အဘယ်ကြောင့် ဂျိုး ဘိုင်ဒင် သမ္မတ ဖြစ် သင့်သနည်း

by Hla Soewai - Nov 01 2020

အဆိုပါ ခေါင်းစဉ်ဖြင့် တကမ္ဘာလုံးရှိ ပညာတတ် အသိုက်အဝန်းမှ တလေးတစား ဖတ်ရှု့ကြရသည့် အီကော်နော်မစ် မဂ္ဂဇင်းကြီးမှ ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ ရှည်တော့ ရှည်သည်၊ သို့သော် ဖတ်သင့်လှသည်။

~~~~~~~~~~~~~~~~~~~

၂၀၁၆ ခုနှစ် တွင် သမ္မတ အဖြစ် ဒေါ်နယ် ထရန့်ကို ရွေးချယ်ခဲ့ကြစဉ်က အမေရိကန်တို့ အကွဲကွဲ အပြားပြား ဖြစ်နေပြီး စိတ်လက်ကြည်သာမှု မရှိတဲ့ အချိန်လည်း ဖြစ်‌‌ နေသည်။ ယခုလို ထရန့်မှ သူ့အား ပြန်လည် ရွေးချယ်ပေးပါရန် တောင်းဆိုလာနေချိန်တွင်တော့ ယခင်ကထက် ပိုပြီး စိတ်မချမ်းမြေ့ ဖြစ်လာနေသည့်အပြင် ပို၍လည်း အချင်းချင်း စိတ်ဝမ်း ကွဲပြားလာနေချိန် ဖြစ်နေပြန်၏။ ၎င်း၏ ခေါင်းဆောင်မှု သက်တမ်း လေးနှစ်အတွင်း နိုင်ငံရေးသည် ဒေါသတရားများ ပိုပြီး ဖုံလွှမ်းလာနေရကာ ပါတီစွဲလည်း ပြင်းထန်လာခဲ့ရသည်။

 

အမေရိကန်တို့၏ နေ့စဉ် ဘဝသည် ကပ်ရောဂါဆိုးကြီး နဲ့ ရင်ဆိုင်နေရပြန်ပြီး ‌အုပ်ချုပ်သူများအကြား တဦးနှင့်တဦး ငြင်းခုံကြ လွဲချ ကြ၊ လိမ်ကြ ညာကြ နဲ့ လူပေါင်း ၂၃၀,၀၀၀ သေဆုံးသွားခဲ့ပြီလည်း ဖြစ် ပေ၏။ ထိုအရေးများတွင် ထရန့်၏ လုပ်ရပ် အများ‌ဆုံး ပါဝင်နေပြီး နိုဝင်ဘာ ၃ ရက်နေ့တွင် ၎င်းအောင်ပွဲခံသွားခဲ့မည်ဆိုက အဆိုပါ လုပ်ရပ်များကို အမေရိကန်လူထုက လက်သင့်ခံထောက်ခံနေသည် ဆိုတာထက် ပိုပြီး တွေးတောစရာ မရှိပေ။

 

ဂျိုး ဘိုင်ဒင်သည်လည်း နာမကျန်း ဖြစ်နေသော အမေရိကား ကို ကုစားပေးနိုင်မည့် ပျောက်စေဆရာ တဦးတော့ မဟုတ်ပြန်ပေ။ သို့သော် သူသည် လူကောင်းတယောက် ဖြစ်ပြီး ဝရုန်းသုံးကား ဖြစ်နေသော အိမ်ဖြူတော်ကို တည်တည်ငြိမ်ငြိမ်နှင့် ယဉ်ကျေး သိမ်မွေ့လာအောင်တော့ ပြန်လည် တည့်မတ်ပေးနိုင်မည် လူ ဖြစ်သည်။ ထို့အပြင် ကာလကြာမြင့်စွာ အကွဲကွဲ အပြားပြား ဖြစ်နေသည့်နိုင်ငံကို ပြန်လည် စုစည်းပေးနိုင်မည့် ကိရိယာ တန်ဆာ ပလာများ လည်း ကိုင်တွယ်ထားပြီးဖြစ်သည်။ ထိုအတွက် မဲပေးရမည် ဆိုလျင်တော့ မိမိတို့ အနေဖြင့် ဘိုင်ဒင်ကိုသာ ပေးပါမည်။

 

‌ဘုရင် ဒေါ်နယ်

•••••••••••••••

ထရန့်သည် နိုင်ငံ အကြီးအကဲ ထက် အမေရိကန် အစိုးရ အဖွဲ့၏ ခေါင်းဆောင် တဦး၏ တာဝန်ကိုပင် အပြည့်အဝ ထမ်းဆောင် နိုင်ခြင်း မရှိခဲ့ပေ၊ သူနှင့် သူ့အစိုးရအဖွဲ့သည် အခြားသော အမေရိကန် သမ္မတများ နည်းတူ နိုင်ငံရေး တွင် ရှုံးသည်များလည်းရှိ နိုင်သည်များလည်း ရှိဟု ပြောနိုင်ပေသည်။ သို့သော် အမေရိကန်တို့၏ စံနှုန်းများ၊ နိုင်ငံ၏ အသိစိတ်ဓါတ် နှင့် ကမ္ဘာတွင် ပြောနိုင်ဆိုနိုင်ခွင့် များကို ထိန်းသိမ်းပေးရမည့်နေရာတွင်တော့ အရည်အချင်း ပြည့်မီခြင်း မရှိလောက်သည်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ ပေသည်။

 

