အဘယ့်ကြောင့် ထရမ့် သည် ဒေါ်အောင်ဆန်းစုကြည် ကို ပစ်ပယ် ထားရသနည်း

by Hla Soewai - Oct 26 2026

ပြီးခဲ့သည့် ရက်များ အတွင်း နိုင်ငံတော် အတိုင်ပင်ခံ၏ ဓါတ်ပုံကို "အထူး အကျဉ်းသူ ဒေါ်စုကြည်" ဟု ဆိုကာ ရှားရှားပါးပါး ထုတ်ပြလာသည်၊ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် ဘုရင်ကြီး ချားလ်စ် မှ ပေးပို့လိုက်သော ဥယာဉ်ခြံမြေ နှင့် မြေဆီလွှာ ‌အကြောင်းပါသည့် စာအုပ် နှစ်အုပ်ကို လက်ခံရယူနေသည့် ပုံ ဖြစ်သည်။

 

ထို ဓါတ်ပုံ နှင့် ပါတ်သက်၍ သားဖြစ်သူ ကိုထိန်လင်းက....

"ကျွန်တော့်ရဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဓာတ်ပုံကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့တွေ သာမန်အားဖြင့် တန်ဖိုးမထားမိဘဲ မေ့လျော့နေတတ်တဲ့ အရာတခုကို မြင်တွေ့ရပါတယ်။ အဲဒါကတော့ ‘လွတ်လပ်ခွင့်’ ပါပဲ။ သဘာဝအလှတရားကို ခံစားခွင့်၊ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ထိတွေ့ခွင့်နဲ့ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးခွင့် စတဲ့ လွတ်လပ်ခွင့်တွေဖြစ်ပါတယ်။ အခု အသက် ၈၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သလို၊ ဒီလို ရိုးရှင်းတဲ့ ပျော်ရွှင်မှုလေးတွေကိုတောင် ဆုံးရှုံးနေရပါတယ်” ဟု ကင်မ်အဲရစ် (Kim Aris) က အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြုလုပ်မည့် “Free Her” (သူမကို လွှတ်ပေးပါ) လှုပ်ရှားမှု၌ ဝိုင်းဝန်းပါဝင်ကြရန် လူမှုကွန်ရက် မှ တဆင့် တောင်းဆို မျှဝေခဲ့သည်။

 

မိမိသည် ပြည်ပ တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ် ကျော်ကာလ အတွင်း လေ့လာသိရှိခဲ့သည်များအရ မြန်မာ ဆိုလျင် ဘယ်မှာ ရှိမှန်းမသိကြ သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဆိုလျင် အလယ်တန်း ကျောင်းသား မှစ၍ အားလုံး လိုလို က ချက်ခြင်း သိကြသည်ချည်းသာ ဖြစ်သည်။

 

ပြောချင်သည်မှာ ထိုကဲ့သို့ ကမ္ဘာကျော် ခေါင်းဆောင်ကြီးကို တသက်မှာ တခါ ရှားရှားပါးပါး ပိုင်ဆိုင်ခွင့် ရထားပါလျက် တိုင်းပြည်ကို ငါးနှစ် နီးပါးမျှသာ အုပ်ချုပ်ခွင့် ရခဲ့ပြီး သူမနှင့် ယှဉ်လျင် အဖက်ဖက်မှ ဆီနှင့် ရေလို ကွာခြားလှပြီး အရည်အချင်းဆို၍လည်း ဗလာနတ္ထိ၊ ဗမာလို စာရွက်ကြည့်ဖတ် သည်ပင်လျင် တလွဲ ဖြစ်နေသည့် မင်းအောင်လှိုင် လို လူမျိုးက လွှတ်ဆိုမှ လွတ်လာရမည့် အဖြစ်က တွေးကြည့်လျင် လွန်စွာ မှ ရင်နာဖို့ ကောင်းပေသည်။

 

လူထု က ၎င်းတို့ သုံးစားမရလေ၊ ရက်စက် ကြမ်းကြုပ် လေ မိခင်ကြီးကို တောင့်တ လေ ပင် ဖြစ်နေသည်။ ဤသည်က မင်းအောင်လှိုင် အဖို့က တကမ္ဘာလုံးက သူ့အား အသိအမှတ် ပြုသည် ဆိုစေဦး ပြည်တွင်း တွင် ၎င်း နဖူးတွေ့ ဒူးတွေ့ လက်တွေ့ အုပ်ချုပ် နေရသည့် လူထု ၏ မုန်းတီးရွံရှာမှု နှင့် ခေါင်းဆောင်အဖြစ် အသိအမှတ် ပြု မခံရခြင်းသည် ၎င်း သေသည်အထိ ပြောင်းလဲသွားမည်က မဟုတ်ပေ။

 

