ဂေါ်ကီ ၏ အမေ(82)

by Hla Soewai - Oct 05 2026

လူအုပ်ကြီးက ပို၍ တိုးကပ်လာကြသည်။ ပါဗယ်လ် က အလံကို ဝှေ့ယမ်းလိုက်သည်။ အလံသည် လေထဲတွင် ဖြန့်ကားလျက် နေရောင်ခြည်နှင့်အတူ တောက်ပဝင်းလက်ကာ ရှေ့သို့ ဦးမော့လာ၏။

 

"ကမ္ဘာဟောင်းကြီးကို ကျောခိုင်းစွန့်လွှတ်ကြစို့!" ဟု ဖက်ဒရာ မာဇင် ၏ ကြည်လင်ပြတ်သားသော အသံက ထွက်ပေါ်လာပြီး ထိုကြွေးကြော်သံကို လူအများက တခဲနက် ထောက်ခံအားပေးလိုက်ကြသည်။

 

ထိုအသံသည် အင်အားကြီးမားသော လှိုင်းလုံးကြီးတခုပေါ်တွင် ပျံဝဲ လွင့်‌ မျော နေသကဲ့သို့ ရှိသည်။ အမေသည် သူမ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများတွင် အပြုံးရိပ်များ ထင်ဟပ်လျက် မာဇင်၏ နောက်မှ လိုက်ပါချီတက်လာခဲ့ပြီး သူ၏ခေါင်းကိုကျော်၍ သားဖြစ်သူနှင့် အလံတော်ကို လှမ်းကြည့်နေသည်။ 

 

သူမ၏ ဘေးပတ်ပတ်လည် တွင်ကား နုပျိုရွှင်လန်းပြီး တောက်ပနေသော မျက်နှာများနှင့် အရောင်အသွေး စုံလင်ပြီး ဝင်းလက်‌ နေသော မျက်ဝန်းများကို တွေ့မြင်နေရ၏။

 

ရှေ့ဆုံးတန်းတွင် သူမ၏သားနှင့် အန်ဒရေးတို့ ချီတက်နေကြသည်။ အန်ဒရေး၏ နူးညံ့သော အသံသည် သားဖြစ်သူ၏ ဘေ့စ် အသံ ပေါက်နေသော အသံ နှင့်အတူ ရောစပ်ထွက်ပေါ်လာသည်ကို သူမ ကြား နေရသည်။

 

"ထကြလော့၊ နိုးထကြလော့ အလုပ်သမားတို့! ဆက်ချီ၊ ဆက်ချီ၊ ဆာလောင်မွတ်သိပ်နေကြသော လူအုပ်ကြီးတို့၊ စစ်ချီကြလော့!"

 

လူအချို့သည် အနီရောင်အလံဆီသို့ ဆူညံ အော်ဟစ်ကာ ပြေးသွားကြပြီး၊ အခြားသူများနှင့် ပူးပေါင်းကာ ကျယ်လောင်စွာ အော်သစ် သီ‌ဆို လိုက်သံများသည် လူအုပ်ကြီး မှ ထွက်လာသော ပွက်လောရိုက်သံများကို ဖုံးလွှမ်းသွားခဲ့သည်။ လူအုပ်ကြီးက ဆက်၍ တန်းစီချီတက်သွားကြသည်။ 

 

ထိုသီချင်းကို အမေ ကြားဖူးခဲ့သည်။ ယခင်က ၎င်းကို တိုးတိုးတိတ်တိတ်ဖြင့်သာ သီဆိုလေ့ရှိကြပြီး ရုရှားလေး ကလည်း မကြာခဏ ဆိုခဲ့ဖူးသည်။ သို့သော် ယခုအခါတွင်မူ ရုန်းကန်တိုက်ပွဲဝင်ရန် စည်းလုံးကြဖို့ နှိုးဆော်သံကို သူမသည် ပထမဆုံးအကြိမ်အဖြစ် ကျယ်လောင်စွာ ကြားခဲ့ရပြီ ဖြစ်သည်။ 

 

"ငါတို့သည် ဒုက္ခရောက်နေသော ရဲဘော်များနှင့် ပူးပေါင်းရန် ချီတက်လာကြပြီ" ဟူသော သီချင်းသံသည် လွင့်ပျံ့ကကာ လူထုတရပ်လုံးကို လွှမ်းခြုံသွားတော့သည်။

