ကျွန်တော် ပြောချင်သည့် ကင် အဲရစ်အကြောင်း

by Hla Soewai - Oct 26 2026

၆ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် စကားပြောခွင့်ရရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူထံသို့ ပထမဦးဆုံး ပြောကြားခဲ့သည့် စကားမှာ ၎င်း၏ ကျန်းမာရေး အခြေအနေကို မေးမြန်းသည့် စကား ဖြစ်သည်။ ကင် ကလည်း မိသားစုဝင်အားလုံးက သတိရ ကြောင်းနှင့် ချစ်ခြင်းမေတ္တာများ ပေးပို့ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ထပ်မံ သိရှိရသည်။

 

အဆိုပါ ဖုန်းခေါ်ဆိုမှုသည် ဗြိတိန်နိုင်ငံခြားရေးရုံး၏ ပြီးခဲ့သည့် အပတ်အတွင်း အကြောင်းကြား ညှိနှိုင်းပေးခဲ့ပြီး လန်ဒန်ရှိ မြန်မာသံရုံးထံ ၎င်းအား လိုက်ပါ ပို့ဆောင်‌ ပေးခဲ့ရာ မှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်ဟု ကိုထိန်လင်းက Radio Free Asia (RFA) နှင့် အင်တာဗျူး တွင် ပြောပြခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ညာဘက်လက်ကို ထိခိုက်နေသည့် အကြောရောင်ရောဂါ ခံစားနေရသော်လည်း ၎င်း၏ ကိုယ်ပိုင်ဆရာဝန်နှင့် ပြသခွင့် မရရှိဘဲ စစ်ကောင်စီ၏ ဆရာဝန်များကသာ ၆ လတစ်ကြိမ် လာရောက် စစ်ဆေးပေးနေကြောင်း သိရှိရသည်။

 

ပြင်ပကမ္ဘာက သတင်းတွေကို သိရှိခွင့် ရသလား ဆိုသည့် အမေးကို ကိုထိန်လင်းက 

 

"ရမယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်သိသလောက်တော့ သူမမှာ ရေဒီယို ဒါမှမဟုတ် ရုပ်မြင်သံကြား မရှိသလို၊ သတင်းစာ ဒါမှမဟုတ် အဲဒီလိုမျိုး ဘာတခုမှလည်း မရရှိပါဘူး။ ကျွန်တော်တို့ ပြောခဲ့တဲ့ စကားတွေကို စောင့်ကြည့် နားထောင်ပြီး အသံဖမ်းယူထားမယ်ဆိုတာ သိနေတဲ့အတွက် ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်တွေကို ပြောလို့မရပါဘူး။ ဒါတင်မကဘဲ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း မိသားစုထဲမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုပဲ ပြောစရာတွေ အများကြီး ရှိနေခဲ့တာကြောင့် အဲဒီအကြောင်းတွေကိုပဲ ကျွန်တော်တို့ အဓိက ပြောဖြစ်ခဲ့ကြပါတယ်။" 

 

ကိုထိန်လင်း က မေမေသည်သာ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် တွင် ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်အင်အားစုများအကြား ကြားဝင်စေ့စပ် ညှိနှိုင်းပေးနိုင်သည့် တဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ စစ်အုပ်စု အနေဖြင့် လက်ရှိ စစ်ရေးအရ အရေးနိမ့်မှုများနှင့် ဖိအားများကို ကျော်လွှားရန်အတွက် ၎င်းအား လမ်းကြောင်းတခုအဖြစ် အသုံးပြုရန် စတင်ပြင်ဆင်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

 

စစ်အုပ်စုသည် စိတ်ရင်းမှန်ဖြင့် ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်းကို ကိုထိန်လင်း ကိုယ်တိုင်ကလည်း ကမ္ဘာကြီးအား သတိပေးထားခဲ့သည်။

 

အဓိက ဆွေးနွေး ချင်သည်က ကင်၏ ရပ်တည်ချက်သည် ၎င်း၏ မိခင်နှင့် နောက်တစ်ကြိမ် စကားပြောခွင့်ရရှိရေးထက် မြန်မာပြည်သူလူထု၏ တော်လှန်ရေးနှင့် အမှန်တရားဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့သည့် မြင့်မြတ်သော စိတ်ဓာတ်ခွန်အားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိ (Moral Courage) ကို ပြသ နိုင်ခဲ့မှုပင် ဖြစ်သည်။

 

စစ်အုပ်စု ၏ သဘာဝအရ ၎င်းတို့ပေးသနားသည့် ဖုန်းပြောခွင့်၊ လူတွေ့ခွင့်များကို လိုသလို ပိတ်ပင်ခြင်း၊ ပြန်ဖွင့်ပေးခြင်းများ ပြုလုပ်၍ ကင် ကို ယခုလို ဆက်လက် ပြောခွင့် ပေးမလားဟူ သော မျှော်လင့်ချက် ဖြင့် နှုတ်ဆိတ်သွားအောင် သို့မဟုတ် ၎င်းတို့အလိုကျ ပြောဆိုလာအောင် စိတ်ဓာတ်ရေးရာအရ ဓားစာခံ (Emotional Hostage) အဖြစ် ဖိအားပေး ကစားလိုက်ခြင်း ဖြစ်သည်။

