နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(55)

by Hla Soewai - Oct 05 2026

နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၁၁)

───

 

O J Simpson Trial နိဂုံး

 

အိုဂျေ ဆင်ပဆင် ၏ တရားခွင်တွင် တရားခံဘက်မှ ရှေ့နေ ဂျွန်နီ ကိုခရန်၏ နိဂုံးချုပ်လျှောက်လဲချက်သည် ရှုပ် ထွေး လွန်း နေပြီး ဖြစ်သော တရားခွင်ကို ပို၍ပင် အငြင်းပွားစရာ ဖြစ်လာစေခဲ့သည်။ ၎င်း၏ ပူးတွဲရှေ့နေဖြစ်သူ ရောဘတ် ရှာပီရို ပင်လျှင် သူ့ကို နောင်တွင် အပြစ်တင်ခဲ့ပြီး “လူမျိုးရေးကဒ်ကို ထုတ်သုံးရုံတင်မကဘဲ၊ တရားမဲ့တဲ့နည်းလမ်းနဲ့ အောက်လုံးများကိုပါ ထုတ်သုံးခဲ့တယ်” ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

 

ကိုခရန်က ဖာမန် ကို ဟစ်တလါနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည် - “ မကြာသေးခင်ကမှ ဒီကမ္ဘာပေါ်မှာ အဲဒီလိုအမြင်မျိုးရှိခဲ့ပြီး၊ လူတွေကို မီးရှို့ချင်ခဲ့တဲ့၊ လူမျိုးရေးဘက်လိုက်တဲ့ အမြင်တွေရှိခဲ့ပြီး နောက်ဆုံးမှာ သူ့နိုင်ငံက လူတွေအပေါ် အာဏာလွှမ်းမိုးနိုင်ခဲ့တဲ့ လူတယောက် ရှိခဲ့ဖူးပါတယ်... ဒီလူ နဲ့ ဒီလူ ကြောင့် ဖြစ်လာမယ့် ဘေးဥပဒ်ဆိုးကြီးကို လူတွေက ဂရုမစိုက်ခဲ့ကြလို့၊ သူ့ကို မတားဆီးခဲ့ကြလို့ ကမ္ဘာပေါ်က အဆိုးဆုံးလူတွေထဲက တယောက်ဖြစ်လာခဲ့ပါတယ်၊ အဲဒီလူကတော့ အ ဒေါ့ဖ် ဟစ်တလာပါပဲ... ဖာမန်လည်း အဲဒီအတိုင်းပါပဲ။ ဖာမန်က အခု လူမည်းအားလုံးကို ဖမ်းပြီး မီးရှို့ချင်တယ်၊ ဒါမှမဟုတ် ဗုံးခွဲသတ်ပစ်ချင်နေတယ်။ ဒါဟာ လူမျိုးစုကို ဂျင်နိုဆိုက် (မျိုးတုန်းသတ်ဖြတ်မှု) လုပ်ချင်တဲ့ လူမျိုးရေးဝါဒပဲ ဖြစ်ပါတယ်။”

 

သက်သေပေါင်း ၁၅၀ ဖြင့် ရက်ပေါင်း ၁၃၃ ရက်ကြာ စစ်ဆေးခဲ့ပြီး ကုန်ကျစရိတ် ဒေါ်လာ ၁၅ သန်း ရှိခဲ့သော ထိုအမှုကို ဂျုရီ အဖွဲ့က အချိန်သုံးနာရီသာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ တရားသူကြီး အီတို၏ ရှေ့ဖတ် စာရေးက ဂျုရီ အဖွဲ့ ၏ “အပြစ်မရှိကြောင်း” အဆုံးအဖြတ် အမိန့်ကို ကြေညာလိုက်ချိန်တွင် ဆင်ပဆင် မှာ သက်ပြင်းချကာ စိတ်အေးသွားခဲ့သည်။ 

 

ကိုခရန် ကလည်း လက်သီးကို တင်းတင်းဆုပ်ကာ ဆင်ပဆင်၏ ကျောကို ပုတ်ပြခဲ့သည်။ Dream Team ရှေ့နေအဖွဲ့ဝင်များလည်း အောင်ပွဲခံရန် စုဝေးခဲ့ကြသည်။ ပရိသတ်ထိုင်ခုံတန်းများဘက်မှမူ သေဆုံးသူ ရွန် ၏ ညီမဖြစ်သူ ကင်မ် ဂိုလ်မန် ကြေကွယ်နာကြည်းဖွယ် အော်ဟစ်သံများနှင့် သူ၏မိခင် ပါတီ ဂိုလ်မန် ၏ “အို ဘုရားသခင်! အို ဘုရားသခင်!” ဟု တိုင်တည် ငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။

 

တရားခွင်အပြီးတွင် ပြုလုပ်ခဲ့သော လူထုစစ်တမ်းများအရ အာဖရိကန်-အမေရိကန် လူမျိုးစု၏ ၈၀ ရာခိုင်နှုန်းနီးပါးက ဂျုရီ အဖွဲ့၏ ဆုံးဖြတ်ချက်ကို သဘောတူထောက်ခံခဲ့ကြပြီး၊ ၁၀ ရာခိုင်နှုန်းသာလျှင် အဆိုပါ အမိန့်ချမှတ်မှုကို သဘောမတူဘဲ ကန့်ကွက်ခဲ့ကြသည်။ တဖက်တွင်လည်း လူဖြူအများစုကမူ တရားမျှတမှု မရှိခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ 

 

ဆင်မ်ပဆင်က အမိန့်ချမှတ်ပြီးနောက်ပိုင်းတွင် သူ၏ဇနီး‌ ဟောင်းကို အမှန်တကယ် သတ်ဖြတ်ခဲ့သူကို လိုက်လံရှာဖွေရန်အတွက် သူ့ ဘဝ၏ ကျန်ရှိသမျှအချိန်များကို မြုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း မကြာမီမှာပင် သေဆုံးသူ ဂိုးလ်ဒ်မန်၏ မိသားစုက ၎င်း၏လုပ်ရပ်ကြောင့် သေဆုံးရသည်ဟုဆိုကာ တရားမ မှု ဖြင့် တရားစွဲဆိုလာခဲ့၍ အလုပ်ရှုပ်သွားခဲ့ရသည်။

 

တရားမကြောင်း အရ ၎င်းအား စွဲဆိုခဲ့သည့် တရားခွင်တွင်မူ ဆင်မ်ပဆင်အတွက် အရာရာ အဆင်ပြေချောမွေ့လှသည်တော့ မဟုတ်ပေ။ သက်သေထွက်ဆိုရန် အတင်းအကျပ် တွန်းအားပေးခံရသဖြင့် သူသည် ရှင်းပြ၍မရနိုင်သော အချက်အလက်များကို ကြိုးစား ရှင်းပြခဲ့ရသည်။ တရားမ မှု စစ်ဆေးချက်များအရ ဆင်မ်ပဆင်က နီကိုးလ် ၏ တိုက်ခန်းအနီးရှိ သွေးစွန်းနေသော ခြေရာများနှင့် ကိုက်ညီနေသည့် အရွယ်အစား ၁၂ ရှိ "အရုပ်ဆိုးလှသည့်" ဗရူနို မာဂလီ (Bruno Magli) ဖိနပ်မျိုးကို သူ တခါမျှ မဝတ်ဆင်ဖူးကြောင်း ငြင်းဆိုခဲ့သည်။

 

သို့သော် ထိုစဉ်က အဆိုပါဖိနပ်မျိုးကို ဆင်မ်ပဆင် စီးထားသည်ကို ရှင်းလင်းစွာ ပြသနေသည့် ဓာတ်ပုံများစွာ ပေါ်ထွက်လာခဲ့သည်။ ရာဇဝတ်မှုခင်းများတွင် လိုအပ်သည့် "သံသယဖြစ်ဖွယ်မရှိ လုံလောက်သော အထောက်အထား" စံနှုန်းမဟုတ်သော်လည်း တရားမကြောင်း တရားခွင်များတွင် "အထောက်အထားများ၏ အလေးသာမှု" စံနှုန်းကို အသုံးပြု၍ စစ်ဆေးခဲ့ကြရာ ဂျူရီလူကြီးများက ဆင်မ်ပဆင်သည် ရော်နယ် ဂိုလ်မန်း နှင့် နီကိုးလ် ဘ ရောင်း ဆင်မ်ပဆင် တို့၏ သေဆုံးမှုကို ၎င်း၏ အမှား သို့မဟုတ် ပေါ့ဆမှု Wrongful death ကြောင့် သေဆုံးခဲ့ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သူ့အား နစ်နာကြေး အမေရိကန်ဒေါ်လာ ၈.၅ သန်းနှင့် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၂၅ သန်း ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

 

ဆင်မ်ပဆန်၏ အမှုအခင်း များသည် ထိုမျှနှင့် ပြီးဆုံးသွားခြင်း မရှိသေးပေ။ လူသတ်မှု တရားခွင် ပြီးဆုံးပြီး ဆယ်နှစ် ‌ကျော်ခန့် အကြာတွင် ဆင်မ်ပဆန်သည် လတ်ဗီးဂတ်စ်ဟိုတယ်ခန်းတခုအတွင်း၌ အားကစားဆိုင်ရာ အမှတ်တရပစ္စည်း ရောင်းချသူနှစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ လုယက်တိုက်ခိုက်မှုတခုကို စီစဉ်ဦးဆောင်ခဲ့သည်။ 

 

ဆင်မ်ပဆန်က မိမိပိုင်ဆိုင်ထိုက်သည့် အမှတ်တရပစ္စည်းများကို ပြန်လည်ရယူရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ထွက်ဆိုခဲ့သော်လည်း ဂျုရီ အဖွဲ့ကမူ ထိုသို့ မယူဆခဲ့ပေ။ ဆင်မ်ပဆန်သည် လုယက်မှု၊ အသက်အန္တရာယ်ရှိသော လက်နက်ဖြင့် တိုက်ခိုက်မှုနှင့် လူပြန်ပေးဆွဲမှုတို့အတွက် ထောင်ဒဏ် ၉ နှစ်မှ ၃၃ နှစ်အထိ ကျခံရန် အမိန့်ချမှတ်ခံခဲ့ရသည်။

 

၂၀၀၆ ခုနှစ်တွင် အို ဂျေ ဆင်မ်ပဆန် ကိုယ်တိုင် ရေးသားသည်ဟု ဆိုသော်လည်း နောက်ကွယ်မှ ရေးသားပေးသူ ၏ အကူအညီဖြင့် စာအုပ်တအုပ်ကို ထုတ်ဝေခဲ့သည်။ "အကယ်၍သာ ကျွနုပ်သာ ကျုးလွန်ခဲ့မည်ဆိုလျှင်" (If I Did It) ဟု အမည်ပေးထားသည့် အဆိုပါစာအုပ်တွင် ဆင်မ်ပဆန်က အကယ်၍ အဆိုပါ ရာဇဝတ်မှုကို ကျူးလွန်ခဲ့မည်ဆိုပါက မည်သို့ လုပ်ဆောင်ခဲ့မည်ဟူသော ဇာတ်ကြောင်းကို ဖော်ပြထားသည်။ 

 

ဤသည်မှာ စိတ်ကူးယဉ် ယူဆချက်သဘောသက်ရောက်မှုများ ရှိနေသော်လည်း ထုတ်ဝေသူက AP သတင်းဌာနသို့ "ဤသည်မှာ သမိုင်းဝင်အမှုတခုဖြစ်ပြီး၊ ကျွန်ုပ်တို့ ဖက်ကမူ ထိုစာအုပ်ကို သူ၏ ဝန်ခံချက်အဖြစ်သာ ရှုမြင်ပါသည်" ဟု ပြောကြားခဲ့သည်။

