အာဏာရှင်ကို သွေးဆောင်မှု နှင့် အတူ ဖြစ်ပျက်လာနေသော ထရမ့်၏ မူဝါဒ

by Hla Soewai - Oct 26 2026

မာကို ရူးဘီယို သည် မြန်မာတွင် ရိုဟင်ဂျာများ အပေါ် ကျုးလွန်ခဲ့သည့် "လူမျိုးစုလိုက် ရှင်းလင်းရေး" ကို အမေရိကန်အနေနှင့် တတ်နိုင်သမျှ တားဆီးသွားမည်ဟု တချိန်က ပြတ်ပြတ်သားသား ပြောခဲ့ဖူးသူ ဖြစ်သည်။ ၂၀၁၇ တွင် အခြား အမေရိကန် ဆီးနိတ်အမတ် ၂၀ နဲ့အတူ လက်မှတ်ရေးထိုး ပေးပို့ခဲ့သည့် စာတွင် ရူဘီယိုက "လူ့အခွင့်အရေး ချိုးဖောက်မှုများအား အကြီးအကျယ် ကျူးလွန်နေကြသည့် မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများကို ထိရောက်စွာ ဘက်ပေါင်းစုံ ပိတ်ဆို့ပြီး၊ ထိုရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသူများကို ဥပဒေအရ အရေးယူ အပြစ်ပေးရမည်ဟုလည်း" ထရမ့်ကို တောင်းဆိုခဲ့ဖူး ပေသည်။ 

 

ထိုနှစ်နောက်ပိုင်းမှစ၍ မြန်မာစစ်တပ်၏ ပြစ်မှုကျူးလွန်မှုများမှာ ပိုမိုတိုးပွားလာခဲ့ရုံသာ ရှိခဲ့သည်။ ထိုစဉ်က ရိုဟင်ဂျာများအပေါ် ပြုလုပ်ခဲ့သည့် "လူမျိုးစုလိုက် ရှင်းလင်းရေး" ဟု သတ်မှတ်ခဲ့သောအရာကို ယခုအခါ အမေရိကန်ပြည်ထောင်စု အပါအဝင် အများက "လူမျိုးတုန်း သတ်ဖြတ်မှု" အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပြီဖြစ်သည်။ 

 

မြန်မာနိုင်ငံတွင် အညှောင့်ထွက်လာ‌ သော ဒီမိုကရေစီနည်းလမ်းသည်လည်း ၂၀၂၁ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးပြီး၊ သူမ၏ပါတီ အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲရလဒ် ကို ပယ်ဖျက်ကာ အပြည့်အဝ အာဏာသိမ်းယူလိုက်ခြင်းတို့ကြောင့် လုံးဝဥဿုံ ပျက်စီးသွားခဲ့ရသည်။

 

ဤသို့ဖြင့် မင်း‌ အောင်လှိုင်သည် ပြည်တွင်းစစ်ကို စတင်မီးမွှေးပေးလိုက်သည်။ လူပေါင်း ၅ သန်းကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့သည့် အဆိုပါ ပြည်တွင်း စစ်ကြီး အတွင်း လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် လူပေါင်း ၁၆ သန်းသည် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ယင်းသည် ၎င်း၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာရသော အကြီးမားဆုံး ဘေးဒုက္ခ ကပ်ဆိုးကြီးလည်း ဖြစ်ပေသည်။

 

ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ၌ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး လူမျိုးတုန်း သတ်ဖြတ်မှုအတွက် အဓိက တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ဖြစ်သူဟု ရူဘီယို၏ စာထဲတွင် ပစ်မှတ်ထားခံရသူ မင်းအောင်လှိုင်သည် သမ္မတ ဖြစ်လာခဲ့သည်။

 

