Every Man dies alone (1)

by Hla Soewai - Oct 19 2026

အခန်း (၁)

 

#သတင်းဆိုး

 

စာပို့ အမျိုးသမီး အီးဗာ ကလူဂဲ သည် ယာဘလွန်စကီးလမ်း အမှတ် ၅၅ ရှိ လှေကားထစ်များကို တဖြေးဖြေးချင်း တက်လာခဲ့သည်။ အိမ်ပေါင်းများစွာ လှည့်လည်ဝေငှရသဖြင့် သူမ ပင်ပန်းနေပြီဖြစ်သော်လည်း ပို၍ဆိုးသည်က ဖြစ် နိုင်လျင် လုံးဝ ပို့ချင်စိတ်မရှိလှသော စာတစောင် သည် ဒုတိယထပ်တွင် နေထိုင်ကြသည့် ကွန်ဂယ်မိသားစုထံသို ပို့ရန် ပါလာခြင်းကြောင့်ပင် ဖြစ်သည်။

 

ထိုအိမ်၏ အောက်ထပ် ရှိ ပါစစ်ကီး မိသားစုအတွက် ပါတီ၏ လက်ကမ်းစာစောင်တခုကို အရင် ပေးရဦးမည်။ ပါစစ်ကီးက မည်သည့် နိုင်ငံရေးတာဝန်ခံရာထူးကို ရယူထားသည်မသိ၊ အီးဗာ ကလူဂဲတယောက် ရာထူးအ ခေါ် အဝေါ်များက အမြဲတမ်း မှားယွင်းတတ်သည်။ မည်သို့ပင်ဆိုစေကာမူ ပါစစ်ကီးတို့အိမ်ရှေ့သို့ ရောက်လျှင် "ဟိုင်း ဟစ်တလာ" ဟု နှုတ်ဆက်ရန်နှင့် မိမိ၏ ပြောစကား နှင့် မျက်နှာပေးကို ဆင်ခြင်ရန် သူမ သတိထား ရဦးမည် ဖြစ်သည်။

 

အမှန်စင်စစ်တွင်လည်း သူမသည် ဤကဲ့သို့ အမြဲသတိထားနေရသူပင်တည်း။ အီးဗာ ကလူဂဲတွင် သူမ၏ ခံယူချက်အတိုင်း ရင်ဖွင့်ပြောဆိုနိုင်မည့်သူ အလွန်တရာ နည်းပါးလှသည်။ သူမသည် နိုင်ငံရေးသမားကြီး တယောက်တော့ မဟုတ်၊ ရိုးရိုးရှင်းရှင်း မိန်းမတယောက်သာ ဖြစ်သည်။ သို့သော် မိန်းမသားတယောက်အနေဖြင့်မူ ကိုယ့်သားသမီးများကို ပစ်သတ်ခံရစေရန်အတွက် ကမ္ဘာလောကကြီးထဲသို့ ခေါ်မလာသင့်ကြောင်းတော့ သူမ ခံယူထားသည်။

 

ထို့ပြင် ယောက်ျားတယောက် မရှိသော အိမ်ထောင်ဟူသည်မှာလည်း အနှစ်သာရ မရှိလှပေ။ လက်ရှိတွင်မူ သူမ၌ ဘာမှမရှိတော့— သားနှစ်ယောက်လည်း မရှိ၊ ယောက်ျားလည်း မရှိ၊ သင့်တင့်လျောက်ပတ်သော အိမ်ကလေးတလုံးပင် မရှိတော့။ ထို့ကြောင့် သူမသည် ပါးစပ်ကို ပိတ်ထားရပြီး စစ်မြေပြင်မှ ရောက်လာသော၊ လက်ရေးဖြင့်မဟုတ်ဘဲ လက်နှိပ်စက်ဖြင့် ရိုက်ကာ တပ်ရင်းဦးစီးအရာရှိ လက်မှတ်ရေးထိုးထားသည့် ကြေကွဲဖွယ်စာများကို ဆက်လက် ပို့ဆောင်ပေးနေရလေတော့သည်။

 

သူမက ပါစစ်ကီ တို့ အခန်း ရှေ့ရှိ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်ပြီး “ဟေးလ် ဟစ်တလာ!” လို့ နှုတ်ဆက်ကာ အမြဲလို အရက်မူးနေတတ်သည့် အဘိုးကြီးလက်ထဲ သူ့ရဲ့ စာကို ထည့်ပေးလိုက်သည်။ အဘိုးကြီး၏ အင်္ကျီရင်ဘတ်တွင် နာဇီပါတီ တံဆိပ် ကို တပ်ထားပြီး—

 

“ကဲ… ဘာသတင်းထူးလဲ” ဟု သူမ အား မေးသည်။

 

သူမက “သတင်းထုတ်ပြန်ချက်ကို မကြားဘူးလား။ ပြင်သစ် တွေ လက်နက်ချလိုက်ပြီ။” လေ။

 

ပါစစ်ကီးက ထို အဖြေ လောက်နှင့် မကျေနပ်။

 

“အဲဒါကိုတော့ ကျုပ်သိပြီးသားပါ။ ဒါပေမဲ့ ခင်ဗျား ပြောပုံက အားမရ လိုက်တာဗျာ။ နည်းနည်း တော့စိတ်ပါလက်ပါ ပြောစမ်းပါ!”

 

“ရေဒီယိုမရှိတဲ့လူတွေအားလုံးကို သတင်းပြောပြပြီး၊ ကျန်နေ သေး တဲ့ သူတွေကို သဘောပေါက် လာအောင် ပြောပေးရမှာက ခင်ဗျား တို့အလုပ်ပဲ။ ဒုတိယ အကြိမ် လျပ်တပြက် စစ်ဆင်ရေးလည်း အောင်မြင်ပြီးသွားပြီ။ အခု အင်္ဂလန်အလှည့်ပဲ! နောက်ထပ် သုံးလအတွင်းဆို အင်္ဂလိပ်စစ်သားတွေ—တော်မီတွေ—အဆုံးသတ်သွားလိမ့်မယ်။ အဲဒီနောက်ကျရင်တော့ ဖျူးရားက ကျုပ်တို့အတွက် ဘာတွေစီစဉ်ထားသလဲဆိုတာ ကြည့်ကြတာပေါ့။”

 

“အဲဒီအခါ သွေး မြေကြ ရမယ့်အလှည့်က တခြားသူတွေရဲ့အလှည့် ဖြစ်လာမယ်၊ ကျုပ်တို့ကတော့ ကမ္ဘာကို အုပ်စိုးမယ့်သူတွေ ဖြစ်လာမယ်။”

 

“လာပါ၊ အထဲဝင်ပြီး ကျုပ်တို့နဲ့ ရှနပ်စ် တခွက် သောက်သွားပါဦး။”

 

“အမာလီ၊ အဲရ်နာ၊ အော်ဂတ်စ်၊ အဒေါ့ဖ်၊ ဘယ်လ်ဒါ—ဒီကို လာကြစမ်း!”

 

“ဒီနေ့တော့ ကျုပ်တို့ အောင်ပွဲခံကြမယ်။ အလုပ်မလုပ်ဘူး။ သတင်းကောင်းအတွက် ခွက်မြှောက်ပြီး သောက်ကြမယ်။”

 

“ပြီးတော့ နေ့လယ်ပိုင်းကျရင် လေးထပ်က ဂျူးအမျိုးသမီးကြီးဆီ သွားကြမယ်။ သူက ကျုပ်တို့ကို ကော်ဖီ၊ ကိတ်မုန့် တွေ ထုတ်မကျွေးဘဲ နေနိုင်မလားဆိုတာ ကြည့်ကြရ သေးတာပေါ့!”

 

“ကျုပ်ပြောမယ်—အဲဒီမိန်းမကြီး အတွက်တော့ အခုနောက်ပိုင်း ဘာမှ သနား နေစရာ မလိုတော့ဘူး!”

