အမေရိကန်က အိုင်စီဂျေ ကို သတိပေး

by Hla Soewai - Nov 09 2026

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဝေါ့ဇ် က မြန်မာ့အပေါ် စီရင်ရာတွင် လူမျိုးတုံးသတ်ဖြတ်မှု သက်သေပြချက်ဥပဒေစံနှုန်းကို မလျှော့ချရန် ICJ ကို သတိပေးခဲ့သည်။ ထိုသို့ လျှော့ချခြင်းဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ် တပ်ဖွဲ့များသည် အရပ်သားများနောက်တွင် ပုန်းအောင်းနေသော အကြမ်းဖက်သမားများကို တိုက်ခိုက်သည့်အခါတိုင်း ထို စံနှုန်းများကို လက်နက်သဖွယ် အသုံးပြုပြီး စွပ်စွဲတိုက်ခိုက်ခံရနိုင်သည်ဟု ၎င်းက ဆိုသည်။

 

အချို့ နိုင်ငံများက စံနှုန်းသစ်ဖြင့် အစားထိုးရန် တွန်းအားပေးနေကြသည်။ ဤစံနှုန်းသစ်သည် အရပ်သား သေကျေပျက်စီးမှုနှင့် ရွှေ့ပြောင်းရမှု အများအပြားရှိသည့် မည်သည့်အနောက်နိုင်ငံ စစ်တပ်၏ စစ်ဆင်ရေးကိုမဆို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စွပ်စွဲနိုင်စေလိမ့်မည်။ အကြမ်းဖက်သမားများက လူသားဒိုင်းကို ပိုမိုအသုံးပြုလေလေ၊ ၎င်းတို့ကို တိုက်ခိုက်သည့် နိုင်ငံများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် ပိုမိုခိုင်မာလေလေ ဖြစ်သွားမည့် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်ကို အမေရိကန် တို့ စိုးရိမ်လာ၍ ဖြစ်သည်။

 

နိုင်ငံတကာတရားရုံး (ICJ) သည် မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော သမိုင်းဝင်အမှုနှင့် ပတ်သက်၍ နောက်ဆုံးစီရင်ချက်ကို နိုဝင်ဘာ ၁၉ ရက်တွင် ချမှတ်တော့မည် ဖြစ်သည်။ မြန်မာစစ်တပ်၏ လုပ်ရပ်များသည် ICJ ၏ လက်ရှိမြင့်မားသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေပြချက် စံနှုန်းများနှင့် ကိုက်ညီကြောင်း ခိုင်မာသော သက်သေအထောက်အထားများ ရှိနေပြီး ဖြစ်သည်။ အရပ်သားများနှင့် ကလေးငယ်များကို စုစည်းကာ တမင်တကာ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ခုတ်ထစ်သတ်ဖြတ်ခြင်း၊ စသည့် အစုလိုက်အပြုံလိုက် ကွပ်မျက်မှုများ၊ အဓမ္မ ပြုကျင့်မှု များကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့ကြောင်း အစီရင်ခံချက်များ ရှိခဲ့သည်။

 

သို့သော်လည်း ICJ အဖွဲ့ဝင်နိုင်ငံအချို့နှင့် တက်ကြွလှုပ်ရှားသူများသည် လူမျိုးတုံးသတ်ဖြတ်မှု ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် သက်သေပြရမည့် ဥပဒေကြောင်းအရ စံနှုန်းကို လျှော့ချရန် တရားရုံးကို ဖိအားပေးနေကြသည်။ ယခုကဲ့သို့ စံနှုန်းကို လျှော့ချလိုက်ပါက အမေရိကန်နှင့် အစ္စရေးအပါအဝင် အခြားနိုင်ငံများကိုပါ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲရန် လမ်းခင်းပေးသကဲ့သို့ ဖြစ်သွားနိုင်ပြီး၊ အထူးသဖြင့် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုသည့် အကြမ်းဖက်သမားများကို တိုက်ခိုက်ရသည့် စစ်ပွဲများတွင် စွပ်စွဲချက်များ ပိုမိုထွက်ပေါ်လာနိုင်သည်။ အကယ်၍ ICJ တရားသူကြီးများသည် မြန်မာ့အရေးကို အသုံးချကာ ဤစံနှုန်းကို လျှော့ချခဲ့ပါက ဒေါ်နယ် ထရမ့် အစိုးရအနေဖြင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အပေါ် ချမှတ်ခဲ့ဖူးသည့် ပိတ်ဆို့အရေးယူမှုမျိုးဖြင့် တုံ့ပြန်လာနိုင်သည်။