သို့သော် ယခုအခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည့် ရူးဘီယိုသည် မင်းအောင်လှိုင်အား တရားစွဲဆို အရေးယူသင့်သည်ဟု မယုံကြည်တော့ပေ။ ထိုအစား သူ့ကို မဟာမိတ်တဦးအဖြစ် လက်ခံချင်နေသည်။

 

 ယခုလအတွင်း ထရမ့်အစိုးရအဖွဲ့သည် အနောက်နိုင်ငံများ ဆယ်စုနှစ်နီးပါး တညီတညွတ်တည်း ကျင့်သုံးခဲ့သော သမိုင်းဝင်မူဝါဒ ကို မှောက်လှန် ပစ်လိုက်ပြီး မြန်မာစစ်အုပ်စု နှင့် တိုက်ရိုက် ဆွေးနွေးမှုများ စတင်ရန် ဆုံးဖြတ်ခဲ့သည်။ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးနိုင်သည့် အလားအလာများကိုပင် ယခုအခါ ဆွေးနွေးလျက်ရှိသည်။ အဆိုပါ လုပ်ဆောင်ချက်သည် အခြားအနောက်နိုင်ငံများကို အံ့အားသင့်သွားစေခဲ့ပြီး မည်သည့်နိုင်ငံကိုမျှ ကြိုတင်သတိပေးထားခဲ့ခြင်းလည်း မရှိသည်ကို တွေ့ရသည်။

 

ထို ဖြစ်ရပ်များ နောက်ကွယ်တွင် MAGA တဦး ရှိနေသည်။ ထိုပုဂ္ဂိုလ်သည် ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ရုရှားနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးမှုကို ဟန့်တားနှောင့်ယှက်မှု၊ သက်သေများကို ခြိမ်းခြောက် သြဇာ ပြ မှုနှင့် လွှတ်တော်ကို မဟုတ်မမှန် လိမ်လည်ပြောဆိုမှုတို့ဖြင့် ၂၀၁၉ ခုနှစ်တွင် ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရသူ ဒေါ်နယ်ထရမ့်၏ မဟာမိတ် ရော်ဂျာ စတုန်းပင် ဖြစ်သည်။

 

ထရမ့်က ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည့်အတွက် ထောင်ဒဏ်မှ လွတ်မြောက်လာခဲ့သော စတုန်းသည် "မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန်" ကူညီပေးရင်း မြန်မာစစ်အုပ်စု အတွက် လော်ဘီ အဖြစ် မကြာသေးမီက စတင်လုပ်ကိုင်လာခဲ့သည်။

 

၎င်း၏ စွမ်းဆောင်ချက်များက အလုပ်လာပုံရသည်။ ယခုလအစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် သည် နေပြည်တော်သို့ ရောက်လာခဲ့သည်။ ထိုခရီးစဉ်မှာ အမေရိကန်နိုင်ငံသားတဦး လွတ်မြောက်ရေးအတွက်ဟု သိရသော်လည်း ဗန့်စ်သည် စစ်ဗိုလ်ချုပ်များနှင့်လည်း ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်မှာ စစ်အုပ်စုအား ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရန် သို့မဟုတ် ရက်စက်စွာ ဆင်နွှဲနေသည့် စစ်ပွဲကို ရပ်တန့်ရန် စည်းရုံးသွေးဆောင်ဖို့ မဟုတ်ပေ။ ထိုအစား မြန်မာနိုင်ငံ၏ ရှားပါးမြေရှားသတ္တုများကို အမေရိကန် ရယူသုံးစွဲခွင့်ရရှိရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ပုံရသည်။

 

တရုတ်သည် ကမ္ဘာ့မြေရှားသတ္တုတွင်း အများစုနှင့် သန့်စင်ပြုပြင်သည့် လုပ်ငန်းစဉ်များ၏ လုံးဝနီးပါးကို ထိန်းချုပ်ထားသည့်အတွက် အမေရိကန် နှင့် ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။ မြန်မာတွင်သာမက ယူကရိန်း နှင့် ကွန်ဂို တွင်လည်း ၎င်း၏ အမေရိကန် ဦးစားပေး လုပ်ရပ်ကြောင့် အခြေအနေများ တဖက်စောင်းနင်း ဖြစ်ကုန်သည်။

