ဗလာဒီမီယာ ပူတင်သည် ယူကရိန်းနှင့် ဥရောပကို ကြောက်မက်ဖွယ် ကောင်းလှသည့် ဆောင်းရာသီ အဖြစ်ဖန်တီးရန် ကြံရွယ် နေပြီ ဖြစ်သည်။ ရုရှားသမ္မတသည် ၄ နှစ်ခွဲ ကြာလာခဲ့ပြီ ဖြစ်သော်လည်း ယူကရိန်းကို ဦးချိုးရန် မအောင်မြင်သဖြင့် ဒေါသ အမျက်ချောင်းချောင်း ထွက်ကာ အပတ်စဉ်လို ရက်ရက်စက်စက် အဆင်ခြင်မဲ့ လုပ်လာနေပြီ ဖြစ်သည်။
ရုရှား ဒုံးကျည်များနှင့် ဂျက်အင်ဂျင်တပ် ဒရုန်းများသည် ယူကရိန်းမြို့သား များကို အိပ် ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ အောင် ဒုက္ခပေးလာခဲ့သည်။ ယခင်က သန်းပေါင်းရာနှင့်ချီသော လူများကို ကျွေးမွေးခဲ့သော စပါးတင်ပို့သည့် ဆိပ်ကမ်းများကို တိုက်ခိုက်လာသည်။ ရုရှားသည် ယူကရိန်း အပြင် ရှူံးမဲ မဲလာပြီး ဥရောပတလွှား ကိုပါ ဦးတည်လာသည်။ အနောက်နိုင်ငံများအပေါ် နျူကလီးယားနှင့် ရိုင်းရိုင်းစိုင်းစိုင်း ခြိမ်းခြောက် ပြောဆိုလာသည်။
ယင်းသည် ရန်လို ကောက်ကျစ်သော နိုင်ငံတနိုင်ငံ၏ လုပ်ရပ်မျိုးဖြစ်သည်ဟု ရုရှား၏ အိမ်နီးချင်းနိုင်ငံများက ပြောဆိုလာကြသည်။ ပြီးခဲ့သည့်လက လိုက်ပဇစ်ရှိ ကုန်တင်လေယာဉ် ကွင်း အား ဒရုန်း ဖြင့် တိုက်ခိုက်မှုကို ပွတ်ကာသီကာ တားဆီးနိုင်ခဲ့ပြီး နောက် ဂျာမန်အစိုးရဝန်ကြီးများသည် ရုရှားလက်ချက်ဟု တရားဝင် စွပ်စွဲခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးများသည် မိမိနိုင်ငံကို ထိခိုက်နစ်နာအောင် ကြိုးစားနေသော “ရန်သူများ” ၏ ရန်မှ ကာကွယ်မည်ဟု ကတိပြုခဲ့ကြသည်။ ဂျာမန်အစိုးရ အဆက်ဆက် သည် ထိုသို့ ပြောဖို့ မဆိုထားဘိ ရုရှားကို ၎င်းတို့အား မရှိမဖြစ် စွမ်းအင်ထောက်ပံ့ ပေးနေသူ နှင့် ဥရောပ အင်အားကြီးနိုင်ငံအဖြစ် အမြဲလို သတိကြီးစွာ ကိုင်တွယ်ခဲ့ကြစမြဲ ဖြစ်သည်။
အောက်တိုဘာလ ၅ ရက်နေ့တွင် ဂျာမနီ၏ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲက လွှတ်တော်တွင် ရုရှားသည် ဂျာမနီ၏ သန္နိဋ္ဌာန်ကို စမ်းသပ်ရန် အန္တရာယ်ရှိသော “စစ်ပွဲ” ကို နောက်ကွယ်က ဆင်နွှဲနေသည်ဟု ပြောကြားခဲ့သည်။ လာမည့် ဆောင်းရာသီတွင် ယူကရိန်း နိုင်ငံသား များသည် “မကြုံဖူး လောက်အောင် ရုရှား တို့၏ ရက်ရက်စက်စက် နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမှုများ” ကို ခံစားရမည်ဟု ထပ်မံ သတိပေးခဲ့ပြန်သည်။