 

ယင်းစာအုပ်တွင် ဆင်မ်ပဆန်က လူသတ်မှုဖြစ်ပွားသည့်ညက နီကိုးလ်၏ တိုက်ခန်းတွင် နီကိုးလ်နှင့် ရိုနယ်လ် ဂိုလ်မန်တို့ကို လက်ထဲတွင် ဓားကို ကိုင်လျက် ဒေါသတကြီး ရင်ဆိုင်တွေ့ဆုံခဲ့ပုံကို ရေးသားဖော်ပြထားသည်။ ထို့နောက် သူက "တခုခု အတော်လေး မှားယွင်းသွားခဲ့ပြီး ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုလည်း ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ မပြောပြနိုင်ပါဘူး" ဟု ဖော်ပြထားသည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ရှေ့ပိုင်းတခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းနေခဲ့ပေမယ့် ဘာတွေဖြစ်နေမှန်း ကျွန်တော့် ဦးနှောက်က လုံးဝ လက်မခံနိုင်ခဲ့ဘူး" ဟု ရေးသားထားသည်။

 

စာအုပ်အပေါ် ဝေဖန်မှု မုန်တိုင်းကြီးဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက် ပြန်လည်သိမ်းဆည်းခဲ့ရသည်။ ထို့နောက် တရားရုံးက ထုတ်ဝေခွင့်များကို သိမ်းဆည်းခဲ့ပြီး ဆင်ပဆန်အား တရားရုံးမှ ပြစ်ဒဏ်လျော်ကြေးငွေများကို ပေးချေရန်အတွက် ရွန်ဂိုလ်မန်း ၏ မိသားစုထံသို့ ပိုင်ဆိုင်မှု အဖြစ် ချပေးခဲ့သည်။ စာအုပ်ကိုလည်း "အကယ်၍သာ ကျွနုပ်သာလုပ်ခဲ့မည်ဆိုလျှင်- လူသတ်သမား၏ ဝန်ခံချက်များ" (If I Did It: Confessions of the Killer) ဟု အမည်ပြောင်းလဲခဲ့သည်။

 

ဆင်ပဆန် တရားခွင်သည် တဖက်မှ ကြည့်လျှင် "အမှိုက်ပုံး ထဲ လွှင့်ပြစ်ရမည့် ဝတ္ထုစာအုပ် မျိုး အသက်ဝင်လာသကဲ့သို့" ယူဆစရာ ဖြစ်ခဲ့သည်။ သို့သော် အခြားတဖက်တွင်မူ ၎င်းသည် ကြီးကျယ်ခမ်းနားသော တရားခွင်တခုလည်း ဖြစ်ခဲ့ပေသည်။ ၎င်းက လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သော နည်းလမ်းမျိုး ဖြင့် ဥပဒေစိုးမိုးရေးကဲ့သို့သော ကိစ္စရပ်များအပေါ် လူမျိုးရေးသဘောထား ကွဲပြားခြားနားမှုများကို ပေါ်လွင်စေခဲ့သည်။ အာဖရိကန်-အမေရိကန် လူမျိုးများသည် လူဖြူ များထက် ရဲတပ်ဖွဲ့၏ လူမျိုးရေးဝါဒနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုများကို ပို၍ သံသယဖြစ် နေကြောင်း ပြသ နိုင်ခဲ့သည်။

 

ထိုသို့ ကွာခြားရခြင်းမှာ အာဖရိကန်-အမေရိကန်တို့၏ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများမှ အမြစ်တွယ်လာခဲ့ပုံရပေသည်။ ဆင်ပဆန် တရားခွင်ကို နောင်လာနောက်သားတို့ အမှတ်ရနေကြမည်ဆိုလျှင် ထို အကြောင်းခြင်းရာကသာ လွှမ်းမိုး နေပေလိမ့်မည်။

