ဒီမိုကရေစီသည် ထင်မြင်ယူဆထားသည်ထက် ပိုမိုခိုင်မာအားကောင်းသည်

by Hla Soewai - Oct 12 2026

ဒီမိုကရေစီသည် ဒေါသအမျက်ထွက်မှုများ လွှမ်းမိုးလာမည့် နှစ်တနှစ်ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ အမေရိကန်၊ ဘရာဇီး၊ ပြင်သစ်၊ အစ္စရေးနှင့် အခြားနိုင်ငံများတွင် အကျည်းတန် လာတော့မည့် ရွေးကောက်ပွဲများ ကျင်းပရန် နီးကပ်လာနေသည်။

 

ထိုရွေးကောက်ပွဲများတွင် မည်သူပင် အနိုင်ရသည်ဖြစ်စေ သေချာသည်က ဒေါသထွက်နေကြသော မဲဆန္ဒရှင်များသည် လက်တွေ့မဖြစ်နိုင်သော ကတိကဝတ်များနှင့် လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုများ ပိုမိုပြင်းထန်လာစေမည့် မုသားစကားများကို ဖြန့်ဝေပြောဆိုနေကြသည့် ကိုယ်စားလှယ်လောင်းများ၏ စကားများကို ကြားနာကြရတော့မည်ဖြစ်သည်။

 

ကံမကောင်းအကြောင်းမလှသည့် ဒီမိုကရေစီနိုင်ငံများတွင် နှစ်ကြိမ် ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်များအနေဖြင့် လက်ယာဝါဒီများထဲမှ အန္တရာယ်ရှိစွာဖြင့် လူထုကို လှုံ့ဆော်စည်းရုံးသူတဦးနှင့် လက်ဝဲဝါဒီများထဲမှ တာဝန်မဲ့သော လူကြိုက်များရေးဝါဒီတဦးတို့အနက် တဦးဦးကို ရွေးချယ်ကြရမည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရနိုင်သည်။

 

ရွေးကောက်ပွဲများ၏ ဖြောင့်မတ် တည်ကြည်မှုနှင့် ပတ်သက်၍ သံသယများ ဖြစ်ပေါ်လာစေရန်လည်း ကြိုးပမ်းမှုများ ရှိလာနိုင်သည်။ ယင်းတွင် ရွေးကောက်ပွဲ၌ ရှုံးနိမ့်သူများက ရလဒ်ကို လက်မခံဘဲ မေးခွန်းထုတ်ခြင်းမျိုး ပါဝင်နိုင်သကဲ့သို့ ရုရှားနှင့် အခြားသော မသမာသည့် နိုင်ငံများကလည်း ဉာဏ်ရည်တု (AI) နည်းပညာသုံး ဗီဒီယိုအတုများ၊ အလိုအလျောက် လုပ်ဆောင်သည့် ဘော့တ် (Bots) များကို အသုံးပြုကာ ပြည်သူများအကြား မယုံကြည်မှုများ ပျံ့နှံ့လာစေရန် လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဖျက်လိုဖျက်ဆီးလုပ်သူများကို ငှားရမ်းအသုံးပြု၍ ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခြင်းကဲ့သို့သော တိုက်ခိုက်မှုများလည်း ပါဝင်လာနိုင်သည်။

 

မဲဆန္ဒရှင်များအနေဖြင့် သတိဝီရိယရှိရှိ စောင့်ကြည့်ကြရန် လိုအပ်သော်လည်း စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြရမည်ဖြစ်သည်။ အကြောင်းမှာ လွတ်လပ်ပြီး အပြိုင်အဆိုင် ယှဉ်ပြိုင်နိုင်သော ရွေးကောက်ပွဲများ ကျင်းပသည့် နိုင်ငံများသည် အပြင်ပန်းထင်မြင်ရသည်ထက် ပိုမိုကြံ့ခိုင်သန်စွမ်းကြသောကြောင့် ဖြစ်သည်။

 

မိမိတို့၏ သက်တမ်းအတွင်း ဒီမိုကရေစီလူ့အဖွဲ့အစည်းများသည် ဒေါသအမျက်ထွက်မှုများကိုသာမက “ခဲဖြင့်ရေးထိုးခဲ့သော နှစ်များ” (Years of Lead) ဟုခေါ်သည့် ကာလမျိုးကိုပါ ကျော်လွှားရှင်သန်နိုင်ခဲ့ကြသည်။ ယင်းသည် ၁၉၆၉ ခုနှစ်ခန့်မှ ၁၉၈၈ ခုနှစ်အထိ အီတလီနိုင်ငံသားများက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် သွေးချောင်းစီးခဲ့သော ခေတ်ကာလတခုကို ပေးခဲ့သည့် အမည်ဖြစ်သည်။ ထိုကာလအတွင်း လက်ဝဲတော်လှန်ရေးသမားများနှင့် ဖက်ဆစ်အစွန်းရောက်များသည် ဗုံးခွဲမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများကို အသုံးပြုကာ အီတလီနိုင်ငံတော်ကို ဖြိုဖျက်ရန် ကြိုးပမ်းခဲ့ကြသည်။

 

အီတလီနိုင်ငံ တနိုင်ငံတည်းသာ ထိုသို့သော ဒုက္ခဆင်းရဲများကို ခံစားခဲ့ရသည် မဟုတ်ပေ။ အမေရိကန်မှသည် ဥရောပနှင့် အခြားဒေသများအထိ ခေတ်သစ်နိုင်ငံရေးအကြမ်းဖက်မှုများ၏ သမိုင်းကြောင်းတွင် ယနေ့ခေတ်အတွက် သင်ခန်းစာယူစရာများစွာ ရှိနေသည်။

 

ဒီမိုကရေစီဆိုသည်မှာ အင်အားချိနဲ့သော သို့မဟုတ် ယဉ်ကျေးသိမ်မွေ့မှုကိုသာ ရှေ့တန်းတင်သည့် အပျော်တမ်းလုပ်ငန်းတရပ် မဟုတ်ပေ။ နိုင်ငံရေးသမားများအနက် အဆွဲဆောင်နိုင်ဆုံးသူများကို ရွေးချယ်ပြီးနောက် ပန်းအိုးတလုံးထဲတွင် ပန်းများကို အလှထည့်သကဲ့သို့ နေရာချထားပေးရန်အတွက်လည်း ဒီမိုကရေစီစနစ် တည်ရှိနေခြင်း မဟုတ်ပေ။

 

ဒေါသအမျက်ထွက်မှုသည် လူ့အသိုင်းအဝိုင်းတိုင်းတွင် ဖြစ်ပေါ်တတ်သည့် သဘာဝတရားတရပ်ဖြစ်သည်။ လွတ်လပ်သော လူ့အဖွဲ့အစည်းများ၏ ထူးခြားပြောင်မြောက်သည့် အရည်အသွေးမှာ ထိုဒေါသအမျက်များကို နိုင်ငံရေးလမ်းကြောင်းအတွင်းသို့ စီးဝင်လာစေရန် ထိန်းကျောင်းပေးနိုင်ခြင်းပင် ဖြစ်သည်။

 

စနစ်တရပ် ကောင်းမွန်စွာ လည်ပတ်နေသည့်အခါ ဒေါသအမျက်များဖြင့် ပြည့်နှက်နေသော ပဋိပက္ခများနှင့် နစ်နာချက်များကိုပင် လွှတ်တော်အတွင်း အပေးအယူညှိနှိုင်းခြင်း၊ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးငြင်းခုံခြင်းနှင့် ပြည်သူ့ဘဏ္ဍာငွေများကို ခွဲဝေသုံးစွဲခြင်းစသည့် နည်းလမ်းများဖြင့် စီမံဖြေရှင်းနိုင်သည်။ ထိုသို့သော လုပ်ငန်းစဉ်သည် တခါတရံ အာဏာရှင်များ၏ နှာခေါင်းရှုံစရာ၊ မေးငေါ့စရာ ဖြစ်လာပါကလည်း ဖြစ်ပါစေတော့။

