THE PEACE THAT ISN’T: Why Deng Xijun’s Myanmar Strategy Is a Dead End ဆိုသော ရှမ်း သံတော်ဆင့် သတင်း အေဂျင်စီ ဆောင်းပါး သည် ဘီဂျင်းအား မြန်မာပြည်သူတရပ်လုံး၏ သဘောထားကို ရှင်းလင်းစွာ ဖြင့် ထုတ် ဖေါ် ပြသ လိုက်ခြင်း ပင် ဖြစ်သည်။
တရုတ်အထူးသံတမန် တင်ရှီကျွင်းသည် အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ သံတမန်စကားများကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးနှုန်းပြောဆိုသွားခဲ့သည်။ "ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြှင့်တင်ပေးရေး"၊ "သင့်တော်လျောက်ပတ်သည့် သဘောတူညီချက်များ" နှင့် "အနာဂတ်ကို အတူတကွ မျှဝေခံစားမည့် အသိုက်အဝန်း" စသည့် စကားလုံးများကို သုံးနှုန်းခဲ့ရာ အပေါ်ယံကြည့်လျှင် ငြိမ်းချမ်းရေးအတွက် ယုတ္တိရှိပြီး လက်ခံနိုင်ဖွယ်ရှိသော ကမ်းလှမ်းချက်တခုကဲ့သို့ ထင်မှတ်ရသည်။
သို့သော်လည်း ယင်းသည် အနှစ်သာရအားဖြင့်မူ ပြဿနာကို ပြေလည်အောင် ဖြေရှင်းသည့် အသွင်ဖန်တီးထားပြီး မပြီးဆုံးနိုင်သော ပဋိပက္ခများကိုသာ ဆက်လက် ဖြစ်ပွားစေမည့် နည်းလမ်းတခု ဖြစ်နေသည်ကို တွေ့လာရသည်။
အကွဲကွဲ အပြားပြား ဖြစ်နေ သော နိုင်ငံထံ တင်ရှီကျွင်း ပေးပို့လိုက်သည့် သဝဏ်လွှာသည် စေ့စပ် ရင်ကြားစေ့ရေး အတွက် မဟုတ်။ ယင်းသည် အပေးအယူဆန်ဆန် စီးပွားတွက် တွက်ချက်လာသော သဘောတူညီချက်တခုသာ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စု ၏ နေပြည်တော် မှ အာဏာ ချုပ်ကိုင်ထားမှုကို လက်ခံရမည်ဖြစ်ပြီး၊ ထိုသို့ လက်ခံ သည့်အတွက် စစ်အုပ်စု က စွန့်ကြဲလာမည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အစအန အကြွင်းအကျန်များကို လိုက်လံ ကောက်ယူ လက်ခံရမည် ဟူ၍ဖြစ်သည်။
ဘီဂျင်းကမူ ယင်းသဘောတူညီချက်ကို အာမခံပေးမည်၊ ကုန်သွယ်ရေး စင်္ကြန် လမ်းများကို ကာကွယ်ပေးမည်ဖြစ်ပြီး ထိုအခြေအနေကို တည်ငြိမ်ရေးဟု အမည်တပ်လိမ့်မည်။ လွန်ခဲ့သော ၇၉ နှစ်တာ မြန်မာ့သမိုင်းကို အလေးထား စောင့်ကြည့်ခဲ့ဖူးသူ မည်သူမဆို ယခုကမ်းလှမ်းချက်၏ အနှစ်သာရကို အထင်အရှား သိမြင်နိုင်ပေသည် - ယင်းသည် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သမျှ လုံးဝ မအောင်မြင်ခဲ့ သော မဲပြာပုဆိုး ဟောင်းကြီးကိုပင် နောက်တကြိမ် ထပ်မံ ထုတ်ပြ လိုက်ခြင်းသာ ဖြစ်သည်။
တင်ရှီကျွင်း ဘာတွေ ဈေးဗန်း ခင်းနေပေသနည်း
သံတမန်ရေးရာ အလှဆင်စကားများကို ခွာချကြည့်လိုက်ပါက တင်ရှီကျွင်း၏ မိန့်ခွန်းသည် အချက် သုံးချက်အပေါ် အခြေခံထားသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ပေါ်လွင်နေပြီး၊ အဆိုပါ အချက်တခုချင်းစီသည် တခုထက်တခု ပိုမိုယုံကြည်ရခက်ခဲလှသည်။
ပထမအချက်မှာ စစ်တပ် အာဏာဆုပ်ကိုင်ထားခြင်းသည် ဖြေရှင်းရမည့် ပြဿနာတခု မဟုတ်ဘဲ ၎င်းတို့ နှင့်အလိုက်သင့် ပေါင်းသင်းဆက်ဆံရမည့် အမြဲတမ်း တည်ရှိနေသော အရာ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စစ်အုပ်စု နှင့် ညှိနှိုင်းကြရန် တိုက်တွန်းခြင်းအားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် စစ်အုပ်စု လုပ်ချင်သလို ဖန်တီးနိုင်ခွင့် တချက်လွှတ် အာဏာကို ပေးအပ်လိုက်ခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကို စတင်မီးမွှေးပေးခဲ့သော စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်ထားလို မှုကိုပင် သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံအတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဒီမိုကရေစီနှင့် လားလားမျှ မဆိုင်ဟု ယူဆထားခြင်း ဖြစ်သည်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် မည်သည့် တောင်းဆိုချက်မျှ မပါရှိဘဲ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်" ရရှိရေးကိုသာ တင်ရှီကျွင်းက အတင်းအကျပ် အလေးပေးပြောဆိုနေခြင်းသည် ရွေးကောက်ခံမဟုတ်သော စစ်ဗိုလ်ချုပ်များက နေပြည်တော် ကို အုပ်ချုပ်နေစဉ် တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ မြို့နယ်များကို မိမိတို့ဘာသာ အုပ်ချုပ်နိုင်ရုံ လောက်ဖြင့် ကျေနပ်ရောင့်ရဲကြလိမ့်မည်ဟု ယူဆထားခြင်းဖြစ်သည်။ ယင်းသည် စိုက်ပျိုးရေးခြံပိုင်ရှင် ဖြစ်သူ စစ်အုပ်စု က ခြံအလုပ်သမားများဖြစ် သော တိုင်ရင်းသား အဖွဲများ ကို ၎င်းတို့ ခွဲဝေပေးမည့် သီးနှံများကိုသာ ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ် စေ လက်ခံကြရမည်ဟူ သော အတွေးအခေါ် မျိုးသာ ဖြစ်သည်။
တတိယအချက်မှာ စီးပွားရေးအရ ပေါင်းစည်းဆောင်ရွက်မှုကို နိုင်ငံရေးအရ တရားဝင်မှု နေရာတွင် အစားထိုးစရာအဖြစ် သုံးနိုင်သည်ဟု ယူဆထားခြင်း ဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းမ (CMEC) နှင့် "အနာဂတ်ကို အတူတကွ မျှဝေခံစားမည့် အသိုက်အဝန်း" ဆိုသည့် ထပ်တလဲလဲ ပြောဆိုနေသော စကားလုံးများ၏ နောက်ကွယ်တွင် ဘီဂျင်း၏ အမှန်တကယ် လိုလားတောင့်တနေသည့် အကျိုးစီးပွားများ ပါဝင်နေသည်။
ယင်းတို့မှာ နယ်စပ်ဒေသ လုံခြုံရေး၊ သယံဇာတ ရယူသုံးစွဲနိုင်ရေးနှင့် စီမံကိန်းများ မပျက်မကွက် ဆက်လက်လည်ပတ်နိုင်ရေးတို့ ဖြစ်ကြသည်။ ဘီဂျင်း၏ တွက်ချက်မှုတွင် စေတနာပါသော၊ တည်ငြိမ်သော မြန်မာနိုင်ငံဆိုသည်မှာ ပြည်သူများက မိမိတို့၏ အစိုးရကို မိမိတို့ဘာသာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ၊ လိုအပ်လျင် လိုအပ်သလို လူထုကို ပစ်ခတ်နှိမ်နင်း ပေးနေသည့် လုပ်ရဲကိုင်ရဲ ရှိသူ တယောက်က အုပ်ချုပ် နေသည့် နိုင်ငံမျိုးကိုသာ ဆိုလိုခြင်းဖြစ်သည်။