ကိုဗစ်-၁၉ သာ မဖြစ်ခဲ့ပါက ထရန့်သည် ဒုတိယ သက်တမ်းကို အလွယ်တကူ အနိုင်ရသွားနိုင်ခြေ ရှိ နေ၏။ ပြည်တွင်းတွင် အခွန်နှုန်းထားများ လျော့ချပေးခြင်း၊ စည်းမျဉ်းများ ဖြေလျော့ပေးခြင်း၊ တရားရုံးချုပ်တွင် ကွန်ဆာဗေးတစ် အယူရှိ တရားသူကြီးများ ပြည့်ကျပ်နေအောင် ခန့်ထားခဲ့ခြင်း အစရှိသည့် ဆောင်ရွက်မှုတွေကို စံချိန်တင် ပြုလုပ်နိုင်ခဲ့သည်။

 

ကပ်ရောဂါကြီး မဖြစ်ပွားမီက အဆင်းရဲဆုံးဟုပြော၍ ရသည့် အလုပ်သမားများ၏ လုပ်ခနှုန်းထားသည် တနှစ်ကို ၄.၇% တိုးမြှင့်လာခဲ့သည်။ လုပ်ငန်းသေးများ လုပ်ကိုင်နေသူများအကြား ယုံကြည်မှု သည်လည်း နှစ်ပေါင်း၃၀ အတွင်း အမြင့်ဆုံးကို ရောက်ရှိလာခဲ့သည်။ နိုင်ငံတွင်း ပြင်ပမှ ရွှေ့ပြောင်းလာသူများကို ကန့်သတ် ပေးနိုင်ခဲ့တာကြောင့် မဲဆန္ဒရှင်တွေ အကြိုက် လုပ်နိုင်ခဲ့ပြန်သည်။

 

ပြည်ပအရေးများတွင်လည်း သူ၏ ဝရုန်းသုံးကား လုပ်ရပ်တွေနှင့်ပင် လက်သင့်ခံနိုင်စရာ ရှိသော အပြောင်းအလဲတွေ ဖြစ်လာခဲ့‌ ပေ၏။ IS များကို မလှန်နိုင်အောင် လုပ်နိုင်ခဲ့ပြီး အစ္စရေး နဲ့ မူဆလင် သုံးနိုင်ငံအကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် ကြားဝင်ပေးနိုင်ခဲ့သည်။ နေတိုး အဖွဲ့ရှိ မဟာမိတ်နိုင်ငံ အချို့လည်း ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့် သုံးစွဲလာခဲ့ကြရသည်၊ တရုတ် အစိုးရ အားလည်း ၎င်းတို့ကို အိမ်ဖြူတော်က ရန်သူတော်ကြီးပမာ ဆက်ဆံလာပြီ ဆိုသည်ကို သိသွားအောင် လုပ်နိ့င်ခဲ့ပြန်သည်။

 

ဒီလိုတွေ ခေါင်းစဉ်တပ်ပေးယုံလောက်နဲ့တော့ ကန့်ကွက်စရာတွေ ဖြစ်လာနိုင်စရာ ရှိ၏။ ၎င်း၏အခွန်နှုန်းထား လျော့ပေးခဲ့မှုသည် ဒုံရင်းဒုံရင်း ပြန်ရောက်သွားခဲ့သည်၊ စည်းမျဉ်းစည်းကမ်းအချို့ ဖြေလျော့ပေးခဲ့တာကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် အတော်ကို ထိခိုက်သွားခဲ့ရသည်။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကလည်း အလဲလဲ အပြိုပြို ဖြစ်လာခဲ့သည်၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ၏ ရက်ရက်စက်စက် ပြုမူချက်များကြောင့် မိဘနှင့် သားသမီးများ တကွဲတပြား ဖြစ်ကုန်ကြရပြီး ပညာရှင်တွေ ဝင်ရောက်မှုကိုပါ ကန့်သတ်လာခဲ့တာ ကြောင့် အမေရိကန်ရဲ့ တက်ကြွတဲ့ အင်အားတွေ ဆုံးရှုံးရဖို့ ဖြစ်လာရသည်။

 

မြောက်ကိုရီယား၊ အီရန် နှင့် အရှေ့အလယ်ပိုင်း တွင် ငြိမ်းချမ်းရေး ဖေါ်ဆောင်သော လုပ်ရပ်များကလည်း သူ လှောင်ပြောင် နေခဲ့တဲ့ ဝါရှင်တန်ရှိ နိုင်ငံရေး အသိုက် အဝန်းထက်ပိုပြီး ထူးချွန်ပြောင်မြောက်စွာ လုပ်နိုင်ခဲ့ခြင်းလည်း မရှိတာ တွေ့ခဲ့ရသည်၊ သူ့လို ဘယ်သူမဆို လုပ်နိုင်ဝာာခြည်းဟု ပြောလို ချင်းပင် ဖြစ်သည်။

 

သို့သော် မိမိတို့ ထရန့်နှင့် ပတ်သက်၍ ပြောလိုသည့် နက်နဲသော ကိစ္စများလည်း ရှိနေပေသေးသည်။ ဤသည်က ၎င်း၏ လေးနှစ် သက်တမ်းကာလ အတွင်း အမေရိကန် ပြည်သူများနှင့် ကမ္ဘာကြီးအတွက် မီးရှူးတန်ဆောင်ပမာ ဂုဏ်ရောင် ထွန်းပြောင်ပေးနိုင်ခဲ့သည့် စံနှူန်းများ၊ မူများ နဲ့ ကျင့်ဝတ်များအားလုံးကို မထော်တနန်း ပြုမူခဲ့သည်များပင် ဖြစ်သည်။

 

ဘိုင်ဒင်လည်း ဘာများ ထူးလာပေမည်နည်းဟု စွပ်စွဲနေသူများ သေချာစဉ်းစားသင့်လှသည်။ ထရန့်၏ နိုင်လိုမင်းထက် အပြုအမူများ၊ အလိမ်အညာများနှင့် တွစ်တာ ပို့စ်များကို လေပြေ လေညှင်းလေး တိုက်သည့်အလား ယူဆနေကြသူများကတော့ သူကြောင့် ဖြစ်ပျက်ယို့ယွင်းလာနေမှုများကို လစ်လျု ရှု့နေကြမည်သာ ဖြစ်သည်။

 

အမေရိကန်၏ ဒီမိုကရေစီ ယဉ်ကျေးမှူ နှင့် စတင်မှ ဖြစ်ပေမည်။ အမေရိကန်တွင် အုပ်စုဖွဲ့ နိုင်ငံရေး အစဉ်အလာသည် ထရန့် မတိုင်မီကပင် ရှိနေခဲ့ပြီး ဖြစ်သည်။ ထို အရေးကို The Apprentice သမားက အိမ်ဖြူတော်ကို ရောက်ရန် ကောင်းစွာ အသုံးချ သွားနိုင်ခဲ့သည်။ သူ့မတိုင်မီ သမ္မတ များလက်ထက်က ထိုသို့ အုပ်စု နိုင်ငံရေး စနစ်ကို အဆိပ်အတောက် သဖွယ် ရှု့မြင်ခဲ့ကြသော်လည်း ထရန့်ကတော့ သူ့သမ္မတရာထူး တွင် အထူးတလည် နေရာပေးလာခဲ့သည်။

 

ထရန့်သည် သူ့အား မဲမပေးခဲ့သူများကို ကိုယ်စားပြုနိုင်ရန် မည်သည့်အခါမျှ ကြိုးစားခဲ့ခြင်းမျိုးလည်း မရှိပေ၊ ဂျော့်ခ်ျ ဖလွိုက် သေဆုံးခဲ့ပြီး ဖြစ်ပွားလာခဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြမှု များကို တွေ့လာရသည့်အခါ အလိုအလျောက်ပင် သူ၏ ပင်ကိုယ်စိတ်အရ လုယက်သူများ၊ လက်ဝဲသမားများ၏ အကြမ်းဖက်မှုများ အဖြစ် ခေါင်းစဉ်တပ်လာခဲ့သည်။

 

ဤသည်ကပင် လူမျိုးရေး တင်းမာမှုများ ဖြစ်အောင် မီးထိုးပေးသည်နှင့် တပုံစံတည်း ဖြစ်သွားခဲ့ရသည်။ ယခုအခါ မဲဆန္ဒရှင် ၄၀% သည် တဖက်က လူများအား လူပိန်းများ၊ မကောင်းဆိုးဝါးများ အဖြစ် ယုံကြည်နေကြပြီ ဖြစ်သည်။

 

