The Prisoner in His Palace (1)

by Hla Soewai - Oct 19 2026

၂၀၀၆ ခုနှစ် နွေရာသီအတွင်း အမေရိကန် စစ်သည် ၁၂ ဦသည် မကြာမီ အတော အတွင်း ပြစ်ဒဏ် စီရင်ခံရတော့မည့် ဆက်ဒမ် ဟူစိန်းအား စောင့်ကြပ်ကြည့်ရှုရမည့် တာဝန်ကို ပေးအပ် ခံခဲ့ရသည်။

 

၎င်းတို့သည် "အထူးအရေးပါသော အကျဉ်းသား" နှင့်အတူ ယှဉ်တွဲနေထိုင်ရင်း၊ ပြုစုစောင့်ရှောက်ပေးရင်း၊ တရားခွင်သို့ ပုံမှန်လိုက်ပါပို့ဆောင်ပေးရင်း မှ တရားဥပဒေရေးရာ လုပ်ငန်းစဉ်များ၊ ဆက်ဒမ် ၏ စရိုက်လက္ခဏာနှင့် ခေတ်သစ်စစ်ပွဲ၏ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံအယူအဆအချို့ကို စတင်မေးခွန်းထုတ်လာကြတော့သည်။ 

 

တချိန်က ကြောက်ရွံ့ခဲ့ရသော အာဏာရှင်ကြီးနှင့် လူငယ်စစ်သည်များ အကြား စကားဝိုင်းများသည် မဖော်ပြနိုင်လောက်အောင် ကြီးမားလှသည့် ရာဇဝတ်မှုများအတွက် ဆက်ဒမ် တွင် တာဝန်ရှိကြောင်းကို အနည်းငယ်မျှပင် သံသယ မဝင်ခဲ့ကြသော်လည်း၊ မီဒီယာများက ပုံဖော်ထားသည်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဆက်ဒမ်၏ သဘာဝလွန် အတွေး အခေါ် များကိုမူ ၎င်းတို့ တွေ့ရှိခဲ့ကြရသည်။

 

အမေရိကန် အစောင့် စစ်သည်များ၊ အစိုးရအရာရှိများ၊ စစ်ဆေးမေးမြန်းသူများ၊ ပညာရှင်များ၊ သူလျှိုများ၊ ရှေ့နေများ၊ မိသားစုဝင်များနှင့် ဘေးဒုက္ခများ ကိုယ် တွေ့ ကြုံခဲ့ရသူများ၏ ပြောပြချက်များကို စုစည်း ရေးသားထားသော စာအုပ်တွင် လူတဦးတည်း၌ ဆက်ဒမ် နှစ်ဦး ဒွန်တွဲတည်ရှိနေပုံကို သိလာခဲ့ရသည်။ 

 

ထိုနှစ်ဦးမှာ ညှင်းပန်းနှိပ်စက်မှုနှင့် လူသတ်မှုကို ဖိနှိပ် အုပ်ချုပ် ရေး ကိရိယာ သဖွယ် သုံးစွဲခဲ့သော အာဏာရှင်တဦးနှင့်၊ ကျ ရောက် လာတော့မည့် သေခြင်းတရား ရှေ့မှောက်တွင် မျှော်လင့်မထားသော သံယောဇဉ်၊ ဂုဏ် သိက္ခာနှင့် သတ္တိတို့ကို ပြသ နိုင်ခဲ့သည့် အကျဉ်းသားတဦးတို့ပင် ဖြစ်သည်။

 

တချိန်က တစ်နိုင်ငံလုံး ဖိန့်ဖိန့်တုံ အောင် ကြောက်ခဲ့ရသည့် အာဏာရှင်ကြီးသည် နောက်ဆုံးတွင် အမေရိကန် စစ်သည်‌ ငယ် လေးများ၏ လက်ထဲ၌ ခေတ္တခိုလှုံရပြီး၊ တရားခွင်နှင့် ကြိုးစင်သို့ သွားရသည့် ဘဝသို့ ရောက်ရှိသွားပုံက အာဏာ၏ မမြဲသော သဘောကို ပေါ်လွင်စေသည်။

