တရုတ် တို့ အလဲထိုး ခံခဲ့ရ‌ သော ကုလ စကားစစ်ထိုးပွဲ

by Hla Soewai - Nov 09 2026

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီသည် ပြီးခဲ့သည့် အင်္ဂါနေ့က ၎င်းတို့၏ (၂၉) ကြိမ်မြောက် ညီလာခံ အစည်းအဝေးကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အကျပ်အတည်းအတွက် အထူးသီးသန့် အာရုံစိုက် ဆွေးနွေးခဲ့ကြသည်။ ကုလ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား ၏ အကြီးအကဲ နီကိုလက်စ် ကွန်ဂျီယန် နှင့် လူ့အခွင့် အရေး အထူးကိုယ်စားလှယ် ကယ်လ်စ် ကာရီ တို့၏ အစီရင်ခံစာများကို နားထောင်ခဲ့ကြသည်။ ၎င်းတို့သုံးဦးစလုံးက စစ်အာဏာရှင်အစိုးရ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အလေးပေး ဖော်ပြခဲ့ကြသည်။

 

မိန့်ခွန်းပြောကြားခဲ့သည့် ၂၃ နိုင်ငံမှ ကိုယ်စားလှယ်များအနက် ဘီလာရုစ်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သာလျှင် စစ်အုပ်စု ဘက်မှ ကာကွယ်ပြောဆိုခဲ့ကြသည်။ တရုတ် ကိုယ်စားလှယ်သည် စစ်အုပ်စု နှင့် ပတ်သက်၍ ကာကွယ် ပြောဆို နိုင်မည့် ကောင်းကွက် တကွက်မျှ ရှာတွေ့ခဲ့ပုံ မရ၍ ယင်းအစား နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မကောင်းပြောခြင်းများကို လျှော့ချရန်သာ တိုက်တွန်း နိုင်ခဲ့ရှာသည်။ 

 

တရုတ်ကိုယ်စားလှယ်က “နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တင်းမာမှုများကို ပိုမိုမြင့်မားစေပြီး မငြိမ်မသက်မှုများကို ပိုမိုဆိုးရွားစေမည့် အပြောများ အစား သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းရန်နှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် ကူညီပေးခြင်းပေါ်တွင်သာ အာရုံစိုက်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

ထို့အပြင် မြန်မာနိုင်ငံသည် "အာဆီယံမိသားစု၏ အရေးပါသော အဖွဲ့ဝင်တဦး ဖြစ်သည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ တန်းတူညီမျှသော အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး၊ စစ်အုပ်စု ၏ "မိမိနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီပြီး ပြည်သူများ ထောက်ခံသည့်" ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်း‌ နေမှုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 

မင်းအောင်လှိုင်က မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာပြီးနောက် ပထမဆုံး ရက် ၁၀၀ အတွင်း‌ ငြိမ်းချမ်းရေး ဆိုကာတဖက်တွင် တော်လှန် ရေး အင်အားစု များကို နှိမ်နင်းရန် တရုတ်နှင့် ရုရှားတို့က “လက်ဆောင်ပေးထားသော” နည်းပညာမြင့် စောင့်ကြည့်ထောက်လှမ်းရေး ကိရိယာအသစ်များကို အသုံးပြုခဲ့ကြောင်း ကယ်လ်စ် ကာရီက ထောက်ပြပြောဆိုခဲ့မှု အား ဘီဂျင်းက ဒေါသတကြီး တုံ့ပြန်ခဲ့သည်။

 

တရုတ်ကိုယ်စားလှယ်က ယင်းစွပ်စွဲချက်ကို "သတင်းအမှား" ဟု ခေါ်ဆိုကာ ပယ်ချ ခဲ့ပြီး၊ ကယ်လ်စ် ကာရီ အနေဖြင့် သူမ၏ တာဝန်ဝတ္တရားများကို "ဘက်လိုက်မှုမရှိဘဲ တည်ငြိမ်မှန်ကန်စွာ" ဆောင်ရွက်ရန်နှင့် အများပြည်သူကို လမ်းလွဲရောက်စေနိုင်သည့် "အတည်မပြုရသေးသော" ပြောဆိုချက်များ ဖြန့်ဝေခြင်းမှ ရှောင်ကြဉ်ရန် ပြောဆိုခဲ့သည်။