 

ယနေ့ခေတ် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသော မဲဆန္ဒရှင်များအနေဖြင့် မကြာလှသေးသော အတိတ်ကာလက နိုင်ငံအများအပြားတွင် ပါတီစုံနိုင်ငံရေးစနစ်၏ အခြားရွေးချယ်စရာမှာ တော်လှန်ရေးဟူသော အမည်ကို အကြောင်းပြုကာ အစွန်းရောက်ဝါဒီများက လူများကို သတ်ဖြတ်နေသည့် အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း သတိရသင့်ကြသည်။

 

အလယ် ဗဟိုဝါဒကို လက်ခံကျင့်သုံးကြသော နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် စိတ်ပျက်အားငယ်စရာ အကြောင်းရင်းများ ရှိနေကြသည်မှာ မှန်ပါသည်။ စစ်တမ်းကောက်ယူမှုများ၏ ရလဒ်များ မှန်ကန်ပါက ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် ၏ နေရာကို လူကြိုက်များရေးဝါဒကို ကျင့်သုံးသည့် အမျိုးသားရေးဝါဒီ မာရင်း လီပန် က ဆက်ခံလာနိုင်ခြေ အလွန်များနေသည်။ သူမသည် မက်ခရွန်၏ နိုင်ငံရေးအမွေအနှစ် အများအပြားကို ဖျက်သိမ်းပစ်လာနိုင်ပေသည်။

 

ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ခ် မာ့ဇ် ထက် ဘဏ်ဓါးပြ များပင် ၎င်းထက် လူကြိုက်များသည့် အခြေအနေ ရှိခဲ့ဖူးသည်။ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများအရ ၎င်း၏ လူထုထောက်ခံမှုနှုန်းမှာ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

 

သို့သော် ထိုခေါင်းဆောင်များ၏ ဆင်းရဲဒုက္ခများသည် အီတလီနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အယ်လ်ဒို မိုရို ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာဆိုးနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ပေ။ ၁၉၇၈ ခုနှစ်တွင် လက်ဝဲအစွန်းရောက် အကြမ်းဖက်အဖွဲ့တဖွဲ့ဖြစ်သော “တပ်နီ‌ တော် ” အဖွဲ့ဝင်များက ၎င်းကို ပြန်ပေးဆွဲခဲ့ကြပြီး “ပြည်သူ့တရားခွင်” ဟု အမည်ပေးထားသည့် တရားစီရင်မှုတရပ်ကို ပြုလုပ်ခဲ့ကာ နောက်ဆုံးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။

 

ထို တပ်နီတော် အဖွဲ့သည် မိုရိုကို မုန်းတီးခဲ့ကြခြင်းမှာ ၎င်းတို့၏ တော်လှန်ရေးအိပ်မက်များ အကောင်အထည်ပေါ်လာရေးကို ဟန့်တားခံခဲ့ရသောကြောင့် ဖြစ်သည်။ မိုရိုသည် အစွန်း ရောက်သူ မဟုတ်ဘဲ ဆိုဗီယက်ယူနီယံ၏ ကျောထောက်နောက်ခံ ရရှိထားသည့် အီတလီကွန်မြူနစ်ပါတီကို ညွန့်ပေါင်းအစိုးရအတွင်းသို့ ပါဝင်မလာအောင် ဟန့်တားခဲ့သူ ဖြစ်သည်။

 

ထိုမှောင်မိုက်သော ကာလအတွင်း အရှေ့အလယ်ပိုင်းဒေသမှ လာသော နိုင်ငံခြားအကြမ်းဖက်သမားများအပါအဝင် ပြည်ပအကြမ်းဖက်သမားများက အီတလီနိုင်ငံသား အများအပြားကို သတ်ဖြတ်ခဲ့ကြသော်လည်း ပြည်တွင်းနိုင်ငံရေး အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူ အရေအတွက်မှာ ထိုထက်ပင် ပိုများခဲ့ကြောင်း မီလန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် အန်ဒရီးယား ရူဂျေရီက ဖော်ပြထားသည်။

 

၎င်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ရဲတပ်ဖွဲ့၏ မှတ်တမ်းများနှင့် သတင်းစာမှတ်တမ်းများကို အသေးစိတ် စိစစ်လေ့လာပြီးနောက် အီတလီ၏ “ခဲဖြင့်ရေးထိုးခဲ့သောနှစ်များ” ကာလအတွင်း လက်ဝဲအစွန်းရောက်အဖွဲ့များနှင့် လက်ယာအစွန်းရောက်အဖွဲ့များက ပြုလုပ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို စာရင်းပြုစုခဲ့ကြသည်။ ထိုစာရင်းအရ ဗုံးခွဲတိုက်ခိုက်မှု ၁,၈၀၂ ကြိမ်၊ မီးရှို့တိုက်ခိုက်မှု ၇၁၆ ကြိမ်နှင့် ဒူးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်၍ အမြဲလို မသန်မစွမ်း ဖြစ် နေအောင် ပြုလုပ်သည့် တိုက်ခိုက်မှု ၉၈ ကြိမ် ရှိခဲ့ပြီး၊ စုစုပေါင်း လူ ၅၃၀ ဦး သေဆုံးခဲ့သည်။

 

ထိုကာလများအတွင်း အနောက်နိုင်ငံများမှ ကျောင်းသားများနှင့် ပညာတတ်များအနက် အများစုသည် ဒီမိုကရေစီကို အထင်အမြင်သေးပြီး လူတန်းစားတိုက်ပွဲကို ပိုမိုနှစ်သက်ခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံရှိ ဥက္ကဋ္ဌ မော်စီတုန်း၏ တော်လှန်ရေးအစိုးရ သို့မဟုတ် ပြောက်ကျားတော်လှန်ရေးသမား ချေဂွေဗားရား ကို စံနမူနာများအဖြစ် သတ်မှတ်ခဲ့ကြသည်။

 

အချို့သူများမှာ ဂျာမနီနိုင်ငံရှိ Baader-Meinhof နှင့် Red Army Faction အဖွဲ့များ၊ ဂရိနိုင်ငံရှိ November 17 အဖွဲ့တို့က နိုင်ငံရေးသမားများ၊ စက်မှုလုပ်ငန်းရှင်များ သို့မဟုတ် အမေရိကန်သံတမန်များကို သတ်ဖြတ်သည့်အခါတွင် ဝမ်းမြောက် ဝမ်းသာ အားပေးခဲ့ကြသည်။

 

ထို့အပြင် နိုင်ငံခွဲထွက်ရေး ရည်ရွယ်ချက်ဖြင့် လှုပ်ရှားသော အကြမ်းဖက်အဖွဲ့များလည်း ရှိခဲ့သည်။ ဥပမာ အိုင်ယာလန်ရှိ IRA (Irish Republican Army) သည် ထိုစဉ်က ဗြိတိန်ဝန်ကြီးချုပ် မာဂရက် သက်ချာ ကိုပင် လုပ်ကြံသတ်ဖြတ်ရန် အနီးကပ် ကြိုးပမ်းခဲ့ဖူးသည်။ စပိန်နိုင်ငံတွင်လည်း ETA ဟုခေါ်သော ဘတ်စ်ခ်အမျိုးသားရေးဝါဒီ အကြမ်းဖက်အဖွဲ့ ရှိခဲ့သည်။

 

အချို့သော အခြေအနေများတွင် နိုင်ငံရေးလောကမှ ရွေးကောက်တင်မြှောက်ခံ နိုင်ငံရေးသမားများကိုယ်တိုင်က အစွန်းရောက်အဖွဲ့များကို အကာအကွယ်ပေးခဲ့ကြသည်။

 

