ရွေးကောက်ပွဲ (၈)

by Hla Soewai - Nov 04 2020

၁၈ လ ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့သော ဝရမ်းပြေး သံဃာတပါး လာရောက် အဖမ်းခံကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ သာသနာရေး ဝန်ကြီးဌာနမှ AFP

သတင်းဌာနသို့ အတည်ပြူ ခဲ့သည်ဟု လန်ဒန်ရှိ ဒေးလီးမေးလ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။

 

‌ရွေးကောက်ပွဲ ကျင်းပရန် တပတ် အလိုတွင် ယခုလို လာရောက် အဖမ်းခံခြင်းသည် တိုက်ဆိုင်မှု မဟုတ်ကြောင်းကို အမျိုးသား ဒီမိုကရေစီ အစိုးရ အား အာဏာမှ ဖယ်ရှားပြစ်ရန် ၎င်းကို ထောက်ခံသူများ အား တိုက်တွန်းသည့် ဗီဒီယို အား အွန်လိုင်းတွင် တွေ့ရှိခဲ့ရခြင်းက သက်သေပြနေပေသည်။

 

၎င်းသည် ယခင် အာဏာရ ပါတီ နှင့် စစ်တပ်၏ နယ်ရုပ်လေး တရုပ်သာသာ ဖြစ်ကြောင်း ယခု လုပ်ရပ်က လေ့လာစောင့်ကြည်သူ အားလုံး ကို ကြေငြာလိုက်သလို ဖြစ်သွားခဲ့ရသည်ကိုတော့ မသိရှာပေ။

 

ယခု အခါ ကြံရာမရ ဖြစ်လာသူများက ရလိုရငြား နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလာသည့် လုပ်ရပ်သာ ဖြစ်သည်မှာလည်း လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပေတော့သည်။

 

မိမိတို့ အာဏာရရေး အတွက် နည်းမျိုးစုံ ကလိန်စေ့ငြမ်းဆင် ကြံလာကြသူများ လုပ်ရပ်ကို ကြည့်က တိုင်းပြည်၏အန္တရာယ်သည် လွန်စွာ ကြီးမားလာနေပြီ ဖြစ်သည်။

 

စစ်တပ်သည် NLD အား မုန်းတီး၍သာ ယခုလို ကန့်လန့်တိုက်နေခြင်း ဖြစ်ကြောင်း မိမိတို့နှင့် ဆိုက လက်တွဲ လုပ်သွားမည်ဖြစ်ကြောင်း ယခုထိ ယုံကြည်နေကြဆဲ ဖြစ်သောဘူးလုံးနားမထွင်း နဝေတိမ်တောင် ညွှန်ပေါင်းသမားများကလည်း ရှိ နေဆဲပင် ဖြစ်သည်။

 

၎င်းတို့သည် သွားနေသည့် လမ်းတွင် ပန်းတိုင်ကို လှမ်းမြင်နေရပြီး ရှေ့တွင် အတားအဆီးများ ဖြင့် အကြောင်းမဲ့ကာရံထားသည်ကို ဖယ်ရှားတွန်းထိုးရန် ဝိုင်းဝန်းကြိုးပမ်းရမည့်အစား ဒီလမ်းကို ပိတ်ထားလျှင် ‌အခြားလမ်းက သွားမည်ဆိုကာ တောကြီးမျက်မဲထဲတောတိုးသွားရန် ကြံဆနေကြသူများသာဖြစ်သည်။ ထို့အတွက် လိုရာပန်းတိုင်ကို ရောက်မည် မရောက်မည် ဆိုတာလည်း မသိ၊ စပွန်ဆာပေးကာ မြှောက်ပင့်ပေးသည်ကို အဟုတ်ထင်နေကြသည်။

 

ရန်ကုန်ရှိ နိုင်ငံရေး သုတေသီ ဒေးဗစ် မက်သီဆန်က အာဏာပိုင်များသည် ၎င်းအား ဖမ်းလိုလျှင် ဖမ်းနိုင်ကြောင်း၊ သို့သော် ထိုသို ဖမ်းလားဆီးလား လုပ်လာလျင် သူ့အား ထောက်ခံမှု များ ကြွတက်လာမည်ကို မလိုလား၍ ဖြစ်နိုင်သည်ဟု ထောက်ပြခဲ့သည်။

