စစ်အုပ်စု သည် အကျဉ်းကျနေသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ယနေ့ တနင်္လာနေ့တွင် ရှားရှားပါးပါး ထုတ်ပြန်လာခဲ့သည်။ ၎င်းတို့ ပြောရေးဆိုခွင့်ရှိသူ၏ လူမှုကွန်ရက်စာမျက်နှာ ဖော်ပြချက်အရ အစိုးရတာဝန်ရှိသူများသည် ဗြိတိန်ဘုရင် ချားလ်စ် ထံမှ ပေးပို့လိုက်သော တော်ဝင် တံဆိပ်ခတ်နှိပ်ထားသည့် စာအိတ်တအိတ်၊ သံတမန်ဆက်သွယ်ရေးစာလွှာနှင့်အတူ "The Land Gardeners: Soil to Table" နှင့် "Soil: The World at Our Feet" ဟု အမည်ရသည့် စာအုပ်နှစ်အုပ်ကို ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
The Land Gardeners: Soil to Table စာအုပ်သည် ဗြိတိန်နိုင်ငံအခြေစိုက် ဥယျာဉ်ဒီဇိုင်းပညာရှင်များနှင့် မြေဆီလွှာသုတေသနပညာရှင်များဖြစ်ကြသည့် Bridget Elworthy နှင့် Henrietta Courtauld တို့ ရေးသားထားသော စာအုပ်ကောင်းတအုပ် ဖြစ်သည်။ လက်တွေ့အသုံးချ စိုက်ပျိုးရေးပညာ ပေး စာအုပ် ဖြစ်ပြီး မိမိ အိမ်ရှိ ဉယာဉ် အား မြေဆီလွှာကောင်းမွန်အောင် မည်သို့ ပြုပြင်နိင်မည်နည်း ဆိုသည်ကို လမ်းညွှန်ထားခြင်း ဖြစ်သည်။
SOIL: The World at Our Feet" သည် လန်ဒန်မြို့ရှိ ကျော်ကြားလှသော Somerset House အနုပညာဗဟိုဌာန၏ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ကျင်းပခဲ့သည့် အဓိကပြပွဲကြီးနှင့်အတူ ပူးတွဲထုတ်ဝေခဲ့သော အနုပညာနှင့် သိပ္ပံပေါင်းစပ်ထားသည့် စာအုပ်/ပြပွဲကတ်တလောက် ဖြစ်သည်။
ဤသို့ ပေးအပ်ခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကျန်းမာရေးနှင့် နေထိုင်ရာနေရာကို လျှို့ဝှက်ထားခြင်းခံရသည့် အသက် (၈၁) နှစ်အရွယ် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်ပကမ္ဘာနှင့် ပထမ ဆုံး အကြိမ် ဆက်သွယ်ခွင့်ရရှိခြင်း ဖြစ်သည်။
သူမ၏ ကျန်းမာရေးနှင့် ကောင်းမွန်စွာ နေထိုင် နိုင်မှု ရှိမရှိ အပေါ် ကျယ် လောင်စွာ မေးခွန်းထုတ်လာပြီး နောက် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သူမသည် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
ယင်းသည် စစ်အုပ်စု မှ စိတ်ရင်းကောင်း ပြသခြင်း မဟုတ်ဘဲ ၎င်းတို့ သမ္မတ ၏ အာဆီယံ သို့ ပြန်လည် တိုးဝင် ခြေချ နိုင်ရန် ကြံစည်မှု ၏ ရှေ့ပြေး အဖြစ် အသုံးချခဲ့ခြင်း ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။
ဗြိတိန်ဘုရင် ချားလ်စ် က အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ထံ ယခုလို စာအုပ်များနှင့် သံတမန်စာလွှာ ပေးပို့ခဲ့ခြင်းသည် သာမန် စာအုပ်လက်ဆောင်ပေးရုံသက်သက်မဟုတ်ဘဲ နိုင်ငံရေး၊ သံတမန်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နက်နဲသော အဓိပ္ပာယ်များနှင့် မက်ဆေ့ခ်ျများ ပါဝင်နေသည်။
အမေရိကန် သမ္မတ ထရမ့်မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်၍ ၎င်း သမ္မတ သက်တမ်း နှစ်ဆက် အတွင်း စကားထဲတွင်ပင် တလုံးတပါဒ မျှ ထည့်သွင်း ပြောကြားခြင်း မရှိယုံမက သူမအား ဖမ်းဆီးထားသူများကိုပင် လက်ကမ်းလာသည့် အချိန်မျိုးတွင် ဗြိတိန် နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက လုံးဝမေ့မထားဘဲ အစဉ်တစိုက် စောင့်ကြည့်အလေးထားနေသည် ဆိုသည်ကို စစ်အုပ်စုထံ သံတမန်ရေး အရ လေးလေးနက်နက် မက်ဆေ့ပေးလိုက်ခြင်း ဖြစ်သည်။
ချားလ်စ်သည် အိမ်ရှေ့စံ မင်းသားဘဝကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝအခြေခံစိုက်ပျိုးရေး Organic Farming နှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကို ဆယ်စုနှစ်ပေါင်းများစွာ တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယခင်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး နေအိမ်အကျယ်ချုပ်ဘဝများတွင် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းကို စိတ်ခွန်အားအဖြစ် အသုံးပြုခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မိမိအလွန်တန်ဖိုးထားသည့် "မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး" ဆိုင်ရာ ထိပ်တန်းစာအုပ်များကို ရွေးချယ်ပေးပို့ခြင်းမှာ ပုဂ္ဂိုလ်ရေးအရ စာနာနားလည်မှုနှင့် စိတ်ဓာတ်ခွန်အားပေးလိုမှု ကို ပြသခြင်း ဖြစ်သည်။
ဤစာအုပ်ပေးပို့မှုအား စစ်အုပ်စု မှ နိုင်ငံရေး အမြတ်ထုတ်စေဦး အကျဉ်းကျနေသည့် လူထု ခေါင်းဆောင်အတွက် လူသားချင်းစာနာသည့် စိတ်ဓာတ်ခွန်အား ဖြစ်စေရုံသာမက၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် နိုင်ငံတကာမျက်နှာစာတွင် ယနေ့တိုင် အလွန်အရေးပါနေဆဲ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!