ထိုသို့ တိုင်းပြည်က ရွံရှာ မုန်းတီး နေသော လူမျိုး များ နှင့် ထရမ့် အစိုးရ က ဖက်လှဲတကင်း ဆက်ဆံဖို့ လက်ကမ်းလာသည့် အဖြစ်ကို ပြည်ပ မီဒီယာ များက အံ့ဩတကြီး ဖြင့် ထင်ကြေး အမျိူးမျိူး ပေးလာကြသည်။

 

တရုတ် ကွန်မြူနစ် အစိုးရပင်လျင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့၏ မိတ်ဆွေကြီး အဖြစ် မှတ်မှတ်ရရ ထည့်သွင်း ပြောဆိုခဲ့ဖူးသော်လည်း ထရမ့်သည် သူမ အား လွှတ်‌ ပေးဖို့ တောင်းဆို ဖို့ နေနေသာသာ အမည်ကိုပင် စကားထဲ ထည့်မပြောခဲ့ဘူးပေ။

 

လက်ရှိ ၎င်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒအပြောင်းအလဲများတွင် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိတော့သည်ကို တွေ့ရသည်။ ထရမ့်ကိုယ်တိုင် မင်းအောင်လှိုင်ထံ ကုန်သွယ်ခွန် တိုး ကြောင်း အ ကြောင်းကြားစာ ပေးဖို့ အခွင့် ကြုံလာခိုက်တွင်ပင် လူထု အား ဗုံးကြဲ သတ်ဖြတ်နေ မှု များ နှင့် ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီး ထောင်ချခံထားရမှုများအပေါ် တစုံတရာ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

 

အမေရိကန်၏ လက်ရှိစီးပွားရေးနှင့် တရုတ်ကို ယှဉ်ပြိုင်ရေး မဟာဗျူဟာ" တွင် ဒေါ်အောင်ဆန်းစုကြည်သည် အသုံးချ၍မရဟု ရှုမြင်ကာ စစ် အုပ်စု နှင့်သာ တိုက်ရိုက် လက်တွဲလုပ်ဆောင်ရန် ဆုံးဖြတ်ထားပုံရပါသည်။

 

ထရမ့် အစိုးရသည် USAID အကူအညီများကို ဖြတ်တောက်ခဲ့သဖြင့် မြန်မာ့အတိုက်အခံအဖွဲ့အစည်းများ၊ လွတ်လပ်သောမီဒီယာများနှင့် ဒုက္ခသည်များဆီသို့ ရောက်ရှိမည့် အကူအညီများ ထက်ဝက်ကျော် လျော့ကျသွားခဲ့သည်။ ထို့ပြင် အမေရိကန်ရောက် မြန်မာ ၄,၀၀၀ ခန့်ကို ပေးထားသည့် ယာယီခိုလှုံခွင့် (TPS) ကိုလည်း ရုပ်သိမ်းခဲ့သည်။

 

ထိုသို့ ဆုံးဖြတ်လာသည့် နောက်ခံ အကြောင်းရင်းသည် အများ ယူဆနေသလို မြေရှားသတ္ထုထက် ၎င်း၏ ပုဂ္ဂိုလ်ရေးအမြင်၊ ရွေးကောက်ပွဲအသာစီးရမှုနှင့် ယခင်အစိုးရများ အထူးသဖြင့် ဒီမိုကရက်တစ် အစိုးရများ အပေါ် ထားရှိသည့် သဘောထားများအပေါ် အခြေခံလာခြင်း ဖြစ်သည်ဟု သုံးသပ်၍ ရပေသည်။

 

အိုဘာမား လက်ထက် (၂၀၁၂ ခုနှစ် နေပြည်တော်ခရီးစဉ်အပါအဝင်) နှင့် ဘိုင်ဒင် လက်ထက်တို့တွင် မြန်မာ့ဒီမိုကရေစီအရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးကူညီမှုသည် ၎င်းတို့ ဒီမိုကရက်ပါတီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဓိက အောင်မြင်မှုပြယုဂ် Legacy တခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

 

ထရမ့်သည် အိုဘာမားနှင့် ဘိုင်ဒင်တို့ လုပ်ဆောင်ခဲ့သည့် အစဉ်အလာ နိုင်ငံခြားရေးမူဝါဒများကို လက်နှင့် ရေး ခြေနှင့် ဖျက် လိုသော သဘော သဘာဝရှိသည့် အားလျှော်စွာ ၎င်းတို့ အလွန်တန်ဖိုးထားခဲ့သည့်၊ နိုင်ငံတကာကလည်း အသိအမှတ်ပြုထားသည့် ဒီမိုကရေစီခေါင်းဆောင်တဦးကို အလေးမထားဘဲ လျစ်လျူရှုခြင်းဖြင့် ၎င်း၏ ပြိုင်ဘက် ဒီမိုကရက်အစိုးရများ၏ လုပ်ဆောင်ချက်များကို အရေးမပါကြောင်း ပြသလိုသည့် ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံရေး မနာလိုမရှုစိမ့်မှု သဘောတရားများ သွယ်ဝိုက်၍ ပါဝင် နေသည်။