 

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ ICJ သည် တစုံတခုသော လုပ်ရပ်အပေါ်တွင် လူမျိုးတုံးသတ်ဖြတ်လိုသည့် အကြံအစည် (Genocidal intent) ရှိမရှိ ဆုံးဖြတ်ရာ၌ မြင့်မားသော စံနှုန်းကိုသာ ရေရှည်ကျင့်သုံးခဲ့သည်။ တရားရုံး၏ ယခင်စီရင်ချက်နှစ်ခုဖြစ်သော (ဘော့စနီးယားနှင့် ဆားဘီးယား၊ ခရိုအေးရှားနှင့် ဆားဘီးယား) အမှုများတွင် အဆိုပါအုပ်စုကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်သည် လုပ်ရပ်များအပေါ် အခြေခံ၍ "ဆင်ခြင်တုံတရားအရ ထွက်ပေါ်လာနိုင်သည့် တခုတည်းသော ကောက်ချက်" ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

 

အမှန်စင်စစ် ICJ အနေဖြင့် လက်ရှိကျင့်သုံးနေသော မြင့်မားသည့် သက်သေပြချက်စံနှုန်းကို မလျှော့ချဘဲနှင့်လည်း မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု မြောက်ကြောင်း ဆုံးဖြတ်နိုင်သည်။ အမေရိကန်၏ ဘိုင်ဒင်အစိုးရရော ထရမ့်အစိုးရပါ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများသည် လူမျိုးတုံးသတ်ဖြတ်မှု၏ သားကောင်များဖြစ်ကြောင်း ပူးတွဲသတ်မှတ်ခဲ့ကြဖူးသည်။

 

မြန်မာနိုင်ငံက ယင်းလုပ်ရပ်များသည် အကြမ်းဖက်မှုကို နှိမ်နင်းခြင်းဖြစ်သည်ဟု လျှောက်လဲခဲ့သော်လည်း၊ ခုခံပိုင်ခွင့်မရှိသော ကလေးငယ်များနှင့် အရပ်သားများကို ရိုဟင်ဂျာဖြစ် နေမှု အပေါ် အခြေခံကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစဉ်အတွင်း စနစ်တကျ တမင်တကာ သတ်ဖြတ်ခဲ့ခြင်းသည် စစ်ရေးအရ အကြောင်းပြချက်မရှိဘဲ လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တခုတည်းကြောင့်သာ ဖြစ်ကြောင်း ထင်ရှားနေသည်။

 

လက်ရှိ စံနှုန်းအတိုင်း မြန်မာနိုင်ငံကို အပြစ်ပေးနိုင်ပါလျက်နှင့် အဘယ်ကြောင့် စံနှုန်းလျှော့ချရန် ကြိုးပမ်းနေကြသနည်းဆိုမူ — ICJ တွင် မြန်မာ့အရေးပြီးနောက် ဆုံးဖြတ်ရမည့် အခြားအမှုနှစ်ခု ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့မှာ ဂါဇာဒေသတွင် အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု တောင်အာဖရိကက စွဲဆိုထားသောအမှုနှင့် အစ္စရေးကို စစ်ရေးအရ ကူညီမှုကြောင့် ဂျာမနီသည် လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု နီကာရာဂွာက စွဲဆိုထားသောအမှုတို့ ဖြစ်သည်။ အစ္စရေးဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများသည် အစ္စရေးကို အပြစ်ပေးနိုင်ရေးအတွက် ICJ ၏ သတ်မှတ်ချက်စံနှုန်းကို လျှော့ချရန် ပွင့်ပွင့်လင်းလင်း တွန်းအားပေးနေကြခြင်း ဖြစ်သည်။

 

သို့သော် မြန်မာနိုင်ငံ၏ လုပ်ရပ်များနှင့်မတူဘဲ အစ္စရေးသည် ဂါဇာတွင် အရပ်သား ထိခိုက်မှုနည်းပါးစေရန် တိုက်ပွဲများကို နေ့စဉ်ခေတ္တရပ်ဆိုင်းခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ စာတိုနှင့် လက်ကမ်းစာစောင်များပေးပို့၍ ကြိုတင်သတိပေးခြင်း၊ ဘေးကင်းရာဇုန်များ သတ်မှတ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ အစ္စရေး၏ ရည်ရွယ်ချက်မှာ ဟားမတ်စ်အဖွဲ့၏ စစ်ရေးခြိမ်းခြောက်မှုကို အဆုံးသတ်ရန်သာ ဖြစ်သည်။ အခြားတဖက်တွင် ဟားမတ်စ်အဖွဲ့သည် အရပ်သားများကို လူသားဒိုင်းအဖြစ် စနစ်တကျ အသုံးချကာ ၎င်းတို့၏ စစ်အခြေခံအဆောက်အအုံများကို အရပ်သားဒေသများအောက်တွင် တည်ဆောက်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်မှု မြင့်မားခဲ့ရခြင်း ဖြစ်သည်ဟု ဆောင်းပါးက ဆိုသည်။ ထို့ကြောင့် တက်ကြွလှုပ်ရှားသူများသည် တရားသူကြီးများ စိတ်ကြိုက် ဆုံးဖြတ်နိုင်မည့် ပျော့ပျောင်းသော စံနှုန်းသစ်ကို လိုလားနေကြခြင်း ဖြစ်သည်။

 

နေတိုး ၏ ဥပဒေအကြံပေးဟောင်း အန်ဒရက်စ် မူနိုဇ်-မော့စကီရာ က ဤစံနှုန်းသစ်ကို အာဏာရှင်များနှင့် အကြမ်းဖက်အဖွဲ့များက အနောက်ဒီမိုကရေစီနိုင်ငံများကို အကျပ်ကိုင်ရန် အလွဲသုံးစားလုပ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။ နိုင်ငံတကာတရားရုံးများအပြင် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၉၀ ကျော်၏ ပြည်တွင်းတရားရုံးများတွင် "ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်" (Universal Jurisdiction) ကို အသုံးချကာ အနောက်နိုင်ငံသား စစ်ဗိုလ်ချုပ်များနှင့် စစ်သားများကို တရားစွဲဆိုမှုများ တဟုန်ထိုး တိုးပွားလာနိုင်သည်။

 

အမေရိကန်သည် လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းသို့ ဝင်ရောက်စဉ်က ၎င်းအား တရားစွဲဆိုလိုပါက အမေရိကန်၏ သီးခြားသဘောတူညီချက် ရယူရမည်ဟူသော "ခြွင်းချက်" Reservation ဖြင့် ဝင်ရောက်ခဲ့သော်လည်း၊ အနာဂတ်တွင် ICJ က ထိုခြွင်းချက်ကို ပယ်ဖျက်လိုက်နိုင်ခြေ ရှိသည်။ ယူကေ၊ နယ်သာလန်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့မှ တရားသူကြီးများက ယင်းခြွင်းချက်သည် တရားမဝင်တော့ကြောင်း ယခင်ကတည်းက သဘောထားပေးခဲ့ဖူးသည်။

 

ထို့အပြင် တရုတ်ကဲ့သို့သော နိုင်ငံများသည် ဥပဒေကြောင်းအရ စစ်မက်ပြုခြင်း ကို အသုံးချကာ အမေရိကန်နှင့် ၎င်း၏မဟာမိတ် အရာရှိများကို ကမ္ဘာအနှံ့ရှိ ပြည်တွင်းတရားရုံးများတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စံနှုန်းအသစ်ဖြင့် လိုက်လံတရားစွဲဆို၍ ဒုက္ခပေးလာနိုင်သည်။ တရားဥပဒေစိုးမိုးရေးကို လေးစားသော ဒီမိုကရေစီနိုင်ငံများသည် အားနည်းသော စွပ်စွဲချက်များကြောင့်ပင် ကွဲပြဲသွားနိုင်သော်လည်း၊ အာဏာရှင်နိုင်ငံများမှာမူ ယင်းစွပ်စွဲချက်များကို ဂရုစိုက်မည်မဟုတ် ပေ။

 