ထရန့် သမ္မတ သက်တမ်းအတွင်း ခေါင်းတခါခါ လည်တခါခါ အဖြစ်ရဆုံးက ၎င်း၏ အမှန်တရားကို ခါးသီး ရွံရှာနေမှုပင် ဖြစ်သည်။ အမေရိကန်ရှိနိုင်ငံရေး သမားအားလုံးသည် မလိမ့်တပါတ် ပြောတတ်သူများချည်းသာ ဖြစ်သော်လည်း ထရန့် အစိုးရ ကြောင့် အမေရိကန်တို့ fact-check ကို သုံးတတ်လာခဲ့ကြရသည်။

နောက်ဆုံး ထရန့်ပြောသမျှသည် ဘာမှ မယုံရသည်အထိ ဖြစ်လာခဲ့သည်၊ ကုန်ကုန်ပြောရလျင် ဘိုင်ဒင်သည် အကျင့်ပျက် ခြစားသူဖြစ်သည် ဆိုသည်ကိုပင် မယုံကြတော့ပေ။ ရီပတ်ဘလီကင် ပါတီမှ မြှောက်ပင့်ပေးနေသူများကလည်း မည်သို့သော အခြေအနေမျိုးတွင်ဖြစ်စေ သူ့ဖက်မှ အကာအကွယ်ပေးခဲ့ကြသည်သာ ဖြစ်ပေ၏။ ထိုအဖြစ်ကို ၎င်းအား တရားစွဲဆိုခွင့်ရရန် တင်သွင်းလာသော အမှု ကို ကြည့်က သိနိုင်ပေသည်။ ထိုစဉ်က ရီပတ်ဘလီကင် တဦးမှလွဲ၍ ကျန်လူများအားလုံး ထရန့်ကို အကာ အကွယ်ပေးခဲ့ကြသည်။

 

အုပ်စုဖွဲ့မှု အပြင် အလိမ်အညာများပါ ပါလာ၍ အမေရိကန်၏ စံနှုန်းများနှင့် အဖွဲ့အစည်းများပါ ထိခိုက်လာရသည်။ ဤသည်ကိုလည်းချဲ့ကား ပြောဆိုနေကြခြင်းဟု ဆိုကာ ထရန့် ထောက်ခံသူများကတော့ ၎င်း၏ စော်ကားမော်ကား ပြောဆိုနေမှုများကို သဘောကျနေကြမည်သာ ဖြစ်သည်။

 

သို့သော် အမေရိကန်တို့၏ အပြန်အလှန် ထိန်းကွပ်ပေးသည့် စနစ် ဖြစ်သော check and balance ကတော့ ထိခိုက်သွားခဲ့ရပြီဖြစ်သည်။ သမ္မတ က ၎င်းအား ဆန့်ကျင်နေသူများကို အချုပ်ထဲ ထဲ့ရန် တောင်းဆိုလာနေပြီး တရားရေး ဝန်ကြီးဌာနကို လက်ကိုင်တုတ်အဖြစ် အသုံးချကာ လက်စားချေ ရန်ညိုးဖွဲ့သည်များပင် လုပ်လာခဲ့သည်။ ပြစ်မှုကြီးများ ကျုးလွန်ခဲ့ကြ‌ သော ၎င်းအား ထောက်ခံခဲ့သူများ များအား အပြစ်ဒဏ်များမှလျော့ပေါ့ပေးခဲ့ပြန်သည်။ သူ၏ မိသားစုဝင်များအားလည်း အိမ်ဖြူတော်၏ ကောင်းပေညွန့်ပေ ဆိုသော အလုပ်များတွင်ခန့်ထားခဲ့ပြန်သည်။ ပြိုင်ဖက် ဖြစ်သူ၏ အရှုပ်ထုတ်များကို ရအောင် တူးဖေါ်ပေးမည်ဆိုက အကာအကွယ် ပေးသွားမည် ဆိုကာ ပြည်ပ အစိုးရများကိုပင် ကမ်းလှမ်းခဲ့သည်။

 

၎င်းအနေဖြင့် နိုင်ကောင်းနိုင် နိုင်သည်ဆိုသော စိတ်ဖြင့် ရွေးကောက်ပွဲ၏ သမာသမတ်ကျသော တည်ကြည်ခိုင်မာမှုကို သံသယ မျိုးစေ့များ ချပေးခဲ့ပြန်သည်၊ ဤသည်ကပင် ဒီမိုကရေစီ စနစ်ကို အကာကွယ်ပေးပါမည်ဆိုသော ၎င်း၏ ကျမ်းသစ္စာကျိမ်ဆိုထားမှုအား ဖျက်လိုဖျက်ဆီး လုပ်လိုက်ခြင်းပင် ဖြစ်သည်။

 