 

သီချင်းသံသည် လူထုကို ရစ်ပတ်လွှမ်းခြုံလျက် ဆက်လက်စီး‌ မျော နေ၏။ အမေ၏ ဘေးတွင်မူ တစုံတယောက်၏ မျက်နှာမှာ စိုးရိမ်ထိတ်လန့်မှု နှင့် အတူ, ရွှင်လန်းတက်ကြွနေပုံနှင့် ပါလာပြီး တုန်ရီနေသော အသံဖြင့် မေလိုက်သည်။

 

"မီတျာ! မင်း ဘယ်သွား နေတာလဲ။" ဟု တယောက်ကို လှမ်းပြောလိုက်သည်။

 

အမေက... "လွှတ်ထားလိုက်စမ်းပါ! မစိုးရိမ်ကြနဲ့! မကြောက်ကြနဲ့! အစကတော့ ငါကိုယ်တိုင်လည်း ကြောက်ခဲ့တာပါပဲ။ ရှေ့ဆုံးတန်းက အလံကိုင်ပြီး သွားနေတဲ့လူလေ—အဲဒါ ငါ့သားပဲ!"

 

"လူသတ်သမားတွေ! မင်းတို့ ဘယ်သွားမလို့လဲ။ ဟိုမှာ စစ်သားတွေရှိတယ်လေ!"

 

ထိုစဉ် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး မိန်းမကြီးက မိခင်၏လက်ကို သူမ၏ အရိုးပေါ်အရေတင်နေသော လက်ကြီးများဖြင့် ရုတ်တရက် ဆုပ်ကိုင်လိုက်ကာ အော်ပြောလေသည် -

"သနားစရာလေး ‌တွေ ကွယ်! သူတို့ သီချင်းဆိုနေကြတာများကွယ်! အို... ဂိုဏ်းဂဏ၀ါဒီတွေပါလား! မီတျာတောင် သီချင်းဆိုနေပါပေါ့လား!"

 

"စိုးရိမ်မနေနဲ့!" ဟု မိခင်က တိုးတိုးပြောလိုက်၏။ "ဒါဟာ မြင့်မြတ်တဲ့ လုပ်ရပ်ပဲ။ စဉ်းစားကြည့်လေ! လူတွေက သူ့အတွက်နဲ့ အသက်မစွန့်ခဲ့ကြဘူးဆိုရင် ခရစ်တော်တောင် ပေါ်လာမှာ မဟုတ်ဘူးပေါ့။"

 

ထို အတွေး သည် မိခင်၏စိတ်ထဲသို့ ရုတ်တရက် ဝင်လာခဲ့ပြီးလျှင် ရိုးစင်းရှင်းလင်းလှသော အမှန်တရားကြောင့် သူမကို သူမ ပင် တုန်လှုပ်သွားစေခဲ့သည်။

 

အမေသည် ထို အမျိုးသမီး ကို စိုက်ကြည့်လျက် သူ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း ပြုံး၍ ထပ်ပြောလိုက်သည်— "လူ တွေ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြလို့သာပေါ့၊ မဟုတ်ရင် ဘုရားသခင်ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး"

 

(အလုပ်သမားလူတန်းစားများ၏ တော်လှန်ရေး သန္ဓေတည်စ ကာလလည်း ဖြစ်ပါသည်။ ထို့ကြောင့် လူသားများ မိမိတို့၏ ဘဝကို ပြောင်းလဲရန် ကိုယ်တိုင် ရုန်းကန်ကြိုးစားကြရမည်ဖြစ်ပြီး၊ ရှေးအတိတ်ကံ သို့မဟုတ် ဘုရားသခင်အပေါ် တစိုက်မတ်မတ် အားကိုးနေမည့်အစား လူသားတို့၏ ခံစားချက်နှင့် စွမ်းအားကသာ သမိုင်းကို ဖန်တီးနေခြင်းဖြစ်ကြောင်း ဂေါ်ကီက သွယ်ဝိုက်၍ ထင်ဟပ်ပြလိုက်ခြင်း ဖြစ်သည်။)

 

