြန်လည်သွတ်သွင်းရန် အကြံပြုထားခြင်း မရှိပေ။ ၎င်းအစား သင့်တော်သည့် အဆင့်နိမ့်စစ်မှုထမ်းများအတွက် စိစစ်ခြင်း၊ ပြန်လည်လေ့ကျင့်ပေးခြင်းနှင့် အရည်အချင်းအပေါ်အခြေခံ၍ ပြန်လည်ပူးပေါင်းစေခြင်းတို့ကို အဆိုပြုထားပြီး၊ ကြီးလေးသော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် အဆင့်မြင့်အရာရှိကြီးများမှာမူ သင့်လျော်သော ဥပဒေကြောင်းအရ အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။

 

ထွက်ပေါ်လာသော အစီရင်ခံစာသည် လက်ရှိအကျပ်အတည်းကို ဆန်းစစ်သုံးသပ်ချက်ဖြစ်ပြီး စစ်အာဏာရှင်စနစ်လွန် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လမ်းပြမြေပုံတခုလည်း ဖြစ်သည်။ အဆိုပါအစီရင်ခံစာ၏ အကြီးမားဆုံး ပံ့ပိုးကူညီမှုမှာ အကူးအပြောင်းကာလသည် နိုင်ငံရေးအာဏာအပြင် စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးထားသည့် လူထု၊ အဖွဲ့အစည်းများနှင့် လုံခြုံရေးဆိုင်ရာ တည်ဆောက်ပုံများကိုပါ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သက်သေပြခြင်းပင် ဖြစ်သည်ဟု ဖေါ်ပြထားသည်။

 

ယခုအခါ စစ်အုပ်စုသည် စစ်မှုထမ်း သက် ပြည့်ပြီးသူများကို ထိုင်း၊ မလေးရှား၊ ကိုရီယား၊ ဂျပန် သို့ စေလွှတ်မည်ဟု လှည့်ဖျား မြူဆွယ်လာရသည့် အဆင့် ရောက်လာပြီ ဖြစ်သည်။

 

မိမိအမြင်အရ ပြောရလျင် စားပွဲထိပ်မှ နေ၍ မင်းအောင်လှိုင်၏ ပေါက်ပန်းဈေး ပြောသမျှ ကို စာအုပ် ဖွင့်ကာ တကုပ်ကုပ် နှင့် လိုက်ရေးမှတ်နေရသူ များ အဖို့ စစ်တပ် သတင်းစာများ တွင် ပါရှိလာသော ဓါတ်ပုံများကို ကြည့်ကာ ကိုယ့်မျက်နှာကိုယ် ဓါးနှင့် လှီး ပြစ်ချင်စိတ်များ ပေါက်နေကြသည်မှာ သေချာပေသည်၊ ထိုသို့ မဟုတ်ဆိုက မိမိတို့၏ ဉာဏ်ရေဉာဏ်သွေး နှင့် အတွေးအခေါ် သည် ၎င်းလောက်ပင် မရှိဆိုသည်ကို ဝန်ခံခြင်းမျိုး သာ ဖြစ်ပေတော့မည်။

 

လက်ရှိ စစ်ခေါင်းဆောင်ပိုင်း ၏ အရည်အသွေး ညံ့ဖျင်းနေမှု၊ နိုင်ငံ၏ အုပ်ချုပ်‌ရေး ယန္တရား အသီးသီးတွင် စစ်ဗိုလ်စစ်သားများက ဝင်ရောက် ကိုလိုနီ ပြု အုပ်ချုပ်နေမှုများသည် ၎င်းတို့အတွက် ပျက်စီးရာ ပျက်စီးကြောင်း လမ်း ကို လျှောက်လှမ်းနေကြခြင်း သာ ဖြစ်သည်။

 

အကျိုးဆက် အဖြစ် ယခုအခါတွင်တော့ ပြည်သူများသည် မီးမလာ၊ ခြင်တွေကိုက်၊ အမှောင်ထဲတွင် ငုတ်တုတ်ထိုင်ကာ မီးလာလျှင် ရေတင်၊ ထမင်းချက်ရန် စောင့်ဆိုင်းနေကြရသည့် ဘဝ ရောက်နေကြရပြီ ဖြစ်သည်။

 

စနစ်ဟောင်းကို ဖြိုဖျက်နိုင်ခြင်း မရှိသရွေ့မိမိတို့သည် ပုခုံးနှစ်ဖက် အကြား ခေါင်းပေါက်နေသူ ချင်း တူပါလျက် စားရမဲ့ သောက်ရမဲ့ ဘဝဖြင့် ရုန်းကန် နေကြရတော့မည် ဖြစ်သည်ဟု သဘောပေါက် နားလည် လာကြ၍ စနစ်သစ် ကို တည်ဆောက်မည့် တိုက်ပွဲသည် အလွန်တရာ ပြင်းထန်ပေလိမ့်မည်သာ ဖြစ်သည်။ အာဏာရှင်များကလည်း ရက်ရက်စက်စက် နည်းမျိုးစုံသုံး၍ ဖိနှိပ် ချေမှုန်းကြမည်သာ ဖြစ်သည်။

 

ဤသည်က ၎င်းတို့ကဲ့သို့ သဲထဲ ခေါင်းမြုပ်ထားကြသည့် ငှက်ကုလားအုတ် သာသာ လူများက လွဲ၍ အားလုံးသိကြသည့် အမှန်တရား များသာ ဖြစ်သည်။

 

၎င်းတို့ နိုင်သွားသည် ဆိုပါစို့ ၊ တိုင်းပြည်သည် ရှေ့လျောက် ဘာဖြစ်လာမလဲဟု ထောက်ခံသူ၊ ကြားနေသူ မှန်သမျှ စဉ်းစားကြည့်သင့်သည်။ လွန်ရော ကျွံရော ဗိုလ်သန်းရွှေ ခေတ်ကလို အနေအထားမျိုး နှင့် နှစ်ဆယ်တစ် ရာစု၏ အမှောက်မိုက်ဆုံး နေ့ရက်များကို ဆက်၍ ဖြတ်သန်း ကြရဖို့သာ ရှိပေသည်။

 

ကြက်ဉဈေးတက်ခြင်းသည် ကြက်ဥ ဥနှုန်း နှင့် လူဦးရေ အချိုးအစား မမျှ၊ ဆီလျော့စား၊ ထမင်း လျော့စားဟု ပြောနေသူထံမှ ဒီထက်ပိုပြီး ဘာကိုများ မျှော်လင့်၍ ရနိုင်ပေဦးမည်နည်း။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!