"ကျွန်တော့်အမေဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး မတရား ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ စကားတခွန်းလောက် ပြောခွင့်ရရုံမျှနဲ့ ပုံမှန် မိသားစုဝင်ခွင့်၊ တွေ့ခွင့် ရရှိတာ မဟုတ်ပါဘူး" ဟု လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း၏ က မှတ်ချက် ချခဲ့သည်။
ကိုထိန်လင်းသည် ငါး နှစ် အတွင်း ပထမ ဆုံး အကြိမ် အဖြစ် အောက်တိုဘာ ၂၂ ရက် မြန်မာ စံတော်ချိန် မွန်းလွဲ ၂:၃၀ တွင် မိခင်ကြီး နှင့် မိနစ် နှစ်ဆယ်ကြာ စကား ပြောခွင့်ရခဲ့သည်။
သား အမိ နှစ်ယောက်၏ စိတ်ထဲတွင် မည်မျှ အထိ ဝမ်းသာ ကြည်နူးကြပေမည်နည်း၊ ဘယ်စကားက စ ပြီး ဘာတွေ ပြောမှန်း မသိ လောက်အောင်ပင် ဖြစ်ကြမည်ကို လူလို နားလည်သူ မည်သူ မဆို ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။ ဝမ်းလည်း သာကြပေမည်သာ။
ထိုသို့ ဖြစ်လာအောင်လည်း ကိုထိန်လင်း နှင့် တကွ ပြည်ပ ရောက် မြန်မာ ပြည်သူများ တခဲနက် ဖိအားပေး တောင်းဆိုခဲ့မှု ကြောင့်ပင် မဟုတ်ပါလား။
ဒေါ်အောင်ဆန်းစုကြည်သည် သူမအား မတရား ဖမ်းဆီးချုပ် နှောင်ခံထားရသည့် အိမ်တအိမ် ၏ စားပွဲတွင် ထိုင်နေပြီး၊ နံရံ ပေါ် ချိတ်ဆွဲထားသော ပြက္ခဒိန်တွင် ၂၀၂၆ အောက်တိုဘာ ၂၂ ရက် ကို တွေ့နေရသည်။
ကိုထိန်လင်းက လန်ဒန် ရှိ မြန်မာ သံရုံးမှ တဆင့် ပြောခွင့် ရခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ မလိုလားအပ်သည့် အကြောင်းများ ပြောဆိုပါက ဖုန်းလိုင်းကို ဖြတ်ပစ်မည်ဟုလည်း ကြိုတင် ခြိမ်းခြောက် သတိပေးထားမည်မှာလည်း ယုံမှား သံသယ ဖြစ်စရာ မရှိပေ။
"ကျွန်တော့်အမေနဲ့ ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးခဲ့ကြတဲ့ သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ခင်ဗျားတို့ရဲ့ အသံတွေကြောင့်ပဲ အခုလို အခိုက်အတန့်မျိုး ဖြစ်လာနိုင်ခဲ့တာလို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ကိုထိန်လင်းက ရေးသားခဲ့သည်။
"အမေ့ရဲ့အသံကို ကြားရတာဟာ စကားလုံးတွေနဲ့ ဖော်ပြနိုင်တာထက်ကို ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ အမေ့အသံက အားရှိနေပြီး ကျွန်တော်တို့ အခုလို စကားပြောခွင့်ရတဲ့အတွက် သူလည်း အလွန်ပဲ ဝမ်းသာနေခဲ့ပါတယ်။"
"ကျွန်တော်တို့ အဓိကအားဖြင့် မိသားစုကိစ္စတွေကိုပဲ ပြောဖြစ်ခဲ့ကြပြီး၊ အမေ့ရဲ့ အခြေအနေ၊ သူ ဘယ်မှာ နေထိုင်နေရတယ်ဆိုတာတွေကို သိခွင့်ရခဲ့သလို၊ အမေ လွတ်မြောက်လာဖို့အတွက် ကျွန်တော်တို့ဘက်က ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့ အစွမ်းကုန် ကြိုးစားနေပါတယ်ဆိုတာကိုလည်း အမေ့ကို စိတ်အေးသွားအောင် ပြောပြနိုင်ခဲ့ပါတယ်" ဟု ကိုထိန်လင်းက လန်ဒန် အင်ဒီးပင်းဒင့် သတင်းစာကြီးကိုလည်း ပြောပြခဲ့သည်။
မိခင်ကြီးသည် သူမ၏ ညာဘက်လက်ကို ထိခိုက်နေသည့် အကြောရောင်ရောဂါ Tendonitis ဝေဒနာ ခံစားနေရကြောင်း ကိုထိန်လင်း သိရှိခဲ့ရသည်။ သူမကို နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး အများအားဖြင့် တဦးတည်းသာ နေထိုင်နေရသည်" ဟု ဆိုသည်။