 

သို့သော်လည်း ထိုတရားခွင်သည် အခြားသော လေးနက်သည့် သက်ရောက်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ၎င်းသည် အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများနှင့် ပတ်သက်၍ လူထု၏ အသိအမြင်ကို ပိုမိုမြင့်မားလာစေခဲ့သည်။ အနာဂတ်တွင် နာမည်ကြီးပုဂ္ဂိုလ်များ၏ တရားခွင်များကို ဆောင်ရွက်ရာ၌ တရားသူကြီးများ လက်တွေ့အသုံးချနိုင်မည့် ရာဇဝတ်ကြောင်းများနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် သင်ခန်းစာများကိုလည်း ပေးနိုင်ခဲ့သည်။

 

နောက်ဆုံးအနေဖြင့်၊ ဆင်ပဆင် တရားခွင်သည် ရာဇဝတ်မှုခုံရုံးများအတွင်းသို့ ရုပ်သံကင်မရာများ ဝင်ရောက်ခွင့်ပြုရန် အားသန်နေခဲ့သည့် ခေတ်ရေစီးကြောင်းကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ သို့သော် ဆင်ပဆင်၏ တရားခွင်အတွင်း၌ ကင်မရာများ ရှိနေခဲ့ခြင်းကြောင့် နေ့စဉ်ရက်ဆက် ရူးသွပ်မတတ် စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန်များကို အတွင်းကျကျ တခါတရံ အသွင်ယူ တင်ဆက်သည့် immersion journalism "နှစ်မြှုပ်မှုပုံစံ" သတင်းစာပညာ အသစ်မျိုးကို ပေါ်ပေါက်လာစေခဲ့သည်။ ယနေ့တိုင် ထွန်းကားဆဲဖြစ်သော သတင်းစာပညာ အမျိုးအစားတခုလည်း ဖြစ်ပေသည်။

 

ဤသို့ဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာ့ထင်ရှားကျော်ကြားဆုံး တရားခွင်အချို့အကြောင်း ဟောပြောပွဲ ၂၄ ခုပါ ခရီးစဉ်၏ အဆုံးသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ရှေးဟောင်းအေသင်မြို့မှသည် ခေတ်သစ်အမေရိကအထိ ရာစုနှစ်များစွာကို ဖြတ်သန်းခဲ့ကြသည်။ အကျင့်ပျက်ခြစားမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပေါ် အခြေခံသည့် တရားခွင်များကို လေ့လာသုံးသပ်ခဲ့ကြသည်။ စုန်းအတတ်၊ လူမျိုးရေးဘက်လိုက်မှုနှင့် အတွေးအခေါ်ဆိုင်ရာ ပိတ်ပင်တားဆီးမှုများ၏ သက်ရောက်မှုကို ခံခဲ့ရသော တရားခွင်များကိုလည်း တွေ့မြင်ခဲ့ကြရသည်။

 

ကျွန်ုပ်တို့ လေ့လာခဲ့ကြသည့် တရားခွင်များသည် သမိုင်းတွင် အကျိုးဆက်များ ကြီးမားခဲ့သော တရားခွင်များ ဖြစ်ကြသည်။ အချို့က လူမှုရေးဆိုင်ရာ ကြီးမားသည့် ရည်မှန်းချက်များကို မြှင့်တင်ပေးခဲ့ကြပြီး၊ အချို့ကမူ ဆိုခရတီးစ်၊ သောမတ်စ်မိုး၊ လူးဝစ်ရီယယ်နှင့် နယ်လ်ဆင် မန်ဒဲလာကဲ့သို့သော ပုဂ္ဂိုလ်များကို တရားခံအဖြစ်မှသည် အာဇာနည်များအဖြစ်သို့ ပြောင်းလဲပေးခဲ့ကြပေသည်။

 

**************