ဤသည်ကို တော်လှန်ရေးအင်အားစုများက ကောင်းစွာ ရိပ်စားမိကြပြီး ဖြစ်သည်။
တင်ရှီကျွင်း အတွက် လမ်းစ ပျောက်သွားရသည့် အချက်မှာ တော်လှန်ရေး အင်အားစုများ က ၎င်းကမ်းလှမ်းလာသည့် မူဘောင်အတွင်း၌ ဆက်လက် ပါဝင်လှုပ်ရှားခြင်း မရှိတော့ခြင်းကြောင့် ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်အုပ်စု၏ ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ထိုင်ခုံတနေရာ ရရှိရန် မလိုလားဘဲ၊ အဆိုပါ စားပွဲဝိုင်းတခုလုံးကို အသစ်ပြန်လည် တည်ဆောက်ရန်သာ ဆန္ဒရှိ သည်။ NUG ၏ ဖက်ဒရယ် ဒီမိုကရေစီ ချာတာတွင် အတိအလင်း ဖော်ပြထားသည် မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်၊ စစ်တပ်သည် အရပ်ဘက် အာဏာပိုင်များ၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်၌ ရှိရမည်ဖြစ်ပြီး ပြည်နယ်များအနေဖြင့် စစ်မှန်သော အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရမည် ဖြစ်သည်။ တင်ရှီကျွင်း အသုံးပြုခဲ့သည့် "သင့်တော်လျောက်ပတ်သည့် သဘောတူညီချက်"၊ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်" စသည့် စကားလုံးတိုင်းသည် NUG က လုံးဝလက်မခံဘဲ ဆန့်ကျင် တော်လှန်ရမည် ဆိုသည့် စနစ်ဟောင်း၏ အကြွင်းအကျန်များအတိုင်း ကွက်တိ ဖြစ် နေပေသည်။
အရှေ့တောင်အာရှတွင် တိုက်ရည်ခိုက်ရည် အကောင်းဆုံးသော တိုက်ခိုက်ရေး အင်အားစုများထဲမှ တခုဖြစ်သည့် အာရက္ခတပ်တော် (AA) အဖို့က ပို၍ပင် လက်မခံနိုင်စရာဖြစ်ပေမည်။ AA သည် တရုတ်၏ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ လိုက်လျောမှုများနှင့် စည်းရုံးသိမ်းသွင်းခြင်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ငြင်းဆန်လာခဲ့ပြီး ဖြစ်သည်။ အာရက္ခတပ်တော်က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုသည်မှာ စစ်တပ် ချုပ်ကိုင်ထား သည့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျိုးသာ ဖြစ်ပြီး လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မဟုတ် ဆိုသည်ကို ကောင်းစွာ သိနားလည် ထားပြီး ဖြစ်သည်။ ၎င်းတို့ ပေးလာမည် အုပ်ချုပ်ခွင့် မျိုးသည်လည်း အလိုမကျ ဖြစ်လာက လေကြောင်းတိုက်ခိုက်မှုတခုတည်း ဖြင့် အချိန်မရွေး ပြန်လည်ရုပ်သိမ်းသွားနိုင်ပေသည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များနှင့် အရပ်ရပ် ပြည်သူ့တော်လှန်ရေး အင်အားစုများလည်း ရှိသေးသည်။ အာဏာသိမ်းပြီးနောက်မှ နိုင်ငံရေးအရ နိုးကြားရင့်ကျက်လာခဲ့ကြသည့် တော်လှန် ရေး သမား သိန်းပေါင်းများစွာတို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် အမျိုးသားရေးအရ လှည့်စားခံထားရသည့် စာချုပ်အဖြစ်သာ ရှုမြင်ကြသည်။ အဆိုပါ အင်အားစုများကို စစ်အုပ်စု အဓိက ကျောထောက် နောက်ခံပြုပေးနေသူများက ပွဲစားလုပ်၍ ကြားမှ ယုံကြည်ရန် ပြောဆိုနေခြင်းသည် သံတမန်ရေး မဟုတ်ဘဲ ရန်လို အောင် ဆွပေးခြင်းသာ ဖြစ်သည်