နှစ်ပေါင်းများစွာကြာပြီးနောက် ပါးစပ်ရာဇဝင် အမည်‌ ပေးထားသည့် စီမံကိန်းတခုအတွက် အင်တာဗျူးပြုလုပ်ရာတွင် ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းတဦးက အဖြစ်အပျက်တစ်ခုကို ပြန်လည်ပြောပြခဲ့သည်။ ရဲတပ်ဖွဲ့အကြီးအကဲတဦးက အာဏာရှိသူများသည် November 17 အဖွဲ့ကို အကာအကွယ်ပေးနေကြောင်း ၎င်းအား တိတ်တဆိတ် ပြောပြခဲ့သည်။ ထိုရဲအရာရှိသည် ရဲဝန်ကြီးဌာနအတွင်း ဓာတ်လှေကားစီးနေစဉ် အထပ်နှစ်ထပ်ကြားတွင် ဓာတ်လှေကားကို ရပ်လိုက်ပြီး၊

 

“ကျွန်‌ တော် တို့က လူညံ့တွေ မဟုတ်ဘူး။ ဒီကောင်တွေအားလုံးကို အချိန်မရွေး ဖမ်းနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ လက်တွေက ချည်တုတ်ခံ နေရတယ်" ဟု ဒေါသတကြီး ပြောခဲ့သည်။

 

ထို့အပြင် ဥရောပ အလုပ်သမားသမဂ္ဂများ အတော်များများကို စတာလင်ဝါဒီများ၊ ထရော့စကီးဂိုဏ်းသားများ၊ နှင့် အခြားအစွန်းရောက် သမားများက ထိန်းချုပ်ထားခဲ့ကြသည်။ ထို့အတွက် ကြောင့်လည်း အနောက်ဥရောပဒေသအများအပြားတွင် ဆယ်စုနှစ်များစွာ စီးပွားရေးချမ်းသာကြွယ်ဝမှု တိုးတက်လာခဲ့သော်လည်း ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း အလုပ်သမားသပိတ်များ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ရခြင်းလည်း ဖြစ်ပေသည်။

 

 ယခုအချိန်တွင် ထိုသို့ မဟုတ်တော့ဟု ဆိုကာ စိတ်ချလက်ချ နေ၍ မဖြစ်ပေ ။ ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များကို လုပ်ကြံသတ်ဖြတ်ခြင်း အပါအဝင် နိုင်ငံရေးအကြမ်းဖက်မှုသည် ယနေ့တိုင် ခြိမ်းခြောက်မှုတရပ်အဖြစ် ရှိနေဆဲဖြစ်သည်။ ထို့အတူ အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်မှု သည်လည်း အယူဝါဒနှင့် ဘာသာရေးအပေါ် အမုန်းတရားများ နှင့် ဆက်နွယ်နေသည့် ကြမ္မာဆိုး အဖြစ် ရှိနေဆဲဖြစ်သည်။

 

သို့သော် ယနေ့ခေတ်တွင် ပြည်တွင်းနိုင်ငံရေးအကြောင်းပြု၍ ဗုံးခွဲတိုက်ခိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများမှာ ယခင်ကထက် အလွန်ရှားပါးလာပြီဖြစ်သည်။ ထို့အပြင် လူ့အဖွဲ့အစည်း၏ ပင်မရေစီးကြောင်းထဲမှ အဖွဲ့ဝင်များက နိုင်ငံတော်ကို ဖျက်ဆီးရန် ကြိုးပမ်းနေသော တော်လှန်ရေးသမားများကို ကိုယ်ချင်းစာ စိတ်ဖြင့် ထောက်ခံခဲ့ကြသည့် ခေတ်လည်း ကုန်ဆုံးသွားပြီဖြစ်သည်။

 

အချို့က ကန့်ကွက်ပြောဆိုလာနိုင်သည်မှာ အမေရိကန်နိုင်ငံတွင်လည်း အလားတူ ဖြစ်ရပ်များ ရှိခဲ့ကြောင်း ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် ကြိုးပမ်းမှုများ၊ ကွန်ဆာဗေးတစ်ဝါဒီ တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ် ကို လုပ်ကြံသတ်ဖြတ်မှုနှင့် သမ္မတ ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများကို ထောက်ပြနိုင်သည်။

