Monroe Doctrine (မွန်ရိုးဝါဒ) ဆိုသည်မှာ အမေရိကန်သမ္မတ ဂျိမ်းစ်မွန်ရိုး က ၁၈၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အမေရိကန်ကွန်ဂရက်သို့ ပေးပို့သော နှစ်ပတ်လည်မိန့်ခွန်း၌ ထုတ်ဖော်ကြေညာခဲ့သည့် နိုင်ငံခြားရေးမူဝါဒတရပ်ဖြစ်သည်။
ထိုမူဝါဒအရ အနောက်ကမ္ဘာခြမ်းဟု ခေါ်သည့် လက်တင် အမေရိက တွင် မည်သည့် အင်အားကြီး နိုင်ငံ တနိုင်ငံကမျှ စွက်ဖက်သည်ကို လက်မခံဟု ကြေညာလိုက်ခြင်း ဖြစ်သည်။
တရုတ်သည် လည်း ကမ္ဘာဆူပါပါဝါ ဖြစ်လာသည်နှင့် အမျှ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံများ အပေါ် အလားတူ မူဝါဒ ကျင့်သုံးရန် လိုလားလာခဲ့သည်။
တရုတ်၏ မွန်ရိုးဝါဒဟု ဆိုနိုင်သည့် အခြေခံသဘောတရားမှာ မဟာဗျူဟာအကျိုးစီးပွားများအပေါ် အခြေခံ၍ ဒေသတွင်း ဩဇာလွှမ်းမိုးမှုနယ်ပယ်တရပ် တည်ဆောက်ရန်ဖြစ်သည်။ ထိုရည်မှန်းချက်သည် ပထဝီနိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်တစ်ရပ်အနေဖြင့် နားလည်နိုင်ဖွယ်ရှိ သော်လည်း ယင်း ကို အကောင်အထည်ဖော်နိုင်ရန် မည်သည့်မိတ်ဖက်များကို ရွေးချယ်မည်ဆိုသည်မှာ အလွန်အရေးကြီးသည်။
သို့သော် တရုတ်သည် ၎င်းတို့၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် သစ်ပင်များကိုသာ အာရုံစိုက်ရင်း သစ်တောတခုလုံးကို မမြင်နိုင်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့် အဖြစ်ကို မြန်မာ တွင် အထင်အရှား တွေမြင် နေရသည်။ ဒီမိုကရေစီအင်အားစုများကို ပစ်ပယ်ကာ မြန်မာစစ်အုပ်စုကို ဆက်လက်ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ကပင် မဟာဗျူဟာပိုင်းဆိုင်ရာ အမှားကြီး မှားခဲ့ခြင်း ဖြစ်ပြီး မြင်းမှားလောင်းမိခြင်းနှင့် တူညီ နေပေသည်။
၎င်းတို့၏ ကမကထ ပြုမှု ဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ပြီး နောက်တွင် လည်း ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် ပြုခံရခြင်း မရှိသော်လည်း စစ်အုပ်စုသည် ယခင်စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် အရပ်သားအစိုးရအသွင် ပြောင်းလဲကာ မိမိကိုယ်ကို ပုံရိပ်သစ်ဖော်ဆောင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အနိုင်ရသည့်ပါတီမှာလည်း စစ်ဘက်အရာရှိ ဟောင်း များနှင့် စစ်အုပ်စုအပေါ် သစ္စာခံသူများက အဓိက ပါဝင်နေသည်။
ထိုကဲ့သို့ ဒီပုတ်ထဲက ဒီပဲ ထွက်ပေါ်လာသော အစိုးရမျိုးသည် တရုတ်နိုင်ငံ လိုအပ်နေသည့် အရာများကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိသလောက် ဖြစ် နေသည်မှာလည်း အဆန်းတကြယ် တော့ မဟုတ်။ တရုတ် အဖို့က ရေရှည်စီးပွားရေးရည်မှန်းချက်များအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် ပိုမိုကျယ်ပြန့်သော ရေကြောင်းမဟာဗျူဟာတို့မှတစ်ဆင့် အထောက်အကူပြုနိုင်မည့် တည်ငြိမ်လုံခြုံပြီး ခန့်မှန်းတွက်ချက်နိုင်သော အိမ်နီးချင်းနိုင်ငံတနိုင်ငံ အမှန်တကယ် လိုအပ်နေသည်။
၂၀၂၁ ခုနှစ် မင်း အောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် တဖြည်းဖြည်း ပိုမိုမတည်မငြိမ် ဖြစ်လာခဲ့ပြီး တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် ၎င်းတို့၏ နယ်မြေထိန်းချုပ်မှုကို ပိုမိုတိုးချဲ့လာခဲ့ကြသည်။
ထူးခြားသည်မှာ တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုသည့် သဘာဝသယံဇာတ အရင်းအမြစ်များနှင့် အခြေခံအဆောက်အအုံ စီမံကိန်းအများအပြားသည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ကျရောက်နေခြင်းပင် ဖြစ်သည်။ ထိုအထဲတွင် ရှားပါး မြေသား သတ္ထုတွင်းများ၊ အိန္ဇိယ သမုဒ္ဒရာ ထွက်ပေါက် ဖြစ်သည့် ရေနက် ဆိပ်ကမ်း၊လသဘာဝဓာတ်ငွေ့ပိုက်လိုင်း များ တို့ ပါဝင်နေသည်။
ယခုအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သည် အဆိုပါ မဟာဗျူဟာအရ အရေးပါသော အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများကို ယခုအချိန်ထိ တိုက်ခိုက်ခြင်း မပြုသေးဘဲ ထိန်းထိန်းသိမ်းသိမ်း ပြုမူခဲ့ကြသည်။
ယင်းသို့ ပြုမူခြင်းသည် တစိတ်တပိုင်းအားဖြင့် ဘီဂျင်းအစိုးရ၏ ယုံကြည်လက်ခံမှုနှင့် အကောင်းဖက်က ရှုမြင် စေလိုသည့် ၎င်းတို့၏ ဆန္ဒကို ထင်ဟပ်စေသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိကြောင်း ပြသလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။
စစ်ရေးအသုံးစရိတ် မြင့်တက်လာမှု၊ အကျင့်ပျက်ခြစားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒ နှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ ကြောင့် မြန်မာ့စီးပွားရေးသည် သိသိသာသာ ဆိုးရွားကျဆင်းလာခဲ့သည်။ (နောက်တကြောင်းက အကြောင်းပြချက် ရသွားပြီး တရုတ်တပ်များ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ပတ်သက်လာ နိုင်သည့် အန္တရာယ်ကလည်း ရှိနေပြန်သည်။)
တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် နှစ်နိုင်ငံစီးပွားရေး သဘောတူညီချက်များစွာအရ ကတိပြုထားသည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေမျိုး စစ်အုပ်စုတွင် မရှိတော့ပေ။ အထူးသဖြင့် စီမံကိန်းများ အကောင်အထည်ဖော်မည့် ဒေသများ၌ လုံခြုံရေးကို အာမခံပေးနိုင်ခြင်း မရှိသည့်အတွက် ပို၍ ခက်ခဲလာနေသည်။
ပိုမိုဆိုးရွားသည်မှာ စစ်အုပ်စုသည် ဝင် ငွေ ရရာ ရ ကြောင်းအဖြစ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်သည့် ကျားဖြန့်စင်တာများ အမြောက်အမြား ပြန့်ပွားလာမှုကို ခွင့်ပြုထားခြင်းဖြစ်သည်။ အဆိုပါစင်တာများကို လည်ပတ်နေသည့် စစ်ဘုရင်များ နှင့် စစ်တပ်အရာရှိအချို့အကြား နီးကပ်သော ဆက်ဆံရေးများ ရှိနေကြောင်းလည်း သတင်းများက ဖော်ပြ နေသည်။