 

ထရမ့်သည် ၎င်းကိုယ်တိုင်လည်း နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိရန် မျှော်လင့်ချက်ကို အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုဖူးသူ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာက ဝိုင်းဝန်းချီးကျူးကြသည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အမျိုးသမီး နိုဘဲလ်ဆုရှင်တစ်ဦးကို ကာကွယ်ပြောဆိုပေးခြင်းထက်၊ ၎င်း၏ ကိုယ်ပိုင်သတ်မှတ်ချက်အရ "အပေးအယူလုပ်ရ ပိုလွယ်ကူမည့်" စစ်ခေါင်းဆောင်တဦးနှင့် လက်တွဲရန် ဆုံးဖြတ်ခြင်းသည် ကိုယ်ပိုင်မာန Ego နှင့် လက်တွေ့ဆန်သော စီးပွားရေးအမြင် ကြောင့်ပင် ဖြစ်သည်။

 

ထရမ့်သည် ၎င်း၏ နိုင်ငံရေးသက်တမ်းတလျှောက်တွင် သြဇာညောင်းသည့် အမျိုးသမီးခေါင်းဆောင်များ (ဥပမာ - ဟီလာရီကလင်တန်၊ ဂျာမနီဝန်ကြီးချုပ်ဟောင်း အင်ဂျလာမာကဲလ်) တို့နှင့် ဆက်ဆံရေး အဆင်မပြေမှု၊ ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်မှုများ အမြဲလို ရှိခဲ့ဖူးသည်။

 

ထရမ့်သည် ထက်မြက်ပြီး စည်းကမ်းဥပဒေနှင့် လူ့အခွင့်အရေးအကြောင်း ပြောဆိုတတ်သည့် အမျိုးသမီးခေါင်းဆောင်များထက် ၎င်း၏အမိန့်ကို တသွေမတိမ်း နာခံနိုင်မည့် သို့မဟုတ် အာဏာကို ပြတ်ပြတ်သားသား ကိုင်တွယ်တတ်သည့် အမျိုးသားအာဏာရှင်များ ကို ပို၍ သဘော တွေ့ အားကျလေ့ရှိသည်။ ထို့ကြောင့် မြန်မာ့အရေးတွင် ဒေါ်အောင်ဆန်းစုကြည်ထက် မင်းအောင်လှိုင်ကို "Your Excellency" ဟု ခေါ်ဝေါ်ဆက်ဆံခြင်းက ထရမ့်၏ ဤစိတ်နေစိတ်ထားကို ပိုမိုထင်ဟပ်နေသည်။

 

ထရမ့်၏ မြန်မာ့အရေး ချဉ်းကပ်ပုံတွင် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ် သက်သက်သာမက "အိုဘာမား/ဘိုင်ဒင်တို့ကို မျက်နှာပျက်စေလိုခြင်း"၊ "နိုင်ငံတကာ လစ်ဘရယ်အသိုင်းအဝိုင်းက အားပေး ထောက်ခံ ထားသော အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်တဦးကို အရေးမလုပ်ခြင်း" စသည့် ပုဂ္ဂိုလ်ရေးအာဃာတနှင့် မနာလိုမှု စိတ်ခံစားချက်များသည်လည်း ယင်းမူဝါဒနောက်ကွယ်တွင် မသိမသာ တွန်းအားပေးနေသည့် အချက်များ ဟု ကျွန်တော် ယူဆမိပေသည်။

 

အမေရိကန်သည် မြန်မာနိုင်ငံရှိ ရှားပါးမြေဒြပ်စင်များကို ရယူရန် ကြိုးပမ်းခြင်းဖြင့် တရုတ်၏ လက်ဝါးကြီးအုပ်မှုကို လျှော့ချလိုသည်။ သို့သော် ဤသယံဇာတများသည် စစ်အုပ်စု ၏ လက်အောက်တွင် မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာ နယ်စပ်ဒေသများတွင် ရှိနေသည့် အပြင် လက်ရှိတွင် တရုတ်ကုမ္ပဏီများကသာ သယ်ယူပို့ဆောင်ရေးနှင့် သန့်စင်ရေးလုပ်ငန်းအားလုံးကို ချုပ်ကိုင်ထားသောကြောင့် ထရမ့်၏ တွက်ချက်မှုသည် လက်တွေ့တွင် ထင်သလောက် မလွယ်ကူနိုင်ပေ။

 

တရုတ်သည် လက်ရှိတွင် ရှားပါးမြေသား သတ္ထု အောက် ဆိုဒ် တန်ချိန် ၃,၅၀၀ ခန့် မြန်မာမှ လစဉ်လို ရရှိနေဟု တရုတ်အစိုးရ အကောက်ခွန်ဌာန မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!