ရုရှား နှင့် ကပ်နေသော ဥရောပ မြောက်ဖက်ခြမ်း၊ အထူးသဖြင့် နော်ဒစ်နှင့် ဘောလ်တစ်နိုင်ငံများတွင် ဗဟို-လက်ဝဲနှင့် ဗဟို-လက်ယာ နိုင်ငံရေးသမားများသည် ပူတင်ကို ယုံကြည်၍မရနိုင်သူအဖြစ် ပြောဆို သတ်မှတ်ထားကြပြီး ဖြစ်သည်။ လေးနှစ်တာကာလအတွင်း သီအိုရီမှာ “ရုရှား မနိုင်ရ၊ ယူကရိန်း မရှုံးရ” ဆိုသည့် အောင်ပွဲ မျိုး ရရှိရေးသည် နိုင်ငံတကာ အတွက်သာမက ဥရောပ၏ အနာဂတ်လုံခြုံရေးအတွက် အရေးကြီးသည်ဟု ခံယူထားသည်။
မဟာမိတ်အစိုးရများသည် ဆက်လက် ရင်ဆိုင် တိုက်ခိုက်နိုင်ဖို့ ယူကရိန်းကို ငွေကြေးနှင့် လက်နက်များ ပေးပို့ရန်နှင့် ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ဆက်၍ ထိန်းထားရန် သဘောတူခဲ့ကြပြီး ပြည်တွင်းမှ ဆန့်ကျင်လာမှု များနှင့် စီးပွားရေး ထိခိုက်လာခြင်း မျိူး ဖြင့် ပူတင်၏ အတွက်အချက်ကို ပြောင်းလဲစေခြင်း သို့မဟုတ် ၎င်း၏ အုပ်ချုပ်မှုကို အဆုံးသတ်စေသည်အထိ ဖြစ်လာမည်ဟု တွက်ချက်ခဲ့ကြသည်။
ယူကရိန်း၏ မဟာမိတ်များအနေဖြင့် ရုရှား၏ အဆိုးရွားဆုံး လုပ်ရပ်များကို ကျယ်လောင်စွာ ရှုတ်ချရန် လက်တွေ့ကျသော အကြောင်းရင်းများ ရှိ နေသည်။ ပူတင်သည် ပိုမိုအန္တရာယ်ရှိလာနေ၍ ၎င်း၏ ရှက်ရွံ့ခြင်းမရှိတော့ ဘဲ ကျူးလွန် လာ နေသော ရာဇဝတ်မှုများကို အမည်တပ်ပြောခြင်းသည် ၎င်းကို ပိုဆိုး မလာအောင် တားဆီးရာ တွင် အထောက်အကူ ဖြစ်နိုင်သည်။ ပြီးခဲ့သောလက ရုရှား၏ အမှောင်ထဲက တိုက်ခိုက်မှုများနှင့် ပတ်သက်သော အ သေးစိတ် ထောက်လှမ်းရေး သတင်းများကို အတိုက်အခံခေါင်းဆောင်များ ထံမျှဝေပြီးနောက် ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ရုရှား တို့၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်-။
အဓိက အားဖြင့် ပြင်သစ်အား ယူကရိန်းကို စွန့်လွှတ်အောင် ခြောက်လှန့်ရန်ဖြစ်သည်။ “ထိုရည်ရွယ်ချက် နှင့်ဆန့်ကျင်ဘက် သာ ဖြစ်လိမ့်မည်” ဟု သူက အခိုင်အမာပြောကြားခဲ့သည်။ မက်ခရွန်သည် မိမိတို့တွင် ရှိ တားဆီးနိုင်မည့် အင်အားကိုပါ ထည့်သွင်း ပြောဆို ခဲ့သည်။ ပြင်သစ်၏ အင်အားကြီးမားလှသော ထောက်လှမ်းရေးနှင့် ဆိုက်ဘာစစ်သည်များ ကြောင့် ရုရှား၏ တိုက်ခိုက်မှုများသည် “အဖြေထွက်လာမည်မဟုတ်” ဟု ဆိုသည်။
ဗဟိုဝါဒီများအနေဖြင့် ပြတ်ပြတ်သားသား ပြောဆိုရန်နှင့် ယူကရိန်းစစ်ပွဲတွင် ဗီလိန် ဖြစ် နေသည့် ရုရှားကို ကိုယ်ကျင့်တရားအရ ဆန့်ကျင်ရမည့် ခရူးဆိတ် စစ်ပွဲ အဖြစ် ဖော်ပြရန် နိုင်ငံရေးအရ အကြောင်းရင်း ကောင်း များလည်း ရှိသည်။ ပြင်သစ်နှင့် ဥရောပတလွှားတွင် ၎င်းတို့၏ ပြိုင်ဘက် လူထု နောက်မြီးဆွဲ ပါတီများသည် စစ်ပွဲ အပေါ် မဲဆန္ဒရှင်များ၏ ပင်ပန်းနွမ်းနယ်လာ နေမှုမှ အမြတ်ထုတ် နိုင်ရန် မျှော်လင့်နေကြသည်။
ပူတင်သည်လည်း အမှန် တကယ်ပင် နိုင်ငံတကာမှ ဖယ်ကျဉ်ခံရသူ ဖြစ်လာ နေသည်။ သို့သော် ရုရှားခေါင်းဆောင်ကို လူရမ်းကားဟု ခေါ်ဆိုခြင်းသည် ထောင်ချောက်တခုလည်း ဖြစ်နိုင်သည်။ ယူကရိန်းစစ်ပွဲသည် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေပြီး မဟာမိတ်များ၏ အောင်ပွဲသီအိုရီသည် ဘယ်သောအခါမှ အလုပ်မဖြစ်နိုင်ပေ။ မစ္စတာ ပူတင်၏ တိုက်ခိုက်လိုသော ဆန္ဒကို စီးပွား ရေး အရ တောင့်ခံ မထားနိုင် အောင် ဖြစ်လာမှုနှင့် ပြည်တွင်း မကျေနပ်မှုများက မချိုးဖျက်နိုင်ပါက ယူကရိန်းနှင့် မဟာမိတ်များသည် ဤစစ်ပွဲကို အဆုံးသတ်ရန် သို့မဟုတ် ခေတ္တရပ်ဆိုင်းရန် နှင့် အတူယှဉ်တွဲနေထိုင်ရေး စည်းကမ်းချက်များကို သဘောတူရ တော့ မည် ဖြစ်သည်။
ပူတင်၏ လက်သည် ၎င်း၏ ရှည်လျားသော စစ်ပွဲတွင် ထိုး ကျွေးခံရသော ရုရှားစစ်သည် တသန်းကျော် နှင့် ယူကရိန်း ပြည်သူ များ၏ သွေးများ ဖြင့် စိုရွှဲနေသော်လည်း ထရမ့်လို အဆင့်မြင့် ခေါင်း ဆောင် များ နှင့် မိတ်ဆွေ ဖြစ် နေသည်။ ထရမ့်က ၎င်းကို ပစ်ပယ်ထားသူ မဟုတ်။ ဖလော်ရီဒါရှိ သူပိုင်ဆိုင်သော အပန်းဖြေ ဂေါက်ကွင်း Trump National Doral တွင် ဒီဇင်ဘာလတွင် ကျင်းပမည့် G20 နိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ ၎င်းအား ဖိတ်ကြားထားသည်။ ဒိုရယ် သို့ ရောက်လာမည့် ဥရောပခေါင်းဆောင်များသည် ပူတင် ကို မြင်သည်နှင့် သေမင်း၏ အရိပ်အယောင် များ ခံစား တွေ့နိုင် နေသော်လည်း ၎င်းအား တရုတ်နှင့် အိန္ဒိယခေါင်းဆောင်များက နွေးနွေးထွေးထွေး နှင့် တလေးတစား ကြိုဆို နှုတ်ဆက်ကြဦးမည် ဆိုသည်ကိုလည်း မျှော်လင့်ထားပြီး ဖြစ်သည်။
ပူတင်ကို သီးခြားခွဲထုတ်ရန် မအောင်မြင်ခြင်းသည် ယခုလ ဖင်လန်တွင် ကျင်းပခဲ့သော ဟယ်လ်ဆင်ကီ လုံခြုံရေး ဖိုရမ်အပေါ် သက်ရောက်မှုရှိခဲ့သည်။ ယင်းသည် ယူကရိန်း၏ အခိုင်မာဆုံး ထောက်ခံသူများထဲ မှ နိုင်ငံရေးခေါင်းဆောင်များ၊ သံတမန်များ၊ စစ်သည်များ၊ ထောက်လှမ်းရေးများနှင့် ပညာရှင်များ စုဝေးရာ အစည်းအဝေးဖြစ်သည်။ နော်ဒစ်နိုင်ငံခေါင်းဆောင်တဦးသည် ပူတင်အား G20 ဖိတ်ကြားမှုဖြင့် ထရမ့်၊ ရုရှားခေါင်းဆောင်နှင့် ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်စကီးတို့အကြား တိုက်ရိုက်ဆွေးနွေးပွဲများဆီသို့ ဦးတည်သွားနိုင်ဖွယ် ရှိသည်ဟု သတိကြီးစွာဖြင့် အကောင်းဖက်က ရှုမြင်ခဲ့သည်။ သို့သော် အခြားပါဝင်သူ အချို့က ဥရောပသည် ပူတင်၏ ကောက်ကျစ် စဉ်းလဲ နေမှု ကိုသာ အဓိက ထားနေပါက မိမိတို့၏ ကျရှုံးခန်း အတွက် ပြင်ဆင်နေခြင်းဖြစ်မည်ကို စိုးရိမ်ခဲ့ကြသည်။
မဟာမိတ်များသည် တရားမျှတပြီး ကြာရှည်ခံသော ငြိမ်းချမ်းရေး ရရှိနိုင်မည့် အကြောင်း ပြောဆိုကြသည်ဟု မော်စကိုတွင် ရုရှားအဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံပွဲများမှ ပြန်လာခါစ အမေရိကန်အရာရှိဟောင်းတဦးက ပြောကြားခဲ့သည်။ “ဒါပေမယ့် ကျွန် တော် တို့အားလုံး၏ အတွင်းစိတ် တွေ က တော့ ငြိမ်းချမ်းရေးသည် တရားမျှတမည် မဟုတ်ကြောင်း သိရှိထားကြပြီး ဖြစ်ပါတယ်” ဟု သူက ဖိုရမ်တွင် ပြောကြားခဲ့ပြီး ရုရှားသည် ယူကရိန်းနယ်မြေအချို့ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး ပူတင်သည် စစ်ရာဇဝတ်မှုများအတွက် ဟိဂ်မြို့တွင် တရားစီရင်ခံရမည် မဟုတ်ကြောင်း ခန့်မှန်းခဲ့သည်။
ရုရှား အုပ်ချုပ် ရေး ပိုင်းရှိ လူများသည် ယူကရိန်းသို့ စစ်ပွဲပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် ရည်ရွယ်ချက်မရှိကြောင်း အစီရင်ခံခဲ့သည်။ ယူကရိန်းမှ စစ်မှုထမ်းဟောင်း ဒါဇင်ပေါင်းများစွာကို မကြာသေးမီက ရုရှားပါလီမန်သို့ ရွေးကောက်တင်မြှောက်ခဲ့ကြ၍ နိုင်ငံရေးအလွှာများတွင် စစ်ရာဇဝတ်သားများ နှစ်ပေါင်းများစွာ ခိုကပ်နေနိုင်မည် ဖြစ်သည်။
ယူကရိန်း ပြည်သူများသည် ပူတင်၏ ကျူးကျော်မှုကို ရဲရင့်စွာ ခုခံခဲ့ကြပြီး တိုက်ပွဲကို စွန့်လွှတ်မည့် လက္ခဏာ မပြသေး ပေ။ သို့သော် ယူကရိန်းသည်လည်း အသက်ရှင်ရပ်တည်ရဖို့ လိုနေသည်။ ယူကရိန်းလူမျိုးများသည် မပြည့်စုံသော စည်းကမ်းချက်များဖြင့် ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်လာခဲ့ပါက ဥရောပသားများသည် ယူကရိန်း ထက် ပို၍ စိုးရိမ်ရန် အကြောင်းရင်းများ ရှိ နေသည်၊ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးက ရုရှားကို ရဲတင်းစေပြီး တပ်အင်အားပြန်လည်စုစည်းကာ နောက်ထပ်ကျူးကျော်မှုများအတွက် ပြင်ဆင်ခွင့်ပေးလိုက်သလို ဖြစ်သွားနိုင်၍ ဖြစ်သည်။
သို့သော် ဥရောပသည် ယူကရိန်းများကို ၎င်းတို့အတွက် ဆက်လက်တိုက်ခိုက် ပေးရန် ပြောဖို့က မဖြစ်နိုင်ပြန်။ ဥရောပ လုပ်နိုင်သမျှမှာ ယူကရိန်းကို တတ်နိုင်သမျှ အင်အား တောင့်တင်းအောင် ပြုလုပ် ပေးရန်သာ ဖြစ်သည်။ ပူတင်ကို အပြည့်အဝ အောင်ပွဲ မခံရအောင် လုပ်ထားနိုင်ခြင်းသည်သာ သူ၏ ကျူးကျော်ခဲ့မှုအတွက် ခံရမည့် တခုတည်းသော ပြစ်ဒဏ် ဖြစ်နိုင်သည်။ မကောင်းမှုများပြားသော ကမ္ဘာကြီးတွင် ထိုမျှ လောက်နှင့် ကျေနပ်ရပေ တော့မည်။
(၂၀၂၆ အောက်တိုဘာ ၆ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ Vladimir Putin and the pariah problem ကို ပြန်လည် တင်ပြသည်။)