ဆီဇော့က သူမဘေးတွင် ရောက်လာ၏။ သူသည် ဦးထုပ်ကို ချွတ်လိုက်ပြီး သီချင်းသံနှင့်အညီ လှုပ်ယမ်းကာ ပြောလိုက်သည်— "သူတို့က ပေါ်ပေါ်ထင်ထင်ပဲ ချီတက်နေကြပြီ မဟုတ်လား၊ အမေကြီ၊ ပြီးတော့ သီချင်းတောင် စပ်ထားသေးတာပဲ! ဘယ်လိုသီချင်း မျိုးလဲ၊ အ မေ" 

 

"ဇာဘုရင်အတွက် စစ်သားတွေ လိုအပ်တယ်ဆိုရင်

မင်းရဲ့သားတွေကို ပေးအပ်လိုက်လေ----"

 

(ထိုခေတ်ကာလက အာဏာပိုင်များ က ဇာဘုရင် အတွက် စစ်မှုထမ်းရန် ပြည်သူတို့၏ သားများကို ကြက်က‌ လေး၊ ငှက်က‌ လေး များအလား အလွယ်တကူ စတေး ပြစ်ရန် တောင်းဆိုလေ့ရှိသည်ကို သရော်ခြင်း၊ တော်လှန်ရေး သီချင်းတပိုဒ်၏ သဘောတရားကို ဆီဇော့က ထုတ်နုတ်ပြောဆိုခြင်း ဖြစ်သည်။)

 

"သူတို့ဘာမှ မကြောက်ကြဘူး နော်" ဟု ဆီဇော့က ပြောသည်။ "ကျွန်တော့်သားကျတော့ သင်္ချိုင်း‌ မြေထဲမှာ လဲလျောင်း နေရ ရှာပြီ။ စက်ရုံက သူ့ကို ကြိတ်ချေ သတ်ပစ်ခဲ့တာလေ၊ ဟုတ်တယ်!"

 

အမေ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး နောက်သို့ ကျန်ရစ်ခဲ့လေသည်။ သူမသည် မကြာမီမှာပင် အုတ်တံတိုင်းစပ်ဆီသို့ အကြမ်းပတမ်း တွန်းထုတ်ခြင်းခံလိုက်ရပြီး၊ လူအုပ်ကြီးက သူမကို ကျော်တက်ကာ တရကြမ်း ရှေ့ကို ဆက်သွား‌ နေကြ၏။ သူမလည်း လူများစွာ ရှိနေသည်ကို မြင်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိလေသည်။

 

"ထကြလော့၊ နိုးထကြလော့၊ အလုပ်သမားတို့!"

 

ထိုသီချင်းသံသည် အင်အားကြီးမားသော ကြေးဝါတံပိုးခရာသံကြီးကဲ့သို့ လူတို့၏ ရင်ကို နှိုးဆွလှုံ့ဆော်နေသကဲ့သို့ ရှိသည်။ အချို့သောသူတို့၏ ရင်ထဲတွင် တိုက်ပွဲဝင်လိုသည့် ဆန္ဒများ နိုးကြားလာပြီး၊ အချို့၏ ရင်ထဲတွင်မူ မရေမရာသော ဝမ်းမြောက်မှု၊ အသစ်အဆန်းတခု ဖြစ်လာတော့မည့် နိမိတ်နှင့် စူးစမ်းလိုစိတ်တို့ ‌ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနေ၏။ 

 

အချို့ မူကား မျှော်လင့်ချက်နှင့် စူးစမ်းလိုစိတ်တို့ ရောပြွမ်းနေသည့် ရင်တမမ တုန်လှုပ်မှုကို ဖြစ်ပေါ်စေသည်။ ထိုသီချင်းသည် နှစ်ပေါင်းများစွာ စုပြုံ သိုသိပ်လာခဲ့ရသော နာကြည်းခါးသီးမှုများအတွက် လှစ်ဟ ပြနိုင်မည့် လမ်းကြောင်းတခုလည်း ဖြစ်ပေသည်။

 

လူအများရှေ့ကိုသာ အာရုံစိုက် နေကြသည်။ လေထဲတွင် နီရဲသော အလံတော်ကြီး တလွင့်လွင့် ဖြင့် လှုပ်ရမ်းနေ၏။ လူတိုင်းက တခုခုကို ပြောဆိုနေကြ၊ အော်ဟစ်နေကြသည်။ သို့သော် လူတဦးချင်းစီ၏ အသံများမှာ သီချင်းသံကြီးထဲတွင် နစ်မြုပ်သွားလေပြီ— ထိုသီချင်းအသစ်တွင်မူ ရှေးယခင်ကကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ် တွေးတောဆင်ခြင်သံများ ကင်းစင်နေပေသည်။