 

သို့သော် နိုင်ငံရေးသိပ္ပံပညာရှင်များက အမေရိကန်သည် သီးခြားဖြစ်ရပ်တခု ဟု ဆိုကြသည်။ အခြားသော ချမ်းသာကြွယ်ဝသည့် ဒီမိုကရေစီနိုင်ငံများတွင် အမေရိကန်ကဲ့သို့ လက်နက်ကိုင် ဆန္ဒပြသူများနှင့် ပြည်သူ့စစ်အဖွဲ့များအပေါ် ထိုမျှလောက် သည်းခံပေးမှု မရှိကြပေ။ အခြားနိုင်ငံများတွင် ရှိနေသော အကြမ်းဖက်မှုကို တရားဝင်ထိန်းချုပ်အသုံးပြုနိုင်ခွင့် ကိုလည်း အမေရိကန်ကဲ့သို့ လက်လွှတ်ထားခြင်း မရှိကြပေ။

 

၂၀၂၄ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းမှ လွတ်မြောက်ပြီးနောက် ထရမ့်က “အရေးပါပြီး အကျိုးသက်ရောက်မှုကြီးကြီးမားမား လုပ်ပြနိုင်တဲ့ သမ္မတတွေပဲ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတာပါ” ဟု သုံးသပ်ပြောဆိုခဲ့သည်။

 

ဒီမိုကရေစီနိုင်ငံတနိုင်ငံနှင့် တနိုင်ငံ မတူညီကြသော်လည်း နိုင်ငံရေးအကြမ်းဖက်မှုကို ကျော်လွှားအောင်မြင်ခဲ့သည့် နိုင်ငံများတွင် တူညီသော လက္ခဏာအချို့ကို တွေ့ရတတ်သည်။ အများအားဖြင့် အစွန်းရောက်အဖွဲ့များသည် လွန်လွန်ကဲကဲ လုပ်ဆောင်မိကြပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်သူ့ထောက်ခံမှုကို ဆုံးရှုံးခဲ့ကြသည်။

 

ထို့အပြင် ပို၍အရေးကြီးသည့်အချက်မှာ အစွန်းရောက်ဝါဒီများနှင့် ခွဲထွက်ရေးသမားများကို ပုံမှန်နိုင်ငံရေးလမ်းကြောင်းထဲသို့ ပြန်လည်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တရားဝင်နိုင်ငံရေးပါတီများ ဖွဲ့စည်းကာ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လာခဲ့ကြသည်။နိုင်ငံရေးအကြမ်းဖက်မှုကို လေ့လာသည့် ပါမောက္ခ ရူဂျေရီ ကဲ့သို့သော ပညာရှင်များက နိုင်ငံရေးပဋိပက္ခများကို ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများနှင့် လွှတ်တော်များအတွင်း ငြိမ်းချမ်းစွာ ထုတ်ဖော်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အခါ ဒေါသအမျက်သည် လမ်းပေါ်သို့ ထွက်လာတတ်သည် ဟူ၍ ထောက်ပြခဲ့ကြသည်။

 

ထို့ကြောင့် နိုင်ငံရေးပါတီများကို ပိတ်ပင်ခြင်းနှင့် အမုန်းတရားပါဝင်သည့် သဘောထားအမြင်များကို ဆင်ဆာဖြတ်တောက်ခြင်းသည် မိမိတို့ရည်ရွယ်သည့် ရလဒ်နှင့် ဆန့်ကျင်ဘက် ဖြစ်လာနိုင်သည်။ ဒီမိုကရေစီသည် ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ သို့သော် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းများအနေဖြင့် မဲပုံးများသည် ကျည်ဆန်များကို အနိုင်ယူနိုင်ကြောင်း ပိုမိုယုံကြည်မှုရှိပြီး ထိုအခွင့်အရေးကို ကာကွယ်တုံ့ပြန်သင့်လှ ပေသည်။

 

(၂၀၂၆ စက်တင်ဘာ ၂၉ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်း ပါ "Democracy is stronger than it looks" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)