အကယ်၍ ICJ တရားသူကြီးများသည် လူမျိုးတုံးသတ်ဖြတ်မှု စံနှုန်းကို လျှော့ချရန် မဲခွဲဆုံးဖြတ်ခဲ့ပါက တရားရုံး၏ ယုံကြည်စိတ်ချရမှုကို ပျက်ပြားစေမည်ဖြစ်ပြီး၊ အကြမ်းဖက်သမားများနှင့် အာဏာရှင်များကို တိုက်ခိုက်နေသည့် ဒီမိုကရေစီနိုင်ငံများ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် ICJ အနေဖြင့် နိုင်ငံရေးအရ မဟုတ်ဘဲ ဥပဒေကြောင်းအရသာ ရပ်တည်ကာ လက်ရှိရှိပြီးသား စံနှုန်းအတိုင်းသာ ဆုံးဖြတ်ချက်ချမှတ်သင့်ကြောင်း ဆောင်းပါးရှင်က Orde Kittrie က Foundation for Defense of Democracy (FDD) တွင် သုံးသပ် တင်ပြထားပါသည်။

 

ICJ ၏ လက်ရှိစံနှုန်းသည် "ဆင်ခြင်တုံတရားအရ ထွက်ပေါ်လာနိုင်သည့် တခုတည်းသော ကောက်ချက်" (Only reasonable inference) ဖြစ်ရမည်ဆိုသည့် သတ်မှတ်ချက်မှာ အလွန်မြင့်မားသည်။ ထိုစံနှုန်းသည် စစ်ပွဲအတွင်း အရပ်သားများသေဆုံးမှု (Collateral damage) နှင့် တမင်တကာ လူမျိုးတုံးသတ်ဖြတ်မှု (Genocidal intent) ကို ပြတ်ပြတ်သားသား ခွဲခြားနိုင်ရန် ဖြစ်သည်။

 

စစ်အုပ်စု ၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုကို လက်ရှိ မြင့်မားသော စံနှုန်းနှင့်ပင် အပြစ်ပေးရန် လုံလောက် နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များနှင့် အရပ်သားများကို စနစ်တကျ လိုက်လံသတ်ဖြတ်ခြင်းသည် စစ်ရေးအရ မည်သို့မျှ အကြောင်းပြချက် မရှိသောကြောင့် ဖြစ်သည်။

 

အစ္စရေး တို့ ၏ အလွန်အကျွံ အင်အား အသုံးပြုမှု ကြောင့်ဂါဇာ၌ အရပ်သားသေဆုံးမှု အဆမတန်မြင့်မားခြင်း၊ အခြေခံအဆောက်အအုံများအားလုံး ပျက်စီးခြင်းတို့ကို "ဟားမတ်စ်ကြောင့်ဖြစ်ရသည်" ဟုသာ လွှဲချ၍ မရအောင် အထင်အရှား တွေ့နေရသည်။

 

အကယ်၍ စီရင်ချက်က အမေရိကန် နှင့် အစ္စ‌ ရေး တို့ကို ထိခိုက်လာပါက အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးထက် မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင် လိုသည့် ဒေါ်နယ် ထရမ့်မှ တရားသူကြီးများကို ပိတ်ဆို့အရေးယူမှု များ လုပ်လာနိုင်ခြေလည်း ရှိနေသည်။

 

ဤဆောင်းပါးသည် နိုင်ငံတကာဥပဒေကို နိုင်ငံရေးကစားကွက်အဖြစ် မည်သို့အသုံးချနေကြသည်ကို ကောင်းစွာ ဖော်ပြနေသည်။ မြန်မာ့အရေးအတွက် လက်ရှိစံနှုန်းနှင့်တင် အပြစ်ပေးရန် လုံလောက်သော်လည်း၊ အနောက်နိုင်ငံများနှင့် အစ္စရေးတို့သည် ၎င်းတို့၏ စစ်ရေးလုပ်ရပ်များ နောင်တွင် ဥပဒေကျော့ကွင်းအတွင်း မပိတ်မိစေရန်အတွက် ICJ ၏ "စံနှုန်း" ကို မလျှော့ချစေလိုဘဲ စိုးရိမ်တကြီးဖြင့်အပြင်းအထန် ခုခံကာကွယ်နေကြကြောင်းကို မီးမောင်းထိုးပြနေသည့် ဆောင်းပါး ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!