 

"သူ့ကိုယ်သူ အာဇာနည် ဖြစ်ချင်တဲ့လူကိုဘာလို့ အောက်စီဂျင် ပေးနေမတုန်း" ဟု မက်သီဆန်က ဆိုကြောင်း ဒေးလီးမေးလ် သတင်းစာမှာ ရေးသားထားပါတယ်။

 

အခုတော့ မည်သူကမျှလည်း သူ့အကြောင်း တကူးတက ပြောဆိုခြင်းမရှိတော့၊ အကြံအစည်ရှိသူများက ထိုသို့ အဖြစ်မခံနိုင်၍ ထုတ်သုံးလာခြင်း ပင် ဖြစ်သည်။

 

ဖေ့စ်ဘုတ်မှ ၎င်း လာရောက် အဖမ်းခံစဉ်တင်ထားသော ဗီဒီယို ဖိုင်များကို ဖြုတ်ချခဲ့ပြီးဖြစ်သည်ဟု အတည်ပြု ပြောကြားခဲ့သည်။

 

ထို့အတွက် ၎င်းပြောလိုသည်များသည် အမာခံ မျိုးချစ် အုပ်စုလေးများလွဲ၍ ကျယ်ပြန့်သွားစရာ အကြောင်းမရှိပေ။

 

ဖေ့ဘုတ်စ်မှ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် မပါဝင်သင့်ဟု ဆိုကာ ၎င်းတို့ တည်ထောင်ရန် ကြိုးပမ်းနေသော ကမ္ဘာမိသားစု အဖွဲ့အစည်းမှ ယခုလို အပြီးအပိုင် ဖယ်ထုတ်ခြင်း ခံထားရသူပေါင်းက မြန်မာပြည်တွင် များစွာ ရှိနေပြီးလည်း ဖြစ်‌ပေသည်။

 

ယခုအခါ စစ်တပ်မှနေ၍ ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ရပ်သည် သံသယ ဖြစ်ဖွယ်ရှိနေသည်ဟု တရားဝင် သတင်းထုတ်ပြန်ကာ နောက်ထပ် နှပ်ကြောင်းပေးလာနေပြီ ဖြစ်သည်။ မည်သည့်။လုပ်ရပ်များကြောင့်ဟု တိတိကျကျ ပြောဆိုခဲ့ခြင်းက မရှိပေ။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်မှ လှည်းကူး၊ ပေါင် နှင့် ပုသိမ် မြို့များတွင် တံဆိပ်တုံး အတုများ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းသည် တိုက်ဆိုင်မှုလည်း မဟုတ်၊ ရိုးသားစွာ မှားယွင်းမှုလည်း မဟုတ်ပဲ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အကြံအစည်တခုနဲ့ စနစ်တကျ လုပ်နေတယ် သုံးသပ်ကြောင်း၊ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ၍ ပယ်ဖျက်‌ပေးရန် ရည်ရွယ်ချက်နဲ့ လုပ်နေတယ်လို့ သံသယ ရှိကြောင်း ပြောခဲ့သည်ဟု Myanmar Harp မှာ ဖေါ်ပြထားသည်။

 

ကမ္ဘာပေါ်တွင် မည်သည့် နိုင်ငံမျှ မကြုံဖူးအောင် အတိုက်အခံများဖက်က နည်းမျိုးစုံဖြင့် လုပ်ကြံခံနေရသော ရွေးကောက်ပွဲ ဖြစ်လာနေပြီ ဖြစ်၍ အစိုးရ အနေဖြင့် ပြည်သူများ၏ ထောက်ခံမှုသာ အားကိုးရာ ရှိပေတော့သည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံသူများ အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တသွေမတိမ်း လိုက်နာပေးကြပြီး  တိုင်းပြည်၏ ရန်စူးရန်ညှောင့်များကို မိမိတို့ရရှိထားသော အခွင့်အရေး ကို အပြည့်အဝ အသုံးချပြီး တိုက်ပွဲဝင်သွားကြဖို့ တိုက် တွန်းအပ်ပါသည်။

 

(ပုံတွင် ယနေ့ဖွင့်လှစ်ရန် ရှိသည့် ကျိုက်မရော အတ္ထရံ မြစ်ကူးတံတား (စပယ်ဂူ) ကိုတွေ့ရစဉ်)