ပုံတွင် မြင်ရသည့် အတိုင်း နေပြည်တော်၏ နှစ်ပတ်လည် ခမ်းနားထည်ဝါသော ပွဲတော်တွင် အာဏာရှင်စနစ် ကို ပုံစံမပျက် မူလအတိုင်း မသိမသာ ချန်ထားခဲ့သည့် အပစ်အခတ် ရပ်စဲရေးမှန် သမျှ သည် ငြိမ်းချမ်းရေးကို မည်သည့် အခါမျှ မှ မဖန်တီးပေးနိုင် ဆိုသည့် ခါးသီး သော အမှန်တရားက မဖုံးနိုင် မဖိနိုင် ထွက် ပေါ် လာနေပေသည်။
ယင်းတို့သည် အလွန်ဆုံး တိုက်ပွဲများကို ခေတ္တခဏ ရပ်တန့်ပေးခြင်းကိုသာ ဖန်တီးပေးနိုင်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် စစ်အုပ်စု တို့ကြား ၁၇ နှစ်ကြာ တည်မြဲခဲ့သည့် အပစ်အခတ်ရပ်စဲရေးသည် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက်စီးသွားခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း မိမိတို့၏ ဗဟိုဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့်အချိန်အထိ ၎င်းတို့နှင့် ဆယ်စုနှစ်များစွာ ကြာအောင် ညှိနှိုင်းဆွေးနွေးခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အခြေခံ အဆောက်အအုံ တခုလုံးဖြစ်သော - နဝတ/နအဖ ခေတ်၏ လမ်းပြမြေပုံ ၁၄ ချက်၊ ဦးသိန်းစိန်အစိုးရခေတ်၏ NCPC နှင့် NCA စာချုပ်ကိုယ်တိုင်ကပင်လျှင် - လက်မှတ်ရေးထိုးထားသည့် စာချုပ် ရှိ စာမျက်နှာ အရေအတွက် နှင့် မကြာမီ မှာပင် ပြည်သူများ အပေါ် ကျရောက်လာသည့် ဗုံးသီးများသည် ပမာဏတူ ညီမျှစွာ ထွက်ပေါ်လာခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေရခြင်းမှာပြဿနာ၏ မူလရောဂါအရင်းအမြစ် မဟုတ်ဘဲ ရောဂါလက္ခဏာများသာ ဖြစ်သောကြောင့် ဖြစ်သည်။ မူလရောဂါအရင်းအမြစ်မှာ ဗမာလူမျိုးကြီးဝါဒ အခြေခံပြီး၊ စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားသော၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တင်းကြပ်လွန်းသော နိုင်ငံတော် တည်ဆောက်ပုံ အခြေခံမူ ကြောင့် ပင် ဖြစ်သည်။ အဆိုပါ ရောဂါအရင်းအမြစ်ကို မည်မျှပင် ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ပါစေ ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အာမခံချက်မရှိဘဲ "ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြှင့်တင်ပေးရေး" ကို လက်ခံလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) တခု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် မိမိတို့အား မျိုးဆက်ပေါင်းများစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော အဖွဲ့အစည်း၏ သဘောထားအပေါ်၌သာ လုံးလုံးလျားလျား မူတည်နေပေလိမ့်မည်။