 

ဘီယာသောက်ရင်း ပိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေသည့် ပါစစ်ကီးကို သူ့အိမ်သားများ နှင့် ထားခဲ့ရင်း အီးဗာ ကလူဂဲသည် အပေါ်ထပ်ကို တက်လာပြီး ကွန်ဂဲမိသားစု နေသည့် တိုက်ခန်း ခေါင်းလောင်းကို နှိပ်လိုက်သည်။ သူမက စာကို လက်ထဲ ထည့် ပြီးသည်နှင့် ချက်ချင်း လှည့်ထွက်ဖို့ အဆင်သင့် ပြင်ထားသည်။ 

 

ကံကောင်းသည်က တံခါးကို ဖွင့်လာသူက တွေ့နေကျ အမျိုးသမီး မဟုတ်၊—ထို အမျိုးသမီးက များသောအားဖြင့် စကား နှစ်ခွန်း သုံးခွန်း တော့ ပြောတတ်သည်၊ အခု တံခါး လာဖွင့်သူက မျက်နှာကြမ်းကြမ်း၊ ငှက်မျက်နှာလို၊ ပါးစပ်ပါးပါး၊ အေးစက်စက် မျက်လုံးများ နှင့် အမျိုးသား ဖြစ်သည်။ သူက စကား တခွန်းမှ မပြောဘဲ စာကို လှမ်းယူပြီး သူမအား သတိထားရမည့် ကလေကချေ အလား တံခါးကို သူမ၏ မျက်နှာနှင့် ထိမတတ် ပြန် တွန်းပိတ်လိုက်သည်။ 

 

အီးဗာ ကလူဂဲသည် အချို့လူများကမူ ဒီလိုပါပဲ သဘောဖြင့် ပုခုံးကို တွန့်လိုက်ပြီး လှေကားအတိုင်း အောက်သို့ ပြန်ဆင်းလာခဲ့သည်။ ။ ယာဘလွန်စကီးလမ်းတွင် စာစတင်ပို့ခဲ့သည့် အချိန်မှစ၍ ထိုအိမ်ရှင်ယောက်ျားသည် သူမအား စကားတခွန်းမျှပင် ယခုထက်ထိ ဆက်ဆံပြောဆိုခြင်း မရှိသေးပေ။

 

မည်သို့ပင်ဖြစ်စေ၊ သူမအနေဖြင့် သူ့ကို ပြောင်းလဲလာ‌ အောင်လည်း မစွမ်းဆောင်နိုင်ခဲ့ပေ။ သူမကိုယ်တိုင် လက်ထပ်ထားသည့် ယောက်ျားကိုပင် မပြောင်းလဲနိုင်ခဲ့ — ထိုယောက်ျားသည် အရက်ဆိုင်တွင်ထိုင်ကာ မြင်း လောင်းပြီး အိတ်ကပ်ထဲ ပိုက်ဆံပြတ်မှသာ အိမ်သို့ ပြန်လာတတ်သူ ဖြစ်ပေသည်။

 

ပါစစ်ကီးတို့အိမ်တွင်မူ အိမ်တံခါးကို ပြန်မပိတ်သေး သဖြင့် ခွက်ချင်းတိုက်သံများနှင့် ဆူညံပျော်ရွှင်နေကြသည့် အသံများကို ကြားနေရသည်။ အီ‌ဗားသည် တံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်ပေး လိုက်ပြီး အောက်ထပ်သို့ ဆက်ဆင်းလာခဲ့သည်။

 

ပြင်သစ်ကို အမြန်ဆုံး အနိုင်ယူလိုက်နိုင်ခြင်းသည် စစ်ပွဲပြီးဆုံးမည့်အချိန်ကို ပိုမိုနီးကပ်လာစေမည်ဖြစ်သောကြောင့် ဤအချက်သည် ကောင်းသောသတင်း ဖြစ်နိုင်သည်ဟု သူမ တွေးမိသည်။ ထိုသို့ဆိုလျှင် သူမ၏ သားနှစ်ယောက်လည်း ပြန်ရောက်လာမည် မဟုတ်ပါလော။ 

 