 

"စစ်ပွဲဆိုတာ ဘာလဲ"၊ "ရန်သူဆိုတာ ဘယ်လိုလူမျိုးလဲ" နှင့် "တရားမျှတမှု ဆိုတာ ဘာလဲ" ဆိုသည့် မေးခွန်းများကို စာဖတ်သူများ အလိုလို စဉ်းစားမိစေရန် ဦးတည်ပေးနိုင်ခဲ့သည့် စာအုပ်လည်း ဖြစ်ပေသည်။

 

စစ်ပွဲနှင့် သမိုင်းကြောင်းကို စိတ်ဝင်စားသူများသာမက၊ လူ့သဘာဝနှင့် စိတ်ပညာကို လေ့လာလိုသူများပါ မဖြစ်မနေ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတအုပ် ဖြစ်သည်။ 

 

ဆက်ဒမ် ဟူစိန်ဆိုသည့် သမိုင်းတွင် နာမည်ဆိုး တင်ကျန်ခဲ့သည့် ပုဂ္ဂိုလ်ကြီး၏ လူသိနည်းသော နောက်ဆုံးနေ့ရက်များကို အနီးကပ် သိရှိ ရမည်ဖြစ်သလို၊ အမှောင်နှင့် အလင်း ဒွန်တွဲနေသည့် လူ့သဘာဝကိုပါ ထင်ဟပ်စေသည့် စာအုပ်တအုပ် လည်း ဖြစ်သည်။

 

စာရေးသူ က အဖွင့် စာမျက်နှာတွင် အန်းနက်စ် ဟဲမင်းဝေး၏ "The Old Man and the Sea" စာအုပ်ပါ အပိုဒ် တပိုဒ် ကို ကိုးကား ထားခဲ့သည်။

 

"ထိုနေ့ မွန်းလွဲပိုင်း၌ ကမ်းခြေစားသောက်ဆိုင် တွင် ကမ္ဘာလှည့်ခရီးသည်တစု ရှိနေသည်။ အပြင်ဘက်တွင်တော့ အရှေ့လေက ပင်လယ်လှိုင်းတံပိုးကြီးများကို တရစပ် သယ် ဆောင် ပေးလာနေစဉ်၊ ခရီးသည် အမျိုးသမီးတဦးသည် ရေပြင်အောက်ရှိ ဘီယာဗူးခွံများနှင့် သေဆုံးနေသော ဘာရာကူဒါ ငါးများအကြားသို့ ငုံ့ကြည့်လိုက်မိသည်။ 

 

ထိုအခါ ရေစီးနှင့်အတူ တက်လိုက်ကျလိုက်ဖြစ်နေသော လှိုင်းလုံးကြီး အဆုံးတွင် ကြီးမားလှသည့် ငါးမြီးပါသည့် ရှည်လျားဖြူဖွေးသော ကျောရိုးကြီးတခုကို သူမ မြင်တွေ့လိုက်ရသည်။

 

"ဒါက ဘာလဲဟင်" ဟု သူမက စားပွဲထိုးကို မေးရင်း၊ ယခုအခါ ဒီရေနှင့် အတူ မျောပါသွားရန် စောင့်ဆိုင်းနေသော အမှိုက်သရိုက်မျှသာ ဖြစ်နေသည့် ငါးကြီး၏ ကျောရိုးရှည်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။"

 

မကောင်းမှုနှင့် အာဏာ၏ အဓိပ္ပာယ်ကို တိုတိုနှင့် ထိထိရောက်ရောက် သုံးသပ်ပြထား သည့် ထိုစာအုပ်ကို ကျွန်တော် ရေးသား တင်ပြသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။