အုပ်စုဖွဲ့မှု နှင့် အလိမ်အညာများသည် ‌မူဝါဒများကိုလည်း ထိခိုက်သွားခဲ့ရသည်။  ကိုဗစ်-၁၉ အား တုန့်ပြန်ရန် အခြားအစိုးရများလို စနစ်တကျ စီမံခန့်ခွဲကာ ပြန်အရွေးခံရအောင် လုပ်နိုင်သည့် အခွင့်အရေး ရလာသော်လည်း ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှုးများအား ပြိုင်ဖက်လို သဘောထားကာ အပြစ်ပုံချခဲ့သည်။ အမေရိကန်၏ တကမ္ဘာလုံးက တလေးတစား ဆက်ဆံနေသော ရောဂါထိန်းချုပ် ကာကွယ်ရေး ဌာန စီဒီစီ အားလည်း သေးသိမ်အောင် ပြောဆိုခဲ့ပြန်သည်။ နှာခေါင်းစည်း တပ်ရန် လိုအပ်သည်ဆိုသည့် သိပ္ပံနည်းကျ ပြောဆိုမှုများအားလည်း ပမာမခန့် လုပ်ခဲ့သည်။

 

ကပ်ရောဂါ ကြီးနှင့် ပတ်သက်၍ ထွက်ပေါ်လာသော အချက်အလက်များနှင့် အကျိုးဆက်များကို ၎င်းပြန်အရွေးခံရရေးဆိုသည့် ပေတံနှင့် သာ တိုင်းတာ ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက် အဖြစ် ကမ္ဘာတွင် အတော်ဆုံးဆိုသော သိပ္ပံပညာရှင်များ စုဝေးရာ အမေရိကန်သည် နိုင်ငံအားလုံးထဲတွင် သေဆုံးမှု နှုန်း အမြင့်မားဆုံး ဖြစ်သွားခဲ့ရပေသည်။

 

ထရန့်သည် မဟာမိတ်နိုင်ငံများအားလည်း အလားတူ စိတ်ဓါတ်သေးသိမ်စွာနှင့် ဆက်ဆံခဲ့ပြန်သည်။ မဟာမိတ်များ ရှိနေ၍သာ ကမ္ဘာပေါ်တွင် အမေရိကန် တွင်ကျယ်နိုင်နေခြင်း ဖြစ်သည်။ ထိုသို့ ကျောချင်းကပ် ရင်ခြင်းကပ် ဖြစ်နေအောင် စစ်ပွဲကာလများ အတွင်းသာ ဖန်တီးနိုင်သည်။ ယခုလို မဟာမိတ်အဖြစ် မှာ ခွာပြဲအောင် လုပ်နေမှုများအား ငြိမ်းချမ်းနေသော ကာလများတွင် မည်သို့မျှ အရင်လို ပြန်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ အမေရိကား နှင့် အတူယှဉ် ကာ တိုက်ခိုက်ခဲ့သည့် နိုင်ငံများက အမေရိကား၏ ခေါင်းဆောင်မှုကို လှမ်းမျှော်ကြည့်လာသည့်အခါများတွင် တခါက ၎င်းတို့တလေးတစား အရေးထားခဲ့သည့် နိုင်ငံကို မနည်းမှတ်မိအောင် မျက်လုံးပြူးပြဲ ကြည့်လာနေရပေတော့သည်။

 

ဤသည်က ပြဿနာ ဖြစ်လာရသည်၊ အမေရိကန်သည် ကမ္ဘာတွင် ၎င်းတို့ရရှိထားသည့် ဩဇာ သက်ရောက်နေမှုကို အလွန်အကျွံသော် ၎င်း၊ လျော့တွက်လာသည့် အခါမျိုးကြုံလာရတတ်ပေသည်။ အာဖဂန်နစ္စတန်နှင့် အီရတ်က သက်သေပြခဲ့သလို အမေရိကန်သည် စစ်အင်အား တခုတည်းဖြင့် ပြည်ပနိုင်ငံများကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းမရှိပေ။ အမေရိကန်၏ လေးစားလောက်သည့် စံနမူနာများဖြင့်သာ ဒီမိုကရေစီကို အားကျအတု ယူလာအောင် လုပ်နိုင်ပေသည်။

 

ထရန့်သည် ထိုသို့သော စံနှုန်းများကို အလကားဟု မှတ်ယူထားသည်။ တရုတ်နှင့် ရုရှား အစိုးရများကလည်း အမေရိကန်တို့ပြောသည့် လွတ်လပ်ခွင့်ဆိုသော စကားများကို လည်း အင်အားနှင့်သာ ဖြေရှင်းရမည်ဆိုသည့် ယုံကြည်ထားမှုကို စကားတန်ဆာဆင် ပြောနေမှု အဖြစ် အမြဲလို ယူဆထားကြသည်။ ထရန့်လက်ထက်တွင်တော့ ထိုသို့ယူဆထားမှုသည် မှန်ကန်ကြောင်း သက်သေပြလာခဲ့သည်။

 