 

ထိူသီချင်းသည် အမှောင်ဖုံးသော လမ်းခရီးတလျောက် စိတ်ပျက်အားငယ်စွာ တကိုယ်တည်း လျှောက်လှမ်းနေသည့် ဝိညာဉ်တခု၏ ညည်းတွားသံ မဟုတ်ပေ။

 

 ဆာလောင်မွတ်သိပ်မှုကြောင့် လိုအပ်ချက်များ၊ ကြောက်ရွံ့မှုများဖြင့် ဝန်ထုပ်ဝန်ပိုးပိနေသည့် လွတ်လပ်ခွင့် ကင်းမဲ့နေသော ဝိညာဉ်၏ အသံလည်း မဟုတ်ချေ။ 

 

အသက်ဝဝ ရှုခွင့်ရမည့် လွင်ပြင်ကျယ်ကြီးကို တောင့်တမှု နှင့် လိုအင်ဆန္ဒပြင်းပြနေသည့် ရုန်းကန်သံများကိုလည်း ထိုသီချင်းက ကိုယ်စားမပြုပေ။ ကောင်းမှုနှင့် ဆိုးမှုကို ခွဲခြားနိုင်စွမ်းမရှိဘဲ တွေ့ရာအကုန် ရိုက်ချိုးဖျက်ဆီးလိုစိတ် ရှိနေသည့် စိတ်တို မာန်ဖီ နေသော ရဲစွမ်းသတ္တိများ၏ စိန်ခေါ်အော်ဟစ်သံမျိုးလည်း လုံးဝမဟုတ်ပေ။

 

ထိုသီချင်းတွင် လွတ်လပ်ရေးကို လွတ်လပ်ရေးသက်သက်အတွက်သာ ရယူလိုသည့် တိရစ္ဆာန်ဆန်ဆန် ဗီဇကို လည်း တွေ့ရမည် မဟုတ်‌ ပေ။ အရာရာကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော်လည်း ဘာတခုမျှ ပြန်လည်တည်ဆောက်မပေးနိုင်သော မကျေနပ်ချက် သို့မဟုတ် လက်စားချေလိုသည့် ခံစားချက်မျိုးလည်း မပါရှိပေ။ 

 

ဤသီချင်းထဲတွင် ဟောင်းနွမ်းဆွေးမြေ့၍ ကျွန်ပြုခံခဲ့ရသော လောကကြီး၏ အရိပ်အယောင်များလည်း ကင်းစင် နေသည်။

 

၎င်းသည် တည့်တည့်မတ်မတ်နှင့် ညီညီညာညာဖြင့် စီးဆင်းနေ၏။ သံမဏိကဲ့သို့ စိတ်ဓါတ်ခိုင်မာသော ယောက်ျားပီသမှုနှင့်၊ အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဆိုသည့် သတိပေး မှု များကို ဖော်ကျူးနေပေသည်။ ရိုးစင်းရှင်းလင်းပြီး ထိုသီချင်းသံသည် အဆုံးမရှိသော ခရီးလမ်းဆီသို့၊ အဝေးဆုံးသောအနာဂတ်ဆီသို့ လူထုကို နောက်မှပါလာစေရန် ဆွဲခေါ်သွားလေသည်။ ထို့ပြင် ခရီးလမ်း၏ ကြမ်းတမ်းခက်ခဲမှုများကိုလည်း ပွင့်ပွင့်လင်းလင်းပင် ဖော်ပြနေပေသည်။

 

တငွေ့ငွေ့ လောင်ကျွမ်း နေသည့် မီးလျှံထဲတွင် လေးလံထိုင်းမှိုင်းလှသည့် မြေစိုင် မြေခဲကြီးတခုပမာ ခံစား နေကြရသည့် ဆင်းရဲဒုက္ခများ နှင့် ထို့အတွက် ကျင့်သားရနေပြီဖြစ်သော စိတ်ခံစားချက်များ၏ ဝန်ထုပ်ဝန်ပိုးများနှင့် အနာဂတ်အတွက် ကျိန်စာသင့် နေသကဲ့သို့ ကြောက်ရွံ့ခဲ့ရမှုများ— လောင်ကျွမ်းပျော်ဝင်သွားတော့သည်။