တည်ငြိမ်မှုနှင့် လုံခြုံရေးကို ပေးစွမ်းနိုင်ခြင်းမရှိသည့်အပြင် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးအဖွဲ့သည် ယုံကြည်စိတ်ချရသော မဟာမိတ်လည်း မဟုတ်ပေ။ မင်းအောင်လှိုင်သည် အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်နေသည့် အခြေအနေကို မိမိအကျိုးစီးပွားအတွက် အသုံးချရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သူဖြစ်သည်။ မိမိအကျိုးစီးပွားအတွက် အကျိုးရှိမည်ဆိုပါက တရုတ်နိုင်ငံကို မျက်နှာလွှဲခဲပစ် လုပ်ကာ ဆန့်ကျင်ဘက်သို့ အလွယ်တကူ ပြောင်းလဲရပ်တည်သွားမည့်သူလည်း ဖြစ်သည်။
အနောက်နိုင်ငံများဖက်က ၎င်းအ ပေါ် အကောင်းမြင်လာ စေရန် နှင့် ချစ်ကြည်ရင်းနှီးမှုကို ရရှိရန် ၎င်း၏ ကြိုးပမ်းမှုများကို မကြာသေးမီက အောက်ပါဖြစ်ရပ်များတွင် ထင်ရှားစွာ တွေ့မြင်နိုင်သည်။
TIME မဂ္ဂဇင်းအား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ခြင်း၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်သို့ တိတ်တဆိတ် ဖိတ်ခေါ်ခဲ့ခြင်း၊ အမေရိကန် လော်ဘီကုမ္ပဏီများကို ငှားရမ်းခြင်း တို့ ဖြစ်သည်။
ယခင်ကလည်း မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို ပြန်၍ တွန်းကန် ထားနိုင်ရန် ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် မော်စကိုအစိုးရက ၎င်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အခါ ဘီဂျင်းဘက် ပြန်ဦးလှည့်လာခဲ့ပြန်သည်။
ထို့ကြောင့် ဘီဂျင်းအစိုးရအနေဖြင့် ၎င်းတို့၏ ရေရှည်မဟာဗျူဟာအကျိုးစီးပွားများကို မင်းအောင်လှိုင် နှင့် အဖွဲ့အား ယုံကြည်စိတ်ချစွာ အပ်နှံဖို့ နှစ်ကြိမ်ပြန်လည်စဉ်းစားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစစ်အုပ်စု၏ သစ္စာခံမှုသည် အခြေအနေနှင့် အကျိုးစီးပွားအပေါ် မူတည်နေပြီး ၎င်း၏ အာဏာဆက်လက်တည်မြဲနိုင်မှုမှာလည်း တနေ့ထက်တနေ့ ပို၍ ပို၍ မသေချာ မရေရာ ဖြစ်လာနေသောကြောင့် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သည် စစ်တပ်ကြီးစိုးသော အုပ်ချုပ်ရေးစနစ်အောက်တွင် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လုံခြုံရေးနှင့် စီးပွားရေးသာယာဝပြောမှုတို့ကို ရရှိနိုင်မည်မဟုတ်ကြောင်း နှင့် မည်သည့်အဖွဲ့အစည်းမျှ စစ်တပ်ကို တဖွဲ့တည်းဖြင့် အနိုင်ယူနိုင်မည်မဟုတ်ကြောင်း နားလည်သဘောပေါက်ထားခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အနာဂတ်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရေးအတွက် ပိုမို စိတ်အားထက်သန်လာကြသည်။
၂၀၂၆ ခုနှစ် မတ်လတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ကို ညီညွတ်စွာ ဖွဲ့စည်းလာခဲ့ကြသည်။
တရုတ်နိုင်ငံအတွက်မူ ယခု ပေါ်ပေါက်လာနေသည့် မဟာမိတ်အင်အားစုသည် အင်အားချည့်နဲ့လာနေသော စစ်အုပ်စုအပေါ် ဆက်လက်မှီခိုနေရခြင်းမှ လွတ်မြောက်နိုင်မည့် အခြားရွေးချယ်စရာတရပ်ပင် ဖြစ်သည်။