"အိမ်ရဲ့ ပတ်ပတ်လည်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ချထားပြီး မေမေဟာ ခြံဝင်းထဲကို ထွက်ခွင့်ရပါတယ်၊ ဒါပေမဲ့ အဲဒီခြံဝင်းက တကယ်တော့ ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်နေတဲ့ မြေရိုင်းပြင်တခုလိုပါပဲ" ဟု ကိုထိန်လင်းက ပြောပြခဲ့သည်။
"အမေ့ရဲ့အသံကို ကြားရတာ၊ အမေနဲ့ စကားပြောခွင့်ရတာ၊ ပြီးတော့ အမေ အသက်ထင်ရှား ရှိနေသေးတယ်ဆိုတာကို သိခွင့်ရတာဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ" ဟု ဆိုသည်။
"ကျွန်တော့်အမေကို သံတမန်ရေးအရ အသိအမှတ်ပြုမှု ရရှိဖို့၊ ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့စေဖို့ ဒါမှမဟုတ် နိုင်ငံရေး အကျိုးအမြတ်တွေ ရယူဖို့အတွက် ဓားစာခံအဖြစ် ဒါမှမဟုတ် အလျှော့အတင်းလုပ်စရာ ကစားကွက်တခုအဖြစ် ဘယ်တော့မှ အသုံးချ မခံနိုင်ဘူး" ဟုလည်း ပြောခဲ့သည်။
မင်းအောင်လှိုင်က သူမကို ဘာကြောင့် ဆက်လက်ထိန်းသိမ်းထားသလဲဟု မေးမြန်းရာတွင် “ကျွန်တော်ထင်တာကတော့ သူ အမေ့ကို ကြောက်နေတုန်းပဲ။ အဓိကကတော့ ဗမာပြည်မှာ အမေရဲ့ အာဏာနဲ့ သြဇာဟာ လူတွေ ထင်ထားတာထက် အများကြီး ပိုကြီးမားနေဆဲဖြစ်ပြီး ဗမာပြည်သူတွေကလည်း အမေ့ကို ထောက်ခံနေကြတုန်းပဲမို့လို့ပါ” ဟု ဖြေကြားခဲ့သည်
"အရင် အခေါက်တွေ အမေ့ကို သူတို့ လွှတ်ပေးခဲ့တုန်းက အမေ့မှာ ဘယ်လောက်အထိ ထောက်ခံမှုအင်အား တွေ ဒုနဲ့ ဒေး ရှိ နေတယ် ဆိုတာကို သူတို့ သဘောမပေါက်ခဲ့ကြဘူးလို့ ကျွန်တော် ထင်ပါတယ်။ အခုတော့ သူတို့ ကောင်းကောင်း သိသွားကြပါပြီ။"
မကြာသေးမီလများအတွင်းက စစ် အာဏာပိုင်များသည် ၎င်းတို့ကိုယ် ၎င်းတို့ ယုံကြည်မှု ပိုရှိလာပုံရ၍ ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှုကို လျှော့ပေါ့ပေးနေကြောင်း ထုတ်ဖော်ပြသလာပြီး သီးသန့်တွေ့ဆုံပွဲများ ပြုလုပ်နေသည့် သူမ၏ ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
ဤသည်ကလည်း အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ "သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း သက်သေ" ပြသရန် ကိုထိန်လင်း အပါအဝင် ပြည်ပ ရှိ မြန်မာ ပြည်သူများက ကျယ်ကျယ်လောင်လောင် မရမက တောင်းဆိုလာခဲ့ကြပြီးနောက်တွင် ဖြစ်သည်။
ပြည်သူများက သမ္မတ တု ဟု သတ်မှတ် ခံထားရသော မင်းအောင်လှိုင်သည် ၎င်းအား ပြည်တွင်းမှ လက်ခံလာအောင် မည်သို့မျှ ကြံဆောင်၍ မရတော့ဘဲ နိုင်ငံတကာ က တိုးပြီး အသိအမှတ် ပြုလာရန် ကြိုးပမ်းလာသည့် အစီအစဉ်များ၏ တစိတ် တပိုင်းလည်း ဖြစ်ပုံရပေသည်။
"နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) မှ သုတေသနပညာရှင် မော်ဂန် မိုက်ကယ်စ် က စစ်အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို 'နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အလျှော့အတင်းများ ရယူရန်အတွက် အသုံးချနေခြင်း' ဖြစ်ကြောင်း အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။