 

ကယ်လ်စ် ကာရီ က “မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေပါတယ်လို့ အကျယ်လောင်ဆုံး ဟစ်ကြွေးပြောဆိုနေတဲ့ နိုင်ငံတွေဟာ မြန်မာ့ပြည်တွင်းရေးကို အတက်ကြွဆုံး ဝင်ရောက်စွက်ဖက်နေကြတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကြောင်း အကျယ်လောင်ဆုံး ပြောဆိုနေကြသူတွေဟာ မင်းအောင်လှိုင် သူ့ပြည်သူတွေကို နှိမ်နှင်းဖို့ အသုံးပြုနေတဲ့ လက်နက်တွေကို ရောင်းချပေးနေသူတွေပဲ ဖြစ်ပါတယ်” ဟု ချက်ချင်းလို သွယ်ဝိုက် မနေဘဲ ဗြောင်ကျကျ တုံ့ပြန် ပြောဆိုခဲ့သည်။

 

တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စု ထံ လက်နက်များ ရောင်းချနေခြင်း သို့မဟုတ် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်နေခြင်း မရှိကြောင်း ရှင်းလင်းခြေပနိုင်သည့် မည်သည့်သက်သေအထောက်အထားကိုမဆို ဝမ်းမြောက်စွာ လက်ခံကြိုဆိုမည်ဟု ပြောကြားရင်း တရုတ်၏ ငြင်းဆိုချက်ကို သူမက စိန်ခေါ်ခဲ့သည်။ ထို့အပြင် သူမ၏ အောက်တိုဘာလ အစီရင်ခံစာကို မထုတ်ပြန်မီ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းများအရ တရုတ်၊ ရုရှားနှင့် ဘီလာရုစ်တို့အား တုံ့ပြန်ရန် ၅ ရက် အချိန်ပေးခဲ့သော်လည်း မည်သည့်နိုင်ငံမှ တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ကယ်လ်စ် ကာရီ က ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်။

 

 သူမ၏ ပြောဆိုခဲ့မှု များ အတွက် သက်သေအဖြစ် သူမ အရင် တာဝန်ယူခဲ့သူ တွမ်အန်ဒရူးစ် ၏ ၂၀၂၃ ခုနှစ်ထုတ် "ဒေါ်လာဘီလီယံချီတန်သော မရဏ မင်း၏ ကုန်သွယ်မှု" (The Billion Dollar Death Trade) အမည် ပေးထားသည့် ၂၀၂၃ အစီရင်ခံစာကို ကိုးကားဖော်ပြခဲ့သည်။ 

 

ယင်းအစီရင်ခံစာတွင် မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ လက်နက်များနှင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများကို တင်သွင်းခဲ့ကြောင်းတွေ့ရှိရပြီး တရုတ်နှင့် ရုရှားတို့သည် ထိပ်တန်း ထောက်ပံ့သူများအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။ တရုတ်အစိုးရနှင့် ဆက်နွှယ်နေသော ကုမ္ပဏီများသည် အရပ်သားများအပေါ် တိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဉ် အပိုပစ္စည်းများနှင့် ယမ်းဖောက်ခွဲရေး ကုန်ကြမ်းများ အပါအဝင် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများအတွက် လိုအပ်သော ကုန်ကြမ်းများနှင့် စက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြသည်ဟု အထောက်အထား များ နှင့် တကွ ဖေါ်ပြ ပါရှိ ခဲ့သည်။

 

အာရှ-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) အထူးရန်ပုံငွေအောက်ရှိ စီမံကိန်းအများအပြားကို တရုတ်နိုင်ငံက အတည်ပြုပေးရန် ဆိုင်းငံ့ထားခဲ့ခြင်းကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စစ်အုပ်စု သည် ဘဏ္ဍာရေး အကျပ်အတည်းနှင့် အကြီးအကျယ် ရင်ဆိုင်ခဲ့ရသည်။ ဝန်ကြီးဌာနများ၏ အလွန်အကျွံ သုံးစွဲမှုများနှင့် အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကြောင့် နေပြည်တော်၏ ဘတ်ဂျက်လိုငွေပြမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။

 

ဘီဂျင်း ထံမှ မျှော်လင့်ထားသည့် ထောက်ပံ့ကြေးများ၊ စီမံကိန်း အတည်ပြုချက်များနှင့် နည်းပညာဆိုင်ရာ အရင်းအမြစ်များ မရရှိခဲ့ခြင်းကြောင့် ဘတ်ဂျက်လိုငွေပြမှု ပိုမိုဆိုးရွားသွားခဲ့ရခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဆိုသူ ကျော်ထင်းက ဝန်ခံပြောကြားခဲ့သည်။ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်တွင် LMC ရန်ပုံငွေဆိုင်ရာ အဆိုပြုလွှာများကို တင်ပြခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိဘဲ သတင်းအစအန ပျောက်ဆုံးသွားခဲ့သည်။ ထို့အတူ စက်မှုဝန်ကြီးဌာနသည် နည်းပညာလွှဲပြောင်းပေးရန် မြန်မာနိုင်ငံသို့ လာရောက်ရမည့် တရုတ်ကျွမ်းကျင်သူများအတွက် ကွန်ပျူတာ များ နှင့် နည်းပညာဆိုင်ရာ စက်ပစ္စည်းများအတွက် ဘတ်ဂျက် လျာထားခဲ့သော်လည်း တရုတ်ကျွမ်းကျင်သူများ သာမက စက်ပစ္စည်းများလည်း ရောက်ရှိလာခြင်း မရှိခဲ့ပေ။

 

မည်သည့် အကြောင်း‌ ကြောင့် ဖြစ်သည် ဆိုသည်ကိုမူ ယခုတိုင် ပဟေဠိ ဖြစ် နေကြသည်။ စစ်အုပ်စု ၏ သတင်းစာများတွင် တော့ တရုတ်သံအမတ်ကြီး မာဂျီယာ (Ma Jia) က တရုတ်နိုင်ငံသည် LMC အထူးရန်ပုံငွေမှတစ်ဆင့် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံကိန်း ၁၄၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မတ်လတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ဒေါ်လာ ၃၈.၆ သန်း တန်ဖိုးရှိ စီမံကိန်း ၁၃၂ ခုမှ အကျိုးအမြတ် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

 

မည်သို့ပင်ဖြစ်စေ ထို ပမာဏ သည် မဲခေါင်ဒေသတွင်း မည်သည့်နိုင်ငံမဆို ရရှိခဲ့ဖူးသမျှတွင် အများဆုံး ရခဲ့သော ထောက်ပံ့ငွေ ပင် ဖြစ်သည်။

 

တရုတ်၏ ယခင် စီမံကိန်းအချို့မှာမူ စတင်ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ၂၄၀ မဂ္ဂါဝပ်ထွက် ဒုတိယ အုန်းတော (တာပိန်) ရေအားလျှပ်စစ်စက်ရုံ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ မဂ္ဂါဝပ် ၆၀၀ ထွက် ရွှေလီ ၁ ရေအားလျှပ်စစ်စက်ရုံ တို့မှ လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးခဲ့ပြီး "လုံခြုံရေးအခြေအနေများ" ကြောင့် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ဘဲ စစ်အုပ်စု အနေဖြင့် မျှော်မှန်းထားသော လျှပ်စစ်ဓာတ်အားရရှိမှု ဝင်ငွေများ ဆုံးရှုံးခဲ့ရကြောင်း ကျော်ထင်က ဝန်ခံခဲ့သည်။

 

ထို့ပြင် ကတိပြုထားသည့် ရုရှား၏ ထောက်ပံ့ကူညီငွေများမှာလည်း ရောက်ရှိမလာခဲ့ကြောင်း ကျော်ထင်က ပြောခဲ့ပြန် သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကျန်ကမ္ဘာ့နိုင်ငံများကလည်း တရားဝင် ဖွံ့ဖြိုးရေးအကူအညီများကို ဆိုင်းငံ့ထားခဲ့ကြသည်။

 

ကိုးကား -ဧရာဝတီ သတင်းဌာန

 

အထက်ပါ သတင်းများကို သုံးသပ်ရမည်ဆိုက စစ်အုပ်စုသည် သံတမန်ရေး၊ စီးပွားရေးနှင့် မြေပြင်စစ်ရေး လုံခြုံရေးကဏ္ဍ အသီးသီးတွင် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရသည်ကို အထင်အရှား တွေ့မြင်နေရသည်။

 

တရုတ်နှင့် ရုရှားတို့သည် ကုလသမဂ္ဂတွင် စစ်အုပ်စု အတွက် သံတမန် ရေးအရ သာ အကာအကွယ်ပေးထားသော်လည်း ယခင်ကလို ၎င်းတို့၏ အပြုအမူများကို မျက်စိမှိတ် မထောက်ခံတော့ဘဲ "တင်းမာမှု မတိုးမြင့်စေရန်" နှင့် "ဖိအားမပေးဘဲ ကူညီရန်" ဟူသော စကားများဖြင့် ၎င်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးအမြတ် များကို ဆက်လက် ကာကွယ်ထားနိုင်ဖို့သာ ရည်ရွယ် နေသည်ကို တွေ့လာရသည်။

 

တရုတ်သည် စစ်အုပ်စု ၏ ကိုယ်ကျင့် သိက္ခာ မစောင့်စည်းပဲ စစ်အနိုင်တိုက်ရေး ကို နိုင်ငံတကာ မျက်နှာစာ တွင် လိုက် ၍ ထောက်ခံ ပေးနေပါက တရုတ်၏ မဟာစီမံကိန်း ကြီး ဖြစ် သော ကမ္ဘာ အုပ်ချုပ်ရေး အစီအစဉ်များကို ပြန်လည် ရေးဆွဲ နိုင်ရေး ကြိုးပမ်းမှု များကို ကမ္ဘာနိုင်ငံများက မေးခွန်း ထုတ်လာကြတော့မည် ဖြစ်သည်။ ဤသည်က စစ်အုပ်စု အား တင်းပြည့်ကျပ်ပြည့် ထောက်ခံဖို့ တရုတ်တို့ တွန့်ဆုပ်နေရသည့် အကြောင်းရင်းလည်း ဖြစ် ပေသည်။

 

မြေပြင် တွင် စစ်အုပ်စု ၏ မတည်မ ငြိမ် ဖြစ်လာ နေမှုကြောင့် ဘဏ္ဍာရေးအကူအညီများကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် လျှော့ချထားခြင်းများ လုပ်လာပြီ ဖြစ်သည်။ ဤသည်ကပင် တရုတ်၏ လတ်တလော ပြောင်းလဲလာသော မဟာဗျူဟာ ပင် ဖြစ်သည်။

 

စစ်အုပ်စု၏ ဒေါ်လာ လိုငွေပြမှုနှင့် ပြည်တွင်းစီးပွားရေး ယိုယွင်းလာမှုသည် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများအပြင် ၎င်းတို့၏ မဟာမိတ်ဟု ဆိုကြသော တရုတ်နှင့် ရုရှားတို့၏ အကူအညီ များ လက်တွေ့ ရောက်မလာခြင်းတို့ကြောင့် ပိုမိုမြန်ဆန်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!