ကျွန် တော့် မိခင် နယ်တွင် အထက်တန်း ကျောင်းအုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ်က ကျောင်းစစ် ဆေးရန် လာကြသော တိုင်း ပညာရေး မှုး အဖွဲ့က ပြောသွားသည်ကို ယခု တိုင် မှတ်မိနေသေးသည်။
"ကျွန်တော်တို့က တော့ ကျောင်းစစ်ဖို့ လာတယ်ဆိုရင် အရင်ဆုံး ကျောင်းနားက လ္ဘက်ရည်ဆိုင် အရင် သွားထိုင်လိုက်တာဘဲ၊ အဲ့ဒီမှာ စုံစမ်းတော့တယ်၊ ဒီဆရာမကြီးက အရမ်းတော်တယ်၊ အုပ်ချုပ်ရေးလည်း ကောင်းတယ် ဆိုရင် တော့ တခုခု မှားနေပြီ၊ သေချာ စစ်ဆေးရတော့မယ်၊ အဲ.. ဆိုးတယ် ဆိုရင်တော့ အုပ်ချုပ်တာ တော်တယ်လို့ ယူဆတယ်၊ လူတွေက ဆိုးတယ် ဆိုရင် ကျောင်းသား တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လို့ပဲ၊ တော်တယ် ဆိုတာက စည်းကမ်းပိုင်း လျော့တိလျော့ရဲ လို့ ယူဆတယ်"
ဤသည်က လမ်းစဉ်ပါတီ ခေတ်ကတည်းက အရိုးစွဲလာသော ဗြူရိုကရက်များ၏ ခံယူချက်ပင် ဖြစ်သည်၊ ၎င်းတို့ကို ထိုသို့ ခံယူရမည်ဟု မည်သူကမျှလည်း ရိုက်သွင်း ပေးခဲ့ခြင်း မဟုတ်၊ ခေတ်၏ လားရာ အတိုင်း စီးမျောလာခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အရပ်ဖက် ရောက်လာသော စစ်ဖက် အရာရှိ ဟောင်းများလည်း ