ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(106)

by Hla Soewai - Oct 19 2026

နောက်လာမည့်ရက်များအတွင်း ဗိုလ်ချုပ်ကြီး၏ မရေမရာတောင်းဆိုချက်အပေါ် ဆင်ခြင် ပေးရန် ကျွန်တော့်မှာ အချိန်အလုံအလောက် ရှိခဲ့သည်။ လုပ်စရာရှိတာကို လုပ်ရမည်ဆိုသော အချက်အပေါ် မည်သူကများ ကန့်ကွက်နိုင်မည်နည်း။ တစုံတယောက်တွင် လုပ်ရမည့်ကိစ္စ တခုခုတော့ အမြဲရှိနေတတ်စမြဲပင်။

 

လာနာ သည် ဖန်တားဆီးယား ဟုခေါ်သော ဖျော်ဖြေပွဲတွင် သီချင်းဆိုမည်ဖြစ်ကြောင်း ဆန်နီ၏ သတင်းစာပါ ကြော်ငြာက ကျွန်တော့်အတွက် လုပ်စရာအခွင့်အလမ်းတခုကို ဖန်တီးပေးခဲ့သည်— သို့သော် ဗိုလ်ချုပ်ကြီး စိတ်ကူးထားပုံရသော လမ်းကြောင်းမျိုးတော့ မဟုတ်ပေ။ ကျွန်တော်လိုချင်သည်က တော်လှန်ရေးသမားတဦး၏ အထီးကျန် ဆန်ပြီး ဖိစီးမှုများလှသော အလုပ်မှ အနည်းဆုံး တညတာမျှ အနားယူခွင့်ပင်တည်း။ အမှောင်ထဲတွင် ကျင်လည်နေကျ မြေအောက်သူလျှို့တဦးအတွက် နိုက်ကလပ်တခုဆိုသည်မှာ အပန်းဖြေရန် အသင့်တော်ဆုံးနေရာ ဖြစ်သည်။

 

ကျွန်ုပ်တို့၏ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မေ့ပျောက်၍ မရသေးသော နိုင်ငံ၏ သီချင်းသံများကို သွားရောက်နား ထောင်ရန် ဖန်တားဆီးယား သို့ လိုက်ခဲ့ဖို့ ဘွန် အား ဖျောင်းဖျရသည်မှာ ကျွန်တော် ထင်ထားသည်ထက် ပို၍လွယ်ကူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘွန်သည် အသေခံဖို့ ဆုံးဖြတ်ထားခဲ့ပြီးနောက် ယခုအခါတွင်မှ အသက်ရှင်လို သည့် လက္ခဏာများကို နောက်ဆုံးတွင် ပြသလာခဲ့သောကြောင့် ဖြစ်သည်။ 

 

ကျွန် တော့်ကို သူ့ဆံပင်များကို ညှိခွင့်ပင် ပေးခဲ့ပြီး၊ ဆံပင်ညှိပြီးနောက် ကျွန် တော် တို့ ၏ တောက်ပြောင်မည်းနက်သော ဖိနပ်များနှင့် အရောင်တူသွားသည်အထိ ဆံပင်ကို ဘရိုင်းခရင်မ် ခေါင်းလိမ်းဆီဖြင့် သပ်သပ်ရပ်ရပ် လိမ်းကျံလိုက်ကြသည်။ ဘရိုင်းခရင်မ်နံ့နှင့် ကျွန်ုပ်တို့၏ ရေမွှေးနံ့တို့က ရောနှောကာ ကျွန်တော့်ကားပေါ်တွင် ယစ်မူးဖွယ်ရာ အမျိုးသား ကိုယ်သင်းနံ မွှေးကြိုင်လာခဲ့ပြီး ကားပေါ်တွင် ရိုလင်းစတုန်းစ် တေးဂီတကို နားထောင်ရင်း ကျွန် တော် တို့ကို ဟောလိဝုဒ် ဘက်သို့သာမက အမေရိကန်မှ ပြန်လာပြီးနောက် ၁၉၆၉ ခုနှစ်ဝန်းကျင်က ဆိုင်းဂုံ မြို့၏ ဘုန်းမီးနေလ တောက်ပခဲ့သော အချိန်ကာလများဆီသို့ပါ ပြန်လည် ပို့ဆောင်ပေးနေသကဲ့သို့ ရှိလေသည်။

 

ထိုစဉ်က ဘွန်နှင့် မန် တို့ ဖခင်များ မဖြစ်လာသေးမီ ကျွန် တော် တို့ သုံးဦးသည် လူငယ်ဘဝ၏ စနေ၊ တနင်္ဂနွေ အချိန်များကို ဆိုင်းဂုံမြို့၏ ဘားများနှင့် နိုက်ကလပ်များတွင် အလဟဿ ကုန်ဆုံးခဲ့ကြဖူးသည်— လူငယ်ဘဝ လုပ်ရိုးလုပ်စဉ်၊ လုပ်သင့်လုပ်ထိုက်သည့်အတိုင်းပင် ဖြစ်သည်။ လူငယ်ဘဝကိုသာ အလဟဿ မကုန်ဆုံးစေခဲ့လျှင် လူငယ်ဘဝဟု ခေါ်ဆိုနိုင်ပါဦးမည်လော။

 

ကျွန် တော် နှင့် ဘွန်တို့၏ ခင်မင်ရင်းနှီးခဲ့ကြရသည့် လူငယ်ဘဝကို အပြစ်တင်ရမည် လော၊ အသက်ဆယ့်လေးနှစ်အရွယ် ကလေးတယောက်ကို သွေးချင်းညီအစ်ကိုအဖြစ် သွေးသစ္စာဆိုကတိပြုလာသည့် အဖြစ် ရောက်လာအောင် ဘယ်အရာက တွန်းအား ပေးခဲ့ပေသနည်း။ ထို့ထက် ပိုအရေးကြီးသည်မှာ အရွယ်ရောက်ပြီးသူတဦးက ထိုကတိသစ္စာကို အဘယ်ကြောင့် ယုံကြည်စွဲမြဲစွာ လက်ခံနေရသနည်း။

 

ကျွန်‌ တော် တို့၏ လူကြီးဘဝနှင့် အတူ ရင့်မှည့်လာသည့် အသီးအပွင့်များဖြစ်သော အယူဝါဒနှင့် နိုင်ငံရေးယုံကြည်ချက်တို့ကဲ့သို့ အရေးကြီးသည့်အရာများသည် လူငယ်ဘဝ၏ မရင့်ကျက်သေးသော စံနှုန်းများနှင့် ထင်ယောင်ထင်မှား ဖြစ်မှု များထက် ပို၍ အရေးပါသင့်သည် မဟုတ်ပါလော။

 

လူကြီးများဖြစ်လာသည့်အခါ ကျွန်‌ တော် တို့ မေ့လျော့ပစ်လိုက်တတ်ကြသော လူငယ်ဘဝ၏ မိုက်မဲမှုများထဲတွင်ပင် အမှန်တရားတစိတ်တပိုင်း၊ သို့မဟုတ် အမှန်တရားတခုလုံးကို ရှာဖွေတွေ့ရှိနိုင်သည်ဟု ကျွန် တော် တင်ပြလို ပေသည်။ ထိုသို့ မေ့လျော့ပစ်ခြင်းသည်လည်း ကျွန် တော် တို့အတွက် ဆုံးရှုံးမှုတရပ်ပင် ဖြစ်သည်။

 

ကျွန် တော် တို့၏ ခင်မင်ရင်းနှီးမှု စတင်ခိုင်မြဲလာခဲ့ပုံကို ပြောပြမှ ဖြစ်ပေမည်။

 

ထိုနေရာမှာ အလယ်တန်းကျောင်း ဘောလုံးကွင်းတွင်ဖြစ်သည်။ ကျွန် တော်က ကျောင်းသားသစ်တဦးဖြစ် သော ကျွန်တော်ကို ကျွန်တော်ထက် အသက်ကြီး၍ အရပ်ပိုရှည်သော ကျောင်းသားများ ဝိုင်းရံထားကြသည်။ သူတို့မှာ မြင်းရိုင်းကြီးများသဖွယ် ကျွန်တော်ကို ဝိုင်းကာ ဟန်ရေးပြနေကြသည်။

 