တခုတည်းသော စိတ်အနှောင့်အယှက်ဖြစ်စရာ က ပါစစ်ကီးကဲ့သို့သော လူစားမျိုးများ အသာစီးရလာတော့မည့် အချက်ပင်တည်း။ ထိုကဲ့သို့သော လူမျိုးများကို အရှင်သခင်များသဖွယ် သဘောထားကာ မိမိ၏ အပြောအဆို အပြုအမူများကို အမြဲတမ်း ဆင်ခြင်နေရမည်ဆိုခြင်းမှာ သူမ အနေဖြင့် လုံးဝ မှန်ကန်သင့်လျော်သည်ဟု မထင်မိပေ။

 

သူမသည် ခုနက စစ်မြေပြင်မှလာသော စာကိုပေးခဲ့ရသည့် ငှက်လို မျက်နှာနှင့် လူကို ခေါင်းထဲ ပေါ်လာပြန်၍ လွန်ခဲ့သောနှစ်ပတ်က ခင်ပွန်းဖြစ်သူကို ဂက်စတာပို လျှို့ဝှက် စစ်ပုလိပ်များ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် စတုတ္ထထပ်ရှိ အဘွားအို ရိုဆင်သယ် ကိုလည်း သတိရမိသည်။ ထိုကဲ့သို့သော လူမျိုးကို မူ အမှန်ပင် သနားမိသည်။ ရိုဆင်သယ်တို့ လင်မယားသည် ပရန်ဇလာဝါ အယ်လီ တွင် အထည်အလိပ်ဆိုင် ခပ်‌ သေးသေး လေးတခု ကို ပိုင်ဆိုင်ခဲ့ကြဖူး‌ သော်လည်း ယခုအခါ အာရိယန်လူမျိုးပိုင်ဆိုကာ အသိမ်း ခံလိုက်ရပြီ ဖြစ်သည်။

 

ယခုမူ အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီဖြစ်သည့် ပိုင်ရှင် အဘိုးအိုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်၊ သူတို့ နှစ်ဦးစလုံး မည်သူ့ကိုမျှ ဘာဒုက္ခမှ ပေးခဲ့ကြသူ များမဟုတ်ပေ။ ကလေးငယ်များအတွက် အဝတ်အစားသစ်များ ဝယ်ယူရန် ငွေကြေးမတတ်နိုင်သည့် အီးဗာ ကလူဂဲအတွက်ပင် သူတို့သည် အကြွေး ဖြင့် အမြဲ ရောင်းချပေးခဲ့ဖူးသည်။ ၎င်းတို့ရောင်းချသည့် ကုန်ပစ္စည်းများသည်လည်း အခြားနေရာများထက် ဈေးကြီးခြင်း သို့မဟုတ် အရည်အသွေး ညံ့ခြင်း လုံးဝ မရှိခဲ့ပေ။

 

ရိုဆင်သယ်ကဲ့သို့သော လူတဦးသည် ဂျူးလူမျိုးဖြစ်ရုံမျှဖြင့် ပါစစ်ကီးတို့ထက် ပို၍ မကောင်းဆိုးဝါးနိုင်လိမ့်မည်ဟူ သော အယူအဆကို အီးဗာ ကလူဂဲ လုံးဝ နားမလည်နိုင်ပေ။ ယခုအခါတွင်မူ ထိုအဘွားအိုသည် အိမ်ခန်းထဲတွင် တယောက်တည်း နေ နေရပြီး အပြင်ပင် မထွက်ဝန့် ရှာတော့ပေ။ 

 

ညရောက်မှသာ သူမသည် ဂျုး ဖြစ် ကြောင်း အမှတ်တံဆိပ် ဖြစ်သည့် အဝါရောင် ကြယ်ပွင့် ကို တပ်လျက် ဈေးဝယ်ထွက်ရရှာသည်၊ သူမလည်း ဗိုက်ဆာနေရှာမည်မှာ သေချာပေသည်။

 