အာဆီယံကလည်း ထိုအချက်ကို တသမတ်တည်း စွဲကိုင်ထားခဲ့သည်။
"အာဆီယံအဖွဲ့ဝင်နိုင်ငံ များနဲ့ တခြားနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို မြင်ချင်နေကြတာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။ "ဒီလိုမျိုး လုပ်ဆောင်ပြသမှုတွေဟာ စိတ်ရင်းမှန်မဟုတ်ဘဲ ဗျူဟာမြောက် ကြံစည်ချက်သက်သက်ပဲ ဖြစ်နေရင်တောင်မှ လက်ခံနိုင်ခြေ ရှိပါတယ်" ဟု ဆိုသည်။
ငြိမ်းချမ်းရေးဝါဒီဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထဲသို့ ပြန်လည်ခေါ်ဆောင်လာခြင်းသည် ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးလမ်းစဉ်နောက်သို့ ပြန်လည် လိုက်ပါသွားခဲ့ပါက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပေါ် ထောက်ခံမှုနှင့် အရှိန်အဟုန်များ လျော့ကျသွားနိုင်စရာ ရှိသည်ဟု ယူဆကာ စစ်အုပ်စု ဖက်က လိမ္မာ ပါးနပ်စွာ ကျင့်သုံးလာသည့် နည်းလမ်းလည်း ဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ချားလ်စ် ဘုရင်ကြီး မှ စာအုပ် များ လက်ဆောင်ပေးပို့ခဲ့မှု အပေါ် ဘတ်ကက်ဟန် နန်းတော်မှ တစုံတရာ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဘားမားကမ်ပိန်း ယူကေ က မူ ဗြိတိသျှအစိုးရသည် 'မြန်မာစစ်အုပ်စုအပေါ် ထားရှိသည့် သဘောထားကို တဖြည်းဖြည်းချင်း လျှော့ပေါ့ပျော့ပျောင်းလာနေသည်' ဟု ကြာသပတေးနေ့တွင် စွပ်စွဲလိုက်သည်။
"မြန်မာအာဏာပိုင်များမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာအုပ်များ ပေးပို့ခဲ့ခြင်းသည် ၎င်းတို့ အတွက် ဝါဒဖြန့်ချိ နိုင်ရန် အခွင့်အလမ်း' တခုကို ဖန်တီးပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။
ကိုထိန်လင်းက စကားတခွန်း ပြောခွင့်ရရုံမျှနဲ့ ပုံမှန် မိသားစုဝင်ခွင့် ရရှိတာ (သို့မဟုတ်) လွတ်မြောက်မှု ရတာ မဟုတ်ဘူး ဟု ထောက်ပြခဲ့ခြင်းဖြင့် စစ်အုပ်စုက ဤဖြစ်ရပ်ကို အသုံးချ၍ ဝါဒဖြန့်မည့် အခွင့်အရေးကို ကြိုတင်ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။
ပြည်တွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန် မြင့်မားလာ တော့မည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်နှင့် သတင်းများကို တဖြည်းဖြည်းချင်း ပြန်လည်ချပြခြင်းဖြင့် ပြည်သူများ၏ အာရုံစိုက်မှုကို လမ်းကြောင်းပြောင်းရန် စစ်အုပ်စုက ရည်ရွယ်ပုံရသည်။
ဖုန်းပြောခွင့်ရရှိမှုသည် မိသားစုဝင်တဦးအနေဖြင့် နှစ်သိမ့်မှုရစေသည့် အခိုက်အတန့် ဖြစ်သော်လည်း၊ နိုင်ငံရေးအရမူ စစ်အုပ််စု က ၎င်းတို့ ကြုံတွေ့နေရသော သံတမန်ရေးရာ ပိတ်မိမှုများနှင့် ပြည်တွင်းစစ်ရေး ဖိအားများကို ကျော်လွှားရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျိုးအမြတ်အဖြစ် အကွက်ချအသုံးချသည့် လုပ်ရပ်တခုသာ ဖြစ်ကြောင်း သုံးသပ်နိုင် ပေသည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!