 

သို့သော် ကင် သည်-မိခင်နှင့် နောက်တကြိမ် စကားပြောခွင့် မရတော့မည့်အရေးကို မစိုးရိမ်ဘဲ စစ်ကောင်စီ၏ လှည့်ကွက်ကို ကမ္ဘာသိအောင် တိုက်ရိုက်ဖွင့်ချခဲ့သည်။

 

"ကျွန်တော့်အမေကို နိုင်ငံရေးအကျိုးအမြတ်အတွက် ဓားစာခံအဖြစ် ဘယ်တော့မှ အသုံးမချရဘူး" ဟု ပြတ်သားစွာ ပြောဆိုခြင်းဖြင့် စစ်ကောင်စီ၏ သံတမန်ရေးရာ ဓားစာခံဗျူဟာကို လုံးဝအရာမထင်အောင် ရိုက်ချိုးလိုက်ခြင်း ဖြစ်သည်။

 

ဤလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နှစ်ပေါင်းများစွာ အခြေခံခဲ့သည့် "ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး" လမ်းစဉ်နှင့် တထေရာတည်း တူညီနေသည်ကို တွေ့လာရသည်။

 

ကင် သည် မိခင်ဖြစ်သူ၏ အရှိန်အဝါကို အသုံးချ၍ စစ်အုပ်စုနှင့် အလျှော့အတင်းလုပ်မည့်အစား၊ မိခင်ဖြစ်သူ ခံယူထားသည့် တရားမျှတမှု စံနှုန်းများအတိုင်း စစ်အုပ်စုကို မတုန်မလှုပ် ဆက်လက်ဆန့်ကျင်ရန် ပြည်သူများကို တိုက်တွန်းခြင်းဖြင့် မိခင်၏ စိတ်ဓာတ်ရေးရာ အမွေအနှစ်ကို ခဲယူ နိုင်စွမ်း ရှိခဲ့သူ ဖြစ်သည်။

 

မြေပြင်တွင် စစ်အာဏာရှင်ကို အသက်သွေးချွေးပေး၍ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ကင် ၏ ရပ်တည်ချက်သည် ကြီးမားသော စိတ်ဓာတ်ရေးရာ ပံ့ပိုးမှု (Moral Support) ဖြစ်စေခဲ့သည်။

 

မိသားစုချင်း စာနာထောက်ထားမှုကို အခြေခံပြီး တော်လှန်ရေးအရှိန် လျော့သွားနိုင်သည့် သွေးခွဲမှုကို တားဆီးပေးလိုက်နိုင်သည်။

 

သားအရင်းဖြစ်သူကိုယ်တိုင်ကပင် စစ်အုပ်စု၏ အပေါ်ယံ အခွင့်အရေးပေးမှုများနောက်သို့ မျောပါမသွားဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုသာ ဦးတည်ပြောဆိုခဲ့သည့်အတွက် ပြည်သူလူထုအကြား တော်လှန်ရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့သည်။

 

ကင် ၏ ရဲဝံ့စွန့်စားသော ပြောဆိုချက်များသည် မိခင်ဖြစ်သူအပေါ် ထားရှိသည့် အတ္တဆန်သော ချစ်ခြင်းထက် အများအကျိုးနှင့် တရားမျှတမှုကို ရှေ့တန်းတင်သည့် ပရဟိတဆန်သော ချစ်ခြင်းမေတ္တာနှင့် ရဲစွမ်းသတ္တိ ကို ပြသနေခြင်းဖြစ်ပြီး၊ ၎င်း၏ အပြောနှင့် အလုပ် ညီညွတ်မှုကြောင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာ့အရေးကို ပိုမိုလေးနက်စွာ အာရုံစိုက်လာစေသည့် အကြောင်းရင်းတရပ် ဖြစ်လာစေခဲ့သည်။

 

မင်းအောင်လှိုင်သည် နိုင်ငံတကာ၏ ထောက်ခံမှု သို့မဟုတ် တရားဝင်မှု ရရှိရန် အထူးသဖြင့် မနီလာ တွင် အာဆီယံ အစည်း အဝေး တက်ခွင့်ရရန် အပူတပြင်း လိုအပ်နေသည်။ ၎င်း သမ္မတ ဖြစ်လာမှု ကို နိုင်ငံတကာက "အတုအယောင်" ဟု ဝေဖန်နေကြစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ လူသားချင်းစာနာမှု ပြသသည့် အကွက်များဖြင့် နိုင်ငံတကာ၏ သဘောထားကို ပျော့ပျောင်းလာစေရန် လှည့်ကွက်ဆင်ခြင်းသာ ဖြစ်ပေသည်။

 

၎င်းတို့ အဖို့က လူထု ခေါင်းဆောင်ကို သာမက သား ဖြစ်သူ ကိုပါ မှီခို ကာ လုပ်ကိုင်စားသောက် နေကြရသည့် အဆင့် သို့ပင် ရောက်ရှိ နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!