ထရန့်လို သမ္မတ ဆိုး တယောက်သာ နောက် လေးနှစ် လုပ်ရဦးမည်ဆိုလျင်တော့ အထက်တွင် ပြောခဲ့သည်များကို ဆိုးသည်ထက် ဆိုးလာအောင် လုပ်ပေတော့မည်။ ၂၀၁၆ တုန်းက အမေရိကန် မဲဆန္ဒရှင်များ အဖို့ ဘယ်လို သမ္မတ မျိုးလည်း ဆိုတာ မသိနိုင်ခဲ့ကြ၊ ယခုသိပြီ ဖြစ်သည်။ ထို့အတွက် မိမိတို့ကို အာရုံလွှဲကာ လိမ်ညာမည့်အရေးကို မဲပေးကြပေတော့မည်‌ လော၊ မိမိတို့ အမြတ်တနိုးထားခဲ့သည့် စံနှုန်းများကို နင်းခြေဖျက်ကာ နိုင်ငံတွင်းရှိ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော အဖွဲ့အစည်းများအားလည်း ၎င်း၏ လက်ဝေခံ စေလိုရာစေဘဝရောက်အောင် ဖန်တီးနေခြင်းကို ထောက်ခံကြတော့ မည်လော၊ ‌ကမ္ဘာတဝှမ်းတွင် သာမက မိမိတို့ နေထိုင်ရာ ‌ဖလော်ရီဒါ၊ ကယ်လီဖိုးနီယား၊ နှင့် ကုန်းတွင်းပိုင်း ဒေသများကို ခြိမ်းခြောက်လာမည့် ရာသီဥတု အပြောင်းအလဲများကို ကြိုဆိုကြဦး မည်လော၊ လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ တရားများအတွက် ရှေ့မှ မားမားရပ်ပေးခြင်းမဟုတ်နိုင်ငံကြီး တနိုင်ငံမှ အင်အားပြခြင်းသက်သက်ဟု အားလုံးကို အချက်‌ ပေးဦးမည် အရေးကို ထောက်ခံကြဦးမည်လော။

 

၎င်းအား ပြန်လည် ရွေးချယ်လိုက်ခြင်းသည် ဖြစ်ပျက်ခဲ့သော ထိခိုက်နစ်နာသွားခဲ့ရမှူများကို ပြင်ဆင်၍ မရအောင်အပြီးအပိုင် ဆီးလ်တံဆိပ် ခပ်နှိပ်ပေးလိုက်ခြင်းသာ ဖြစ်ပေတော့မည်။

 

သမ္မတ ဂျိုး

••••••••••

ထို့အတွက် တိုးတက်မှု ဖြစ်လာမည်ဟု ယူဆခံနေရသော ဘိုင်ဒင်အတွက် ကျော်လွှားရမည့် ဘားတန်းက အမြင့်ကြီး ဖြစ်မနေတော့သဖြင့် အလွယ်တကူ ဖြတ်ကျော်သွားနိုင်ပေမည်။ ဒီမိုကရက် ပါတီရှိ လက်ဝဲသမားများက သမ္မတလောင်း ရွေးသည့် ပရိုင်မာရီ အဆင့်တွင် ၎င်းအား သဘောအကျကြီး မဟုတ်ပေ။ သူသည် အလယ်ဗဟိုပြု သမား၊ အဖွဲ့အစည်းကိုအားသန်သူ နှင့် သဘောထား တူညီအောင် တည်ဆောက်ပေးတတ်သူဟု သဘောထားခဲ့ကြသည်။ ဤသို့ဖြင့် ပြီးခဲ့သည့် လေးနှစ်က ထရန့်ဖန်တီးခဲ့သော အပျက်အစီးများအား ပြုပြင်နိုင်ရန် လုံးဝ သင့်လျော်သည့် ထရန့်ဆန်ကျင်ရေး သမားတဦး အဖြစ် လက်ခံလာခဲ့ကြသည်။ သို့သော် ဘိုင်ဒင်သည် အမေရိကန်တွင် ကာလကြာမြင့်စွာကတည်းက အမြစ်တွယ် ရှင်သန်လာနေသော ခါးသီးသည့် ရန်လိုမုန်းတီးမှုများကို အဆုံးသတ်ပေးနိုင်စွမ်းရှိလိမ့်မည် မဟုတ်သော်လည်း ပြန်လည် ရင်ကြားစေ့နိုင်မည့် လမ်းကြောင်းကိုတော့ ချပေးနိုင်မည်သာ ဖြစ်သည်။

 

သူသည် တော်လှန်ပြောင်းလဲမည့်သူ မဟုတ်၊သူ၏ မူဝါဒများသည် ယခင် အစိုးရလက်ထက်က ကြွင်းကျန်ရစ်ခဲ့သည်များသာ ဖြစ်သော်လည်း GDP ၏ ၃% ခန့် ရှိမည့် ဒေါ်လာ နှစ် မှ သုံးတြီလီယံ အထိ သုံးစွဲပြီး "build back better" အစီအစဉ်များကို အကောင်အထည် ဖေါ်မည့် လူတယောက် ဖြစ်သည်။ ကုမ္ပဏီများနှင့် လူချမ်းသာများအပေါ် သိသိသာသာ အခွန်တိုးမြှင့် ကောက်ခံသွားဖို့ ရှိနေသော်လည်း ထိခိုက်နစ်နာသည်အထိတော့ လုပ်မည် မဟုတ်ပေ။

 

အမေရိကန်၏ ပျက်စီးယို့ယွင်းလိုက်လာနေ သော အခြေခံ အဆောက်အအုံပိုင်းကို ပြန်လည် မွမ်းမံနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပြီး ကျန်းမာရေး နှင့် ပညာရေးကို ပိုမိုသုံးစွဲကာ ပြည်ပမှ ရွှေ့ပြောင်းဝင်ရောက်လာမည့်လူများကိုလည်း တိုးမြှင့်လက်ခံသွားမည် ဖြစ်သည်။

 

၎င်းသည် ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်နိုင်ရေး အတွက် သုတေသန နှင့် နည်းပညာများ အပိုင်းတွင် တိုးမြှင့်မြုပ်နှံ သုံးစွဲသွားဦးမည်လည်း ဖြစ်၍ အလုပ်အကိုင်များ ထွက်ပေါ်လာဦးမည် ဖြစ်သည်။ ‌နိုင်နင်းစွာ စီမံ အုပ်ချုပ်နိုင်သူလည်း ဖြစ်ပြီး ဆောင်ရွက်စရာ ရှိသည့်လုပ်ငန်းစဉ်များအပေါ် ယုံကြည်သူလည်း ဖြစ်သည်။ ကျွမ်းကျင်သူတို့၏ အကြံညဏ်များကိုလည်း အဆင်မပြေမှန်းသိလျက်နှင့်နားထောင်ပေးနိုင်စွမ်း ရှိသည်။ ဘက်စုံ ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ပြီး ထရန့်ထက် စာလျင် ထိတ်တိုက် ရင်ဆိုင်မှု များ လျော့နည်းနိုင်ပြီး ရည်ရွယ်ချက် အထမြောက်အောင် လုပ်နိုင်သူ ဖြစ်သည်။

 

အချို့ ၎င်းဖက် ယိမ်းလိုကြသည့် ရီပတ်ဘလီကင်များက ဘိုင်ဒင်သည် အသက်ကြီးပြီး စိတ်ပျော့သူ ဖြစ်သည်ဆိုကာ စိတ်မာပြင်းထန်သည့် လက်ဝဲသမားများ၏ ထရိုဂျန် မြင်းကြီး ဖြစ်နေမည်ကို စိုးရိမ်ကြောင့်ကျမှုများ ရှိနေသည်။ ပါတီအတွင်း အခြေခံကျကျ ပြောင်းလဲ ပြစ်လိုသူများ လှုပ်လှုပ်ရွရွ ဖြစ်လာနေသည်ကတော့ အမှန်ပင် ဖြစ်သည်။ ထိုအရေးကို သူ နှင့် ဒုသမ္မတလောင်း ကမ်မလာဟာရစ် တို့က ထိန်းထားနိုင်စွမ်း ရှိနေသည်ကို ရွေးကောက်ပွဲ မဲဆွယ်ကာလများအတွင်း တွေ့လာခဲ့ရပေသည်။ အမေရိကန်တွင် လက်ဝဲသမားများကို ထိန်းနိုင်ရန် မဲဆန္ဒရှင်များက ဆီးနိတ်တွင် ရီပတ်ဘလီကင်များကို ရွေးချယ်ကြလေ့ရှိသည်။

 

မွန်တာနားမှ စတိ ဘူးလော့ခ်၊ ကင်းဆပ်မှ ဘာဘရာ ဘိုလီယာကဲ့သို့သောအထက်လွှတ်တော်အမတ်များအားခေါ်သွင်းနိုင်ခြင်းဖြင့် ကွန်ဂရက်တွင် တဖက် စွန်းရောက်များအစား သဘောထား ပျော့ပြောင်းသည့် အလယ်ဗဟို သမားများ ပိုမို များပြားလာမည်ဆိုက ဒီမိုကရက်များအတွက် ကြီးမားသော အောင်ပွဲတရပ်လည်း ဖြစ်သွားနိုင်ပေသည်။

 