ယင်းကို အမြော်အမြင်ရှိသော ပုဂ္ဂိုလ်များက ကောင်းစွာ သဘောပေါက်ကြသည်။ ထို့ကြောင့်ပင် အမြော်အမြင်ရှိသော ပုဂ္ဂိုလ်များသည် မိမိတို့၏ လက်နက်များကို ဆက်လက် ကိုင်စွဲထားကြခြင်း ဖြစ်သည်။
တရုတ်၏ ဩဇာလွှမ်းမိုးနိုင်စွမ်းသည် ဤပြဿနာကို မဖြေရှင်းနိုင်။ ဘီဂျင်း အနေဖြင့် ဝ အဖွဲ့ကို ဖိအားပေးနိုင်သည်၊ ကိုးကန့် အဖွဲ့အစည်းများကို ကြပ်မတ်နိုင်သည်၊ ကူမင်းမြို့တွင် ဓာတ်ပုံရိုက် ဟန်ပြ လက်ဆွဲ နှုတ်ဆက်ပွဲများ ကျင်းပပေးနိုင်သည်။
ထို လက်နက်ကိုင်တပ်များအပေါ် ဩဇာလွှမ်းမိုးမှုသည် တနိုင်ငံလုံး၏ နိုင်ငံရေးနိုးကြားဆန်းသစ်လာမှုအပေါ် လွှမ်းမိုးနိုင်သည့် အာဏာမဟုတ်ပေ။ ၂၀၂၁ ခုနှစ် တော်လှန်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို တိုင်းရင်းသား ရေးရာ ပြဿနာမှသည် တနိုင်ငံလုံးရှိ ပြည်သူ တရပ်လုံး၏ နိုးကြားလာမှု အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပြီး၊ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကမျှ ကိုယ်စားမပြု သော၊ မည်သည့် စီးပွားရေးစင်ကြံ ရင်းနှီးမြှုပ်နှံမှုကမျှ စည်းရုံးသိမ်းသွင်း၍မရနိုင်သော ဗမာလူမျိုးစု အများစုနေထိုင်ရာ ဒေသများအထိ ကျယ်ပြန့်စွာ လွှမ်းမိုးသွားခဲ့ပြီဖြစ်သည်။
တင်ရှီကျွင်း၏ သံတမန်သုံး စကားလုံး အလှများထဲတွင် လုံးဝကင်းမဲ့ပျောက်ကွယ်နေသည်က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို စစ်တပ်၏ အပေးအယူလုပ်စရာ အသုံးချခံအဖြစ် မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခိုင်အမာ ကတိကဝတ်အဖြစ် စနစ်တကျ တည်ဆောက် ပေးရန် ဆိုသည် ပင်ဖြစ်သည်။
စစ်တပ်၏ ကင်းလွတ်ခွင့်နှင့် သီးခြားအာဏာများကို ဖျက်သိမ်းခြင်း၊ ဘဏ္ဍာရေးအခွန်အခ ခွဲဝေမှုနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍ ထိန်းချုပ်မှုများကို ပြည်နယ်/တိုင်းဒေသကြီး အစိတ်အပိုင်းများထံ အာဏာခွဲဝေပေးထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် ယုံကြည်စိတ်ချရသော တိုင်းပြုပြည်ပြုလွှတ်တော်မှတဆင့် တရားဝင်မှု ရယူခြင်းစသည့် ဘက်စုံလွှမ်းခြုံသော ပြေလည်မှုတရပ်ကသာလျှင် တိုင်းရင်းသားနယ်စပ်ဒေသများနှင့် ဒီမိုကရေစီ အဓိက အင်အားစုများ၏ လိုလားချက်များကို တပြိုင်နက်တည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ယင်းထက် လျော့နည်းသော မည်သည့်အစီအစဉ်မဆိုသည်လိုက်လျောညီထွေဖြစ်လာရန် ဆိုကာ အခြားအဖွဲ့အစည်းတခုကို အသုံးချ တိုက်ခိုက်ခိုင်းခြင်းမျိုးသာ ဖြစ်စေပြီး၊ ထိုသို့သောအရာများသည် ယခင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်း အတိုက်အခံ အင်အားစုများကို စိတ်ဝမ်းကွဲပြား ပျက်စီးစေခဲ့သည့် နည်းလမ်းအတိုင်းပင် ဖြစ်သည်။
