လူးလွန့်လာသော နဂါးကြီး

by Hla Soewai - Oct 26 2026

မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု ရရှိရေးဆိုသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်သည် ယခင်ကထက်ပင် ပိုမိုဝေးကွာသွားခဲ့ပြီဖြစ်သည်။ ထိုတည်ငြိမ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကာ စစ်တပ်ကို အားကိုးခဲ့ခြင်းကြောင့် ဘီဂျင်းသည် မအောင်မြင်မှုနှင့် အတူ မိမိလက်ကို မိမိ ပြန် ချည်နှောင်ထားသကဲ့သို့ ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် မဟာဗျူဟာလမ်းကြောင်းကို ပြောင်းလဲရန် အချိန်နှောင်းသွားပြီလား။

 

တရုတ်နိုင်ငံ၏ အလုံးအရင်း နှင့် ပံ့ပိုးကူညီမှုကို နှစ်နှစ်ကြာ ရရှိခဲ့သော်လည်း စစ်အုပ်စု သည် ယခင်က လက်လွှတ်ဆုံးရှုံးခဲ့ရသော မြို့နယ်ပေါင်း ၁၀၀ ကျော်အနက် ၂၁ မြို့နယ်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ကျန်ရှိနေသော မြို့နယ် ၈၀ ကျော်မှာ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ ယခုအခါ စစ်အုပ်စု ၏ နယ်မြေပြန်လည်သိမ်းပိုက်နိုင်မှုမှာလည်း သိသိသာသာ နှေးကွေးလာနေပြီး ကျေးလက်ဒေသများနှင့် အရေးပါသော လမ်းကြောင်းများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

 

လက်တွေ့တွင် စစ်အုပ်စု သည် တရုတ်၏ ကျောထောက်နောက်ခံကို ရယူကာ ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရေးဟူသည့် စစ်ရေးနည်းလမ်းတခုတည်းကိုသာ ဆက်လက်စွဲကိုင်ထားသည်။

 

တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်သွားခဲ့သော ကြောင့် နိုင်ငံ၏ အခြားဒေသများတွင်မူ စစ်အုပ်စုသည် တိုက်ပွဲများကို ပြင်းပြင်းထန်ထန် ဆင်နွှံလာခဲ့သည်။ လူငယ် ၁၀၀,၀၀၀ ကို လည်း အတင်းအကျပ် စစ်မှုထမ်းခိုင်းခဲ့ပြီး၊ ၎င်းတို့ကို အမြောက်စာ၊ သေနတ်စာ အဖြစ် အသုံးချခဲ့သည်။

 

ယင်းအခြေအနေကြောင့် ဖြစ်ပေါ်လာသော ဦးနှောက်ယိုစီးမှု သည်လည်း တိုင်းပြည်အတွင်း လူ့စွမ်းအားအရင်းအမြစ်များကို ယခင်ကထက်ပင် ပိုမိုခန်းခြောက်ဆုံးရှုံးသွားစေခဲ့သည်။

 

သိန်းစိန်အစိုးရနှင့် မတူဘဲ မျက်နှာဖုံး အသစ်ဖြင့် ပြန်လည်ပုံဖော်ထားသော စစ်အုပ်စု သည် မည်သည့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျိုးကိုမျှ လုပ်ရန် ရည်ရွယ်ခဲ့ခြင်း မရှိ။ အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးကိုလည်း လက်မခံဘဲ တော်လှန်ရေးအင်အားစုများအကြား သွေးခွဲပြီး ပြိုကွဲသွားစေရန်သာ ရည်ရွယ်လုပ်ဆောင်နေသည်။

 

သို့သော် ငြားလည်း အဓိကပြဿနာ ဖြစ်‌ သော စစ်ပွဲသည်လည်း လျော့ပါးသွားခြင်း မရှိပေ။ နိင်ငံတွင် တည်ငြိမ်အေးချမ်းမှုလည်း မရှိသေးပေ။

 

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲများ ကျင်းပပြီးနောက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာခဲ့ပြီး စစ်ဆင်ရေးများလည်း ပိုမိုပြင်းထန်လာခဲ့သည်။ ထို့အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများလည်း ပိုမို ထူပြော လာခဲ့သည်။

 

တရုတ် ကွန်မြူနစ်များ၏ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများထက် လက်တွေ့ကျသော အကျိုးစီးပွားအခြေပြု သံတမန်ရေးမူဝါဒကို ယခု အခါ တရုတ် တနိုင်ငံတည်းက ကျင့်သုံး‌ နေခြင်း မဟုတ် တော့ဘဲ အမေရိကန်သည်လည်း ၎င်းတို့၏ အစဉ်အလာ နိုင်ငံခြားရေး မူဝါဒ ကို မှောက်လှန် ပစ်လိုက်ပြီး အပြန်အလှန်အကျိုးအမြတ်ရရှိရေးနှင့် အပေးအယူလုပ်ဆောင်ရေးကို အခြေခံသည့် မူ ကို ပြောင်းလဲ ကျင့်သုံးလာနေသည်။ အာဆီယံအဖွဲ့ကလည်း ယင်းအခြေအနေကို သတိပြုစောင့်ကြည့်လျက်ရှိသည်။

 

ထိုင်းနိုင်ငံသည် မြန်မာအား အမေရိကန်ပြည်ထောင်စုက ပြန်လည်ထိတွေ့ဆက်ဆံလာခြင်းကို ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွမ်ကက်ကဲယို က အောက်တိုဘာ ၂၃ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံအစည်းအဝေးများတွင် ပါဝင်ခွင့် ကန့်သတ်ခံထားရသော အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့် ရှေ့လျောက် မည်သို့ ဆက်ဆံသွားမည်ဆိုသည့် ကိစ္စကို နိုဝင်ဘာလတွင် မနီလာမြို့၌ ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

 

“မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ထုတ်ခံထားရတဲ့ နိုင်ငံတနိုင်ငံအဖြစ် မမြင်လိုပါဘူး။ မြန်မာနိုင်ငံကိုလည်း ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုတွေ ဖြစ်ပွားရာ နယ်ပယ်တစ်ခုအဖြစ် မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

 

ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဆီဟာဆတ်က ဆက်လက်ပြောကြားရာတွင် ထိုသို့ ထိတွေ့ဆက်ဆံခြင်းသည် “စစ်အုပ်စု ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းဟု မဆိုလိုကြောင်း” ရှင်းလင်းပြောဆိုခဲ့သည်။

 

ယင်းထိတွေ့ဆက်ဆံမှု၏ ရည်ရွယ်ချက်မှာ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် အတိုက်အခံအင်အားစုများနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို အားပေးမြှင့်တင်ရန်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ထို စကား အသွားအလာ ကို ကြည့်မည် ဆိုက မင်းအောင်လှိုင်အဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တဝက်ကို ခြေချ ခဲ့ပြီး ဖြစ်သော်လည်း "မနီလာ မျှော်တိုင်း‌ ဝေး' ဖြစ်နေဆဲဟုပင် သုံးသပ် နိုင်ပေသည်။

 

တကယ်တမ်း ထို ခရီးစဉ် များ ဖြစ်ပေါ်လာရခြင်း မှာလည်း ၎င်း ၏ အစွမ်းအစ တခုမှ မပါဘဲ တရုတ် ၏ နောက်ကွယ် မှ သံတမန်ရေး အရ ညှစ်အား သုံးခဲ့ခြင်းကြောင့်သာ လက်ခံခဲ့ကြရခြင်း ဖြစ်သည်။

 

ဘီဂျင်းက မြန်မာနိုင်ငံကို စုစည်း ထားနိုင်မည့် အင်အားမှာ စစ်တပ်တခုတည်းသာ ဖြစ်သည်ဟု ကောက်ချက်ချထားခဲ့သည်။ ကမ်းကုန် အောင် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်သော်လည်း ၎င်းတို့ အကျိုးစီးပွားကို လက်တွေ့ကျကျ အာမခံချက်ပေးနိုင်မည်၊ အနောက်နိုင်ငံများ၏ ရန်လိုသော ဖိအားများကိုလည်း ချိန်ခွင်လျှာညှိပေးနိုင်သည်ဟု ဘီဂျင်းက ယူဆခဲ့သည်။

 

သို့သော် ဝါရှင်တန်သည် မြန်မာစစ်အုပ်စု နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ပြန်လည်စတင်လာချိန်တွင် ဘီဂျင်းသည်လည်း စိတ်ချ လက်ချ နေ၍ မဖြစ် တော့ဘဲ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို ပိုမိုခိုင်မာအောင် ကြိုပမ်းလာခဲ့မှူ ၏ တစိတ် တပိုင်း အဖြစ် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်တွင် နိုင်ငံရေးပါတီ ကိုးပါတီနှင့် တွေ့ဆုံကာ ပြည်သူလူထု၏ သဘောထားအမြင်များကို စုံစမ်းလေ့လာခဲ့သည်။

 

တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှူပင် က ဦးဆောင်ခဲ့သည်။ မြန်မာဖက်မှ ရွေးကောက်ပွဲ တွင် ပါဝင်ခဲ့သော ခုနှစ်ပါတီ၊ နှင့် အပိတ်ခံလိုက်ရသော NDF နှင့် SNLD တို့ တက်ရောက်ခဲ့ကြသည်။

 

တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများ၏ ပြောကြားချက်အရ တရုတ်ကိုယ်စားလှယ်အဖွဲ့ဘက်က အဓိကအချက် ငါးချက်ကို ဆွေးနွေးတင်ပြခဲ့သည်။ ယင်းတို့အနက် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူလူထု၏ သဘောထားအမြင်များနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများလည်း ပါဝင်သည်။

 

"တရုတ်ဘက်က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အမေရိကန်–မြန်မာ ဆွေးနွေးမှုတွေအကြောင်း လုံးဝမပြောခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ သဘောထားအမြင်တွေကို စုံစမ်းသိရှိဖို့ကိုပဲ အာရုံစိုက်ခဲ့ပါတယ်” ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

 

“နိုင်ငံရေးပါတီအချို့ကတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုကို ပိုမိုနှစ်သက်ကြောင်း အလေးပေးပြောဆိုခဲ့ကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ဘီဂျင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟူသော စွပ်စွဲချက်များကို တစိုပ်မတ်မတ် ပယ်ချ နေသော်လည်း၊ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် မိမိ ပြည်သူများကို စစ်ခင်းတိုက်ခိုက်နေသော စစ်အုပ်စုကို အထောက်အပံ့ဖြစ် နေသည်မှာ ငြင်းမရအောင် ဖြစ်လာ နေသည်။

 

နိုင်ငံရေးပါတီအချို့က မြန်မာပြည်သူ အချို့က တရုတ်နိုင်ငံအပေါ် အကောင်းမမြင်ခြင်း သို့မဟုတ် သံသယရှိခြင်းများ ရှိနေကြောင်း ထောက်ပြခဲ့ကြသည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို မည်သို့ကူညီပံ့ပိုးပေးနေသည်ဆိုသည်ကို ပြည်သူများ ပိုမိုနားလည်သဘောပေါက်လာစေရန် လက်တွေ့လုပ်ဆောင်ချက်များဖြင့် ပိုမိုထင်ရှားစွာ ပြသပေးသင့်ကြောင်း တိုက်တွန်းခဲ့ကြသည်။

 

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံက စစ်အုပ်စုကို ဖြုတ်ချ နိုင်စွမ်း ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်များကို ရပ်တန့်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ဖိအားပေးခဲ့မှု ကြောင့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်သည် ယခင်ကထက် ပိုမိုမြင့်တက်လာခဲ့သည်။

 

တရုတ် ကွန်မြူနစ် များသည် ၎င်းတို့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ လုံခြုံရေးလိုအပ်ချက်တွေကို အသုံးချပြီး မိမိလိုချင်သည့် ရလဒ်ဘက်ကို ပြန်လည် ဆွဲခေါ်နိုင်မည့် နည်းလမ်းများကို စဉ်ဆက် မပြတ် အသုံးချသွားမည် သာ ဖြစ်သည်။

 

ပြည်သူတို၏ တရားသော စစ် မုချ အောင်ရမည်!!!

 

ကိုးကား - ဧရာဝတီ၊ ရိုက်တာ