ဒီမိုကရက်များ ပြတ်ပြတ်သားသား အောင်ပွဲ ခံပါက ရီပတ်ဘလီကင်များအတွက်လည်းအကျိုးရှိနိုင်ပေသည်။ လက်ရှိတွင် သူမသာ ကိုယ်မသာ အနေအထားမျိုး ဖြစ်နေမည်ဆိုက ပိုမို ကွဲပြားစေမည့် လူမျိုးရေး ခ္ဧဲခြားသည့် ဗျုဟာများကျင့်သုံးရန် ၎င်းတို့အဖို့ စိတ်လည်သွားနိုင်စရာ ရှိသည်။ ထို ဗျုဟာ များသည် ယခုကတည်းက ပိုပြီးကွဲပြားနေပြီ ဖြစ်သည့် နိုင်ငံအတွက် လမ်းဆုံးသို့သာ ဦးတည်ပေတော့မည်။ ထရန့်ဆန့်ကျင် ရေး ရီပတ်ဘလီကင်များက ထရန့်ဝါဒများသည် ကိုယ်ကျင့်တရားပိုင်းတွင် ချွတ်ခြုံကျနေသဖြင့် မိမိတို့ ပါတီ အဖို့ စိတ်သစ် လူသစ်ဖြင့် ပြန်လည် ဆန်းသစ်ဖို့ လိုလာနေပြီဟုပြောဆိုနေကြသည်။ ထိုသို့ လုပ်နိုင်ရန် ထရန့်ကို ပြတ်ပြတ်သားသားကို ဖယ်ထုတ်ပြစ်နိုင်မှဖြစ်မည်ဟု ဆိုသည်။

 

ယခု ရွေးကောက်ပွဲသည် အမေရိကန်တို့အတွက် ၎င်းတို့ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ပွဲလည်း ဖြစ်ပေသည်။ အန္တရာယ်ကျရောက်လာနေသည်က ဒီမိုကရေစီပင် ဖြစ်သည်။ ရှေ့တွင် မြင်နေရသော လမ်းကြောင်းတခုကား ကိုယ်ကျင့်သိက္ခာနှင့် အမှန်တရားကို ပမာမခန့်ပြုနေသော နိုင်ငံအကြီးအကဲတဦးက အရာရာကို မိမိသဘောအတိုင်း လုပ်သွားမည့် အုပ်ချုပ်ရေး လမ်းကြောင်း၊ နောက်တခုက ပိုမို ကောင်းမွန်ပြီး အမေရိကန်တို့အား ကမ္ဘာတဝှမ်းက အားကျအတုခိုးစရာ ဖြစ်စေခဲ့ သည့် တန်ဖိုးများကို လိုက်နာကျင့်သုံးသွားမည့် လမ်းကြောင်း ဆိုသည့် နှစ်ခု အနက်တခုကို ရွေးချယ်ရပေမည်။

 

ထရန့်သည် ပထမ သက်တမ်းအတွင်း အရာရာကို ဝရုန်းသုံးကား ဖြစ်အောင် လုပ်ခဲ့ပြီးလည်း ဖြစ်သဖြင့် ဒုတိယ သက်တမ်းတွင်ကား သူ၏ စိတ်ထဲ ရှိသမျှ အဆိုးတကာ အဆိုးဆုံးများကို ပုံအော်ဖို့သာ ရှိပေတော့သည်။ ဘိုင်ဒင်သည် သူနှင့် ပကတိ ဆန့်ကျင်ဖက် အဖြစ်ထွက်ပေါ်လာမည့်လူသာ ဖြစ်သည်။

 

ဘိုင်ဒင် အရွေးခံရမည်ဆိုက အောင်မြင်မည်လား မအောင်မြင်မည်လားကို ကြိမ်းသေပေါက် မပြောနိုင်၊ အဘယ်သို့ ပြောနိုင်ပေမည်နည်း၊ သို့သော် သေချာသည်တခုက သူသည် အမေရိကန်တို့ အတွက် လွန်စွာမှ တန်ဘိုးရှိသော လက်ဆောင်တခုကို အိမ်ဖြူတော်သို့ ယူလာမည်သာ ဖြစ်သည်၊ ဤသည်က ဒီမိုကရေစီ ဖြင့်သာ ပုံဖေါ်နိုင်မည့် နိုင်ငံကို ပြန်လည် ဆန်းသစ်နိုင်စွမ်းပင် ဖြစ်သည်။

 

(၂၀၂၀ အောက်တိုဘာ ၂၉ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော်ဖြစ်သည့် "Why it has to be Biden" ကို ပြန်လည် တင်ပြသည်)