လူ့သမိုင်း၏ အရုဏ်ကျင်း ကတည်းက လူသားတို့ အကြိမ်ကြိမ် ပြန်လည် ကပြ သရုပ်ဖော်ခဲ့ကြသည့် မြင်ကွင်းတခုကို ထပ်မံဖန်တီးရန် ဟန်ရေး ပြနေခြင်းလည်း ဖြစ်သည်။ ယင်းမှာ အင်အားကြီးသူများက အင်အားနည်းသူများ သို့မဟုတ် ၎င်းတို့နှင့် မတူကွဲပြားသူများကို အပျော်သဘောဖြင့် ဝိုင်းဝန်းအနိုင်ကျင့်လို ခြင်းပင် ဖြစ်သည်။

 

ကျွန် တော် သည် အခြားသူများနှင့် မတူကွဲပြားသူတဦး ဖြစ်သော်လည်း အားနည်းသူတဦးတော့ မဟုတ်ပေ။ ကျွန် တော်ကို သဘာဝမကျသူဟု ခေါ်ခဲ့ဖူးသည့် ရွာလူရွှင်တော်တဦးကို ပြန်လည်ရင်ဆိုင်ခဲ့ရာတွင် ကျွန်‌ တော်၏ သတ္တိကို သက်သေပြခဲ့ပြီးဖြစ်သည်။ သူ့ကို ကျွန်တော် အနိုင်ယူခဲ့ဖူးသော်လည်း အခြားသူများ၏ လက်ချက်ဖြင့် အရိုက်ခံခဲ့ရဖူးသည်လည်း ရှိသည်။ ထို့ကြောင့် ယခုတကြိမ်တွင်တော့ ရှုံးနိမ့်မည့် တိုက်ပွဲတခုအတွက် အသင့်ပြင်ထားခဲ့သည်။

 

ထိုအချိန်တွင် အခြားကျောင်းသားသတဦးက မမျှော်လင့်ဘဲ ကျွန် တော် ဘက်မှ ဝင်ပြောပေးလာခဲ့သည်။ သူသည် အဖြစ်အပျက်ကို ပွဲကြည့်သလို ဝိုင်းကြည့်နေကြသူများ ကြားထဲမှ ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည်။

 

“ဒါ မတရားဘူး။ သူ့တယောက်တည်းကို ရွေးပြီး ဝိုင်းမနှိပ်စက်ကြနဲ့။ သူလည်း ငါတို့ထဲက တယောက်ပဲ။”

ကျောင်းသားကြီးတဦးက မထီမဲ့မြင် ရယ်မောလိုက်သည်။

 

"ငါတို့ထဲက တယောက် ဟုတ်မဟုတ်ဆိုတာ မင်းက ဘာ ကောင် မို့လို့ ဆုံးဖြတ်ပေးရမှာလဲ။ ပြီးတော့ မင်းကိုယ်မင်း ကော ငါတို့ထဲက တယောက်လို့ ဘာကြောင့် ထင်နေတာလဲ။ ကဲ၊ အခု လမ်းဖယ်စမ်း။”

 

မန်းသည် လမ်းမဖယ်ခဲ့ပေ။ ထိုအတွက်ကြောင့် သူသည် ပထမဆုံး ထိုးနှက်ချက်ကို ခံလိုက်ရသည်။ နားထင်ကို ဖြတ်ရိုက်ခံလိုက်ရသဖြင့် ယိမ်းယိုင်သွားခဲ့သည်။

 

ကျွန်‌ တော် သည် ချက်ခြင်း ဆိုသလို ထိုကျောင်းသားကြီး၏ နံရိုးများဆီသို ခေါင်းဖြင့် ဝင်တိုက်လိုက်ရာ သူ လဲကျသွားသည်။ ထို့နောက် ကျွန် တော် သည် သူ့ရင်ဘတ်ပေါ် ခွထိုင်လိုက်ပြီး လက်သီးနှစ်ချက် ဆင့်ထိုးထဲ့လိုက်သည်။ သို့သော် သူ၏ အပေါင်းအဖော် လူမိုက်များက ကျွန်‌ တော့် အပေါ် ဝုန်းဒိုင်းကြဲ ခုန်အုပ်လာကြတော့သည်။

 

ကျွနန်‌ တော် နှင့် ကျွန်‌ တော်၏ မိတ်ဆွေသစ် မန်တို့သည် ငါးယောက်နှင့် တယောက်နှုန်းဖြင့် အင်အားမမျှမတ ရင်ဆိုင်နေရသည်။ ကျွန်ုပ်သည် ဒေါသတကြီး ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း ကျွန် တော် တို့ အရေး နိမ့်ရတော့မည်ကို သိနေခဲ့သည်။ ဝိုင်းကြည့်နေကြသော အခြားကျောင်းသားများလည်း ထိုအတိုင်းပင် သိနေကြသည်။