ပြင်သစ်ကို ဆယ်ကြိမ်မက အနိုင်ယူနိုင်ခဲ့သည် ဆိုစေဦး ဤနေရာ အိမ်တွင်းအိမ်ပြင်တွင် တရားမျှတမှု ရှိလာမည်လည်း မဟုတ်ဟု… ဟု အီးဗာ ကလူဂဲ တွေးတောရင်း ပို့စရာ ရှိသည့် စာများကို ဆက်ပို့ ပေးနေခဲ့သည်။

 

ထိုအချိန်တွင် ဆိုင်ပိုင်ရှင်လည်းဖြစ်၊ စက်ရုံ မှ ကြီးကြပ် ရေး မှုး လည်းဖြစ်သည့် အိုတို ကွန်ဂဲ သည် ကလူးဂဲ ပေးလိုက်သည့် စစ်မြေပြင်မှလာသော စာကို ဧည့်ခန်းရှိရာသို့ ယူလာပြီး အပ်ချုပ်စက်ကို မှီ၍ ထောင်တင်ထားလိုက်သည်။ 

 

"ကဲ ဒီမှာစာ!" ဟု သာ ပြောလိုက်ပြီး ဘာစကားမျှ မ ပြောတော့။ တဦးတည်းသော သားဖြစ်သူ အိုတိုအပေါ် ဇနီး ဖြစ်သူ ၏ မေတ္တာကြီးမားပုံကို သိရှိထားသည်ဖြစ်၍ သူသည် စာများကို သူမ အရင်ဦးဆုံး ဖတ်နိုင်ရန် အမြဲလို ဖွင့်မ‌ ဖေါက်ပဲ ချန်ထားပေးလေ့ရှိသည်။

 

ယခုအခါတွင်မူ သူသည် ပါးလွှာသော အောက်နှုတ်ခမ်းကို ကိုက်ရင်း၊ ဇနီး ဖြစ်သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်သည့် အပြုံးတခု ထွက်ပေါ်လာလိမ့်နိုး မျှော်လင့်လျက် သူမရှေ့တွင် မတ်တပ်ရပ်နေ၏။ သူ၏ ပင်ကိုယ် စရိုက်က တည်ငြိမ် အေးဆေးပြီး စိတ်ခံစားမှု ကို အမူအရာ နှင့် ထုတ်ဖေါ် မပြတတ်သော်လည်း သူသည် ဤအမျိုးသမီးကို အလွန်တရာ ချစ်မြတ်နိုးသူ ဖြစ်သည်။

 

သူမသည် စာအိတ်ကို ဆွဲဖြဲလိုက်ပြီး ခဏတာမျှ သူမ၏ မျက်နှာပေါ်တွင် ပြုံး မယောင်‌ ဖြစ်သွားသော်လည်း, လက်နှိပ်စက်ဖြင့် ရိုက်ထားသော စာသားများကို မြင်လိုက်ရသည့်အခါ ထိုအပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ 

 

သူမ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် တင်းမာလာပြီး, စာကို ဆက်ဖတ်ရမည် ကို ကြောက်ရွံ့နေသကဲ့သို့ ဖြည်းဖြည်းချင်း ဖတ် နေသည်။

 

အော်တိုသည် ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲမှ လက်များကို ထုတ်လိုက်သည်။ တခုခု တော့ ဆိုးဆိုးရွားရွား ဖြစ်ပျက်ခဲ့ပြီဆိုသည်ကို ရိပ်စားမိလိုက်သဖြင့် သူသည် အောက်နှုတ်ခမ်းကို တင်းတင်းပင် ကိုက်ထားလိုက်လေတော့သည်။

 

ဧည့်ခန်းထဲတွင်မူ အပ်ကျသံ ကြားရ လောက် အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ထို့နောက်တွင်တော့ ဇနီးဖြစ်သူထံမှ အသက်ကို ပါးစပ်ဖြင့် အားစိုက်၍ ရှူနေရပုံ မျိူး တဆတ်ဆတ် တုန်ရီ လာရင်း "ဟင်း" ကနဲ ဟူ သော အသံမျိုး ကြားလိုက်ရသည်။