မြန်မာသည် အရွယ်အစားအားဖြင့် အတော်အသင့် သေးငယ်သော နိုင်ငံတနိုင်ငံဖြစ်၍ လက်ရှိပဋိပက္ခများအဆုံးတွင် ပေါ်ပေါက်လာမည့် မည်သည့်အစိုးရမဆို မိမိ၏ အင်အားကြီးမားသော အိမ်နီးချင်းနိုင်ငံနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးများကို ထိန်းသိမ်းထားရန် ပထဝီဝင်အနေအထားနှင့် စီးပွားရေးအရ ခိုင်မာသော အကြောင်းပြချက်များစွာ ရှိနေပြီး ဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီအင်အားစုများသည်လည်း အနောက်နိုင်ငံများကို အားကိုး၍ မရကြောင်း တဖြည်းဖြည်း နားလည်သဘောပေါက်လာကြသည်။ ယခုပင်လျင် ဝါရှင်တန်အစိုးရသည် စစ်အုပ်စုနှင့် ၎င်းတို့ အကျိုးရှိရာ ရှိ ကြောင်း လျှို့ဝှက်စွာ ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်လာခြင်းကလည်း မြန်မာ့ဒီမိုကရေစီအင်အားစုများက အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် မိမိ၏ မူဝါဒကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းအားဖြင့် ဘီဂျင်းအစိုးရသည် နိုင်ငံအတွက် အရေးပါသော အလှည့်အပြောင်းကာလကြီး တွင် မြန်မာပြည်သူများ၏ ယုံကြည်လေးစားမှုနှင့် စေတနာကောင်းကို ရရှိနိုင်မည့် ရှားပါးသော အခွင့်အရေးတရပ်ကို ပိုင်ဆိုင် နေပြီ ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများ၏ မျှော်မှန်းချက်များကို အသိအမှတ်ပြုလက်ခံသည့် နိုင်ငံရေးအဖြေရှာမှုတရပ် ပေါ်ပေါက်လာစေရန် ထောက်ခံအားပေးခြင်းသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ထိခိုက်စေမည်မဟုတ်သည့် အပြင် ၎င်းတို့ ကာလကြာရှည်စွာ လိုလားတောင့်တခဲ့သည့် တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ကြိုတင်ခန့်မှန်းနိုင်သည့် အခြေအနေများကို တည်ဆောက်နိုင်ရန် အထောက်အကူပြုနိုင်ပေလိမ့်မည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မိမိ၏ ရေရှည်အကျိုးစီးပွားများကို လုံခြုံစိတ်ချစွာ ကာကွယ်လိုပါက တည်ငြိမ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတရပ် တည်ဆောက်နိုင်စွမ်းရှိသည့် အင်အားစုများကို ထောက်ခံအားပေးခြင်းသည် ပိုမိုသတိကြီးစွာ ချင့်ချိန်ထားသော ရင်းနှီးမြှုပ်နှံမှုတရပ် ဖြစ်ပေလိမ့်မည်။ ယင်းသည် နယ်မြေထိန်းချုပ်နိုင်မှု တဖြည်းဖြည်း လျော့နည်းလာခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် မတတ်သာ၍ လိုက်လျော နေရသည့် လက္ခဏာ ရှိနေသော စစ်အုပ်စုကို ဆက်လက်ကျောထောက်နောက်ခံပြုခြင်းထက် ပိုမိုသင့်လျော်သော ရွေးချယ်မှုဖြစ်နိုင်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
(၂၀၂၆ အောက်တိုဘာ ၂၆ နေ့ ဧရာဝတီ တွင် ပါရှိသော China’s Monroe Doctrine and Its Strategic Blunder in Myanmar ဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြသည်။)