 

သို့ဖြစ်လျှင် ဘွန်သည် အဘယ်ကြောင့် ထိုလူအုပ်ကြီးထဲမှ ရုတ်တရက် ထွက်လာပြီး ကျွန်‌ တော် တို့ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သနည်း။

 

ဘွန်သည် ကျောင်းသားသစ်တဦးဖြစ်ပြီး ကျောင်းသားကြီးများကဲ့သို့ပင် ကိုယ်ခန္ဓာကြီးမားသူ ဖြစ်သည်မှာ မှန်သည်။ သို့သော် သူတဦးတည်းဖြင့် အားလုံးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ သူသည် တယောက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ နောက်တယောက်ကို တံတောင်ဖြင့် တွက်လိုက်သည်။ တတိယတယောက်ကို ကိုယ်ဖြင့် ဆောင့်တိုက်လိုက်သည်။ ထို့နောက် သူလည်း ထိုလူအုပ်ကြီး၏ ဝိုင်းဝန်းဖိနှိပ်မှုကြောင့် လဲကျသွားခဲ့သည်။

 

လူအုပ်ကြီးက ကျွန် တော် တို့ကို ကန်ကြ၊၊ ထိုးကြ၊ ရိုက်နှက်ကြသည်။ နောက်ဆုံးတွင် ကျွန် တော် တို့ သုံးဦးသည် ဒဏ်ရာအနာတရများ၊ သွေးအလိမ်းလိမ်းဖြင့် ထိုနေရာတွင် ကျန်ရစ်ခဲ့ကြသည်။ သို့သော် ကျွန်‌ တော် တို့သည် အောင်ပွဲခံရသကဲ့သို့ ဝမ်းမြောက်ကြည်နူးနေခဲ့ကြသည်။

 

ဟုတ်ပါသည်။ ကျွန်ုပ်တို့ ဝမ်းမြောက်နေခဲ့ကြသည်။

 

အကြောင်းမှာ ကျွန်ုပ်တို့သည် လျှို့ဝှက်ဆန်းကြယ်သော စမ်းသပ်မှုတရပ်ကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ကြပြီဖြစ်သောကြောင့်ပင်။ ထိုစမ်းသပ်မှုက ကျွန် တော် တို့ကို တဖက်တွင်ရှိသော အနိုင်ကျင့်သူများနှင့် အခြားတဖက်တွင်ရှိသော သူရဲဘောကြောင်သူများနှင့်ပါ ခွဲခြားပေးလိုက်သည်။

 

ထိုညမှာပင် ကျွန် တော် တို့သည် အဆောင်မှ တိတ်တဆိတ် ခိုးထွက်လာခဲ့ကြသည်။ မန်ကျည်းပင်အုပ်တခုဆီသို့ ဦးတည်သွားပြီး ထိုအပင်များ၏ ကိုင်းခက်များအောက်တွင် ကျွန် တော် တို့၏ လက်ဖဝါးများကို လှီးဖြတ်ခဲ့ကြသည်။

 

ထို့နောက် ကျွန်ု တော်တို့ ထွက်လာသော သွေးအချင်းချင်း ရောနှောခဲ့ကြသည်။ တဦးနှင့် တဦး သစ္စာစကား ဆိုခဲ့ကြသည်။ ထိုနေ့မှစ၍ ကျွန် တော်တို့သည် သွေးသားတော်စပ်သည့် ဆွေမျိုးရင်းချာများထက်ပင် ပို၍ နီးစပ်သူများ ဖြစ်လာကြသည်။ 

 

လက်တွေ့သမားတယောက်၊ သို့မဟုတ် အစစ်အမှန် ရုပ်ဝါဒီတယောက်ဆိုလျှင်တော့ ဒီဇာတ်လမ်းအပေါ် ကျွန်တော် တွယ်တာနေမှုကို စိတ်ကူးယဉ်ဆန်မှုတခုအဖြစ် ပယ်ချ ပေလိမ့်မည်သာ ဖြစ်သည်။ သို့သော် ဒီဇာတ်လမ်းက ကျွန်တော်တို့ ထိုစဉ်က မိမိကိုယ်ကိုရော အချင်းချင်းကိုပါ ဘယ်လိုမြင်ခဲ့ကြသလဲဆိုသည်ကို အပြည့်အဝ ဖော်ပြနေသည်။ 