အဆိုပါ ရလဒ်ကောင်းသည် တည်ငြိမ်အေးချမ်းရေးကိုသာ ဦးစားပေးအဖြစ် သတ်မှတ်ကာ ကြားဝင်စေ့စပ်ပေးခြင်းမျိုး ဖြင့် အဘယ်သို့များ ရရှိနိုင် ပေမည်နည်း။ တင်ရှီကျွင်း အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) နှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တပ်ပေါင်းစုများကို အဟန့်အတားများဆိုကာ ဖယ်ကြဉ် ချန်လှပ်မထားဘဲ အဓိက အကျိုးတူ ပါဝင်ဖက်များ အဖြစ် အလေးအနက် တန်ဖိုးထား ဆက်ဆံရန် လိုအပ်ပါသည်။
ဘီဂျင်း အနေဖြင့် လက်ရှိ အလွန်အကျွံ ဖြစ်မလာ သော စစ်ပွဲကို စီမံခန့်ခွဲခြင်းသည် မိမိ၏ အကျိုးစီးပွားနှင့် လုံလောက်စွာ ကိုက်ညီသည်ဟု ကောက်ချက်ချကောင်း ချပေလိမ့်မည်။ စီးပွားရေးစင်္ကြန် လုံခြုံရေးနှင့် ကျောက်စိမ်း တင်သွင်းမှု ကဲ့သို့သော အကျိုးအမြတ် အနည်းငယ် ပြနေသည့် လယ်ဂျာစာအုပ်ထဲတွင်မူ ထိုသို့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သို့သော် ဒေသတွင်းနိုင်ငံများကမူ ယင်း၏ နောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုးများဖြစ်သည့် ထိုင်းနှင့် အိန္ဒိယနိုင်ငံများအတွင်းသို့ လှိုင်းလုံးကြီး သဖွယ် စီးဝင်နေသော ဒုက္ခသည်များ၊ အုပ်ချုပ်သူမဲ့ နယ်စပ်ဒေသများတွင် ကြီးထွားနေသော ကျားဖြန့်လိမ်လည်မှု လုပ်ငန်းကြီးများ၊ ရုရှား၏ လက်နက်ရောင်းဝယ်ရေး လမ်းကြောင်းများနှင့် ဘီဂျင်းက မိမိပိုင်သည်ဟု ယူဆထားသော နိုင်ငံအတွင်း အမေရိကန်၏ မဟာဗျူဟာမြောက် ထိုးဖောက်ဝင်ရောက်လာခွင့်များ စသည့် တန်ဘိုး များကို ပေးဆပ်နေကြရသည်။
တင်ရှီကျွင်းက သူ၏ မိန့်ခွန်းကို "ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော ပထမလိုအပ်ချက် ဖြစ်သည်" ဆိုသည့် လေ့လာတွေ့ရှိချက်ဖြင့် နိဂုံးချုပ်ခဲ့သည်။ မှန်ပါသည်။ သို့သော် ယင်းနှင့် ဒင်္ဂါးပြား၏ အခြားတဖက်ခြမ်းလို ဆက်စပ်နေသော၊ ၎င်း ကျယ်လောင်စွာ ထုတ်ဖော်မပြောခဲ့သည့် အမှန်တရားတခု ရှိပါသေးသည်။ ယင်းမှာ - စစ်ပွဲကို မဖြစ်မနေ ဆက်၍ ဖြစ်ပွားစေမည့် အာဏာရှင် စနစ်ကို ဆက်လက်ထိန်းသိမ်းပေးထားသရွေ့ မည်သည့်အခါမျှ ငြိမ်းချမ်းရေး ရရှိလာမည် မဟုတ် ဆိုသည့် အချက်ပင် ဖြစ်သည်။
နေပြည်တော်မှ စစ်ဗိုလ်ချုပ်များသည် ဤအချက်ကို ကောင်းစွာ သဘောပေါက်ကြသည်။ ၎င်းတို့၏ အရင်းနှီးဆုံး မိတ်ဆွေကြီးကမူ ယင်းကို သဘောမပေါက်နိုင်သေးခြင်းမှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်တော့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!