 

ထရမ့်သည် မြန်မာရှိ ရှားပါးမြေသား သတ္တုတွင်းပေါင်း ၆၀၀ ကျော်ကို မျက်စိကျလာပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် တရားဝင်အစိုးရဖြစ်လာစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည့် အချိန်မျိုးတွင် ဗန့်စ်၏ ခရီးစဉ်က ၎င်း တို့ဝါဒဖြန့်ချိနိုင်ဖို့ လက်ဆောင်ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ဝမ်းနည်းစရာကောင်းသည်မှာ အမေရိကန် တနိုင်ငံတည်း စစ်ဗိုလ်ချုပ်များအား မဟာမိတ်အဖြစ် ပြန်လည် လက်ကမ်းလာခြင်း မဟုတ်ပေ။ ယခုလအတွင်း မင်းအောင်လှိုင်၏ အုပ်စု ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ဖူးသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဖိတ်ခေါ်ခဲ့ပြီး မြန်မာအား အာဆီယံ မှ ပြန်လည်ကြိုဆိုရန် ကြိုးပမ်း ပေးမည်ဟု ပင် ကတိပြုခဲ့သည်။ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်များကိုလည်း လျာထား လာခဲ့ပြီး ဖိလစ်ပိုင်သည်လည်း ဆက်ဆံရေးများ ပုံမှန်ပြန်ဖြစ်လာသည်ကို မြင်တွေ့လိုကြောင်း ပြသခဲ့သည်။

 

မြန်မာ ပြည်သူ များ အတွက်မူ ကာလရှည်ကြာဆိုးရွားလှသည့် အိပ်မက်ဆိုးကြီး နှင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။ အပတ်တိုင်းလိုလို အသစ် အသစ် သော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လာနေပြီး ငြိမ်းချမ်း၍ ဒီမိုကရေစီ ထွန်းကားလာမည့် မြန်မာနိုင်ငံဖြစ်လာရေး မျှော်လင့်ချက်မှာလည်း ဝေးကွာထက် ဝေးကွာသွားခဲ့ရပြီဖြစ်သည်။

 

မြန်မာတို့ အတွက် ထိုအိမ်မက်ဆိုးကြီးမှ နိုးထ လာနိုင်ရေး အတွက် တိုက်ပွဲဝင်နေကြသူများ ဆုပ်ကိုင်ထားနိုင်သည့် တခုတည်းသော မျှော်လင့်ချက် ရောင်နီ မှာ အခြား အနောက်နိုင်ငံများက ယခုအထိ လက်မလျှော့သေးခြင်းပင် ဖြစ်သည်။ ဗြိတိန် သံတမန်များက ဗြိတိန်၏ ရပ်တည်ချက်တွင် ပြောင်းလဲမှု ရှိမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားထားသလို ကနေဒါ၊ ဩစတြေးလျနှင့် ဥရောပသမဂ္ဂ (EU) တို့သည်လည်း ထိုမူဝါဒအတိုင်း ဆက်လက် ရပ်တည်သွားဖွယ်ရှိသည်။ သို့သော် အဆိုပါ အခြေအနေတွင်ပင် စိုးရိမ်ပူပန်မှုများက မရှိမဟုတ် ရှိနေဆဲဖြစ်သည်။

 

(လန်ဒန် တွင် ထုတ်‌ ဝေသော ဂါဒီယန်း သတင်းစာကြီး တွင် ၂၀၀၆ အောက်တိုဘာ ၁၈ နေ့ က ဆောင်းပါးရှင် Steve Bloomfield ရေးသားသော "Blunder in, abandon allies and court a dictator: it’s the Trump doctrine, now playing out in Myanmar" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!