 

အားနည်းသူတွေဘက်က မားမား မတ်မတ်ရပ်တည်ပေးဖို့ဆိုသည့် အသိစိတ်ဓာတ် ကျွန်‌ တော် တို့ ရင်ထဲတွင် ကိန်းအောင်း နေသူများအဖြစ် ထွက်ပေါ်လာခဲ့သည်။ ဘွန် နှင့် ကျွန်တော်သည် ထိုဖြစ်ရပ်အကြောင်း မပြောဖြစ်ကြသည်မှာ ကြာပြီဖြစ်သော်လည်း၊ ရူးစဗဲ့ ဟိုတယ် သို့ အသွားတွင် ငယ်စဉ်က သီချင်းများကို သီဆိုရင်း ထိုအရာသည် ကျွန်တော့်သွေးထဲတွင်ရှိသကဲ့သို့ သူ၏ သွေးထဲတွင်လည်း လည်ပတ် စီးဆင်းနေဆဲဖြစ်ကြောင်း ခံစားမိခဲ့သည်။

 

အဖြူအမည်းခေတ်က ဟောလိဝုဒ် ဘူးလီဗားဒ် လမ်း ပေါ်တွင် ကျော်ကြားသူများဖြင့် စည်ကားလှပခဲ့ဖူးသော ရူးစဗဲ့ ဟိုတယ်သည် ယခုအခါတွင်မူ အသံတိတ်ရုပ်ရှင်မင်းသားတယောက်ကဲ့သို့ ခေတ်မစားတော့ပေ။ ဟောင်းနွမ်းနေသော ကော်ဇောများက ပျက်စီးနေသည့် ကြွေပြားများကို ဖုံးအုပ်ထားပြီး ဟိုတယ်ဧည့်ခန်းမရှိ ပရိဘောဂများမှာလည်း ဖဲလာကစားရန် ပြင်ဆင် ပေးထားသည့် အလား ကြိုးကြာငှက်ကဲ့သို့ သေးသွယ်သော ခြေထောက်များပါသည့် စားပွဲများနှင့် ကုလားထိုင်များ ဖြစ်နေကြသည်။ 

 

ကျွန်တော်ကတော့ ဗိုက်ရွှဲ ရွှဲ အပြာ ရုပ်ရှင် ထုတ်လုပ်သူများက လိပ်ပြာပုံကော်လာများနှင့် အပြာနုရောင် အင်္ကျီများကို ဝတ်ဆင်ကာ ရတနာများ စီခြယ်ထားသည့် အမျိုးသမီး များလက်ကို ဆွဲကာ နှင့် ဟောလိဝုဒ်၏ ဆွဲဆောင်မှုအရှိန်အဝါ အကြွင်းအကျန်များကို မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

 

သို့သော် ဟိုတယ်တွင် အဝတ်အစား အလှပဆုံး ဝတ်ဆင်ထားသူများမှာ ဖန်တေစီယာ ကပွဲ ရှိရာ ခန်းမဆီသို့ ဦးတည်သွားနေကြသော ဘော်ကြယ်များ ထိုးထားသည့် ပိုလီယက်စတာ အင်္ကျီ များ နှင့် စတိုင်ထုတ်လာကြသည့် ကျွန်တော့် တို့ လူမျိုး များသာ ဖြစ်ပုံရသည်။ ဟိုတယ်ဧည့်သည်များဟု ယူဆရသော အခြား အားပေးသူများမှာမူ ကွက်ဆန်းရှပ်အင်္ကျီများ၊ သက်ကြီးရွယ်အို များ၏ ကျန်းမာရေး သုံး ရှူးဖိနပ်များကို ဝတ်ဆင်ထားကြပြီး မုတ်ဆိတ်မွေး ဗလပျစ် နှင့် အောက်ဆီဂျင်ဘူးကိုပါ တပါတည်း သယ်ဆောင်လာကြသည်။ ကျွန်တော်တို့သည် ဟောလိဝုဒ်၏ ခေတ်စားခဲ့သော အချိန်ကာလများသာမက အရာရာတိုင်းအတွက် အမြဲတမ်း နောက်ကျပြီးမှ ရောက်ရှိလာခဲ့ကြသူများ ဖြစ်ကြသည်။

 

သို့သော်လည်း ဟိုတယ်၏ နွေးထွေးကျဉ်းမြောင်းသော ဧည့်ခန်းမဆောင်အတွင်းတွင်မူ သက်ဝင်လှုပ်ရှား လန်းဆန်းလျက် ရှိ၏။ စီးပွားရေးလုပ်ငန်းရှင် အချို့က ဖန်တေစီယာ ပွဲတော် ကျင်းပရန် ထိုနေရာကို ငှားရမ်းထားကြခြင်းဖြစ်၍ ဒုက္ခသည်ဟူသော အငွေ့အသက် လုံးဝမရှိသည့် ခိုလှုံရာစခန်းတခု ဖြစ်လာခဲ့သည်။ အမျိုးသားများမှာ သေသပ်စွာ ချုပ်လုပ်ထားသည့် ဝတ်စုံဆန်းများကို ဝတ်ဆင်ထားကြပြီး အမျိုးသမီးများမှာလည်း ညနေခင်းဝတ်စုံရှည်ကြီးများဖြင့် ဆွဲဆောင်မှုရှိလှပေသည်။ 

 

အမေရိကန် လူလတ်တန်းစား အဖြစ် တက်လှမ်းရန် မျှော်မှန်းထားကြသော ကျွန်တော်တို့ လူများသည် တပတ်လျှင် အချိန်ပိုအပါအဝင် နာရီလေးဆယ် အလုပ်အကိုင်များကို ရရှိထားကြပြီးဖြစ်၍ ပိုမိုသက်တောင့်သက်သာ ရှိလာကြပြီး ပိုက်ဆံအိတ်ထဲ ငွေစအနည်းငယ် ဖောင်းပွလာသည်နှင့်အမျှ ယခုအခါ ဝိုင်အရက်နှင့် သီချင်းဂီတကို ရှာဖွေလာတတ် ကြပြီ ဖြစ်သည်။

 

ဘွန်နှင့် ကျွန် တော် သည် နောက်ဘက်ရှိ စားပွဲတခုတွင် ဝင်ထိုင်လိုက်ကြချိန်၌ ဘိုလိုရို ဂျာကင်အင်္ကျီ ဝတ်ဆင်ထားသော စွဲမက်ဖွယ် အဆိုတော်မလေးတဦးက ဖမ်ဒွိုင်း ၏ "အသဲကွဲ မြို့တော်" သီချင်းကို ရင်ကွဲမတတ် ခံစားချက်ပါးပါးဖြင့် ပရိသတ်ကို ဖျော်ဖြေဧည့်ခံနေသည်။ ပြည်ပသို့ စွန့်ခွာလာကြသူ အားလုံး၏ ရင်ထဲတွင် မကင်းကွာနိုင်ဘဲ ပါလာသည့် ထိုဝမ်းနည်းဖွယ် မြို့တော်အကြောင်းကို သီဆိုခြင်းထက် အခြား သင့်တော်သော သီချင်းမျိုး ရှိပါသေးသလော။ 

 

အချစ်ပြီးလျှင် ဝမ်းနည်းမှုသည် ကျွန်ုပ်တို့၏ ဂီတကဗျာ ဂိုဒေါင်ထဲမှ အများဆုံး ထုတ်ယူ သုံးစွဲ ခဲ့ကြသည့် နာမ်စကားလုံး မဟုတ်ပါလော။ ကျွန် တော် တို့သည် ဝမ်းနည်းမှုကို တသသ မြတ်နိုးတပ်မက် နေကြခြင်းလော၊ သို့မဟုတ် အတင်းအကျပ် ကျွေးမွေးခံရသည့် ဒုက္ခကိုပင် မြိန်ရှက်စွာ ခံစားတတ်အောင် သင်ယူလေ့ကျင့်ခဲ့ကြရခြင်းလော။

 

ဤမေးခွန်းများအတွက် အယ်ဘတ် ကမူး သို့မဟုတ် ကော့ညက်အရက် တမျိုးမျိုး လိုအပ်ပေသည်။ ကမူးကို မရနိုင်သည့်အတွက် ကျွန်‌ တော် သည် ကော့ညက်အရက်ကိုသာ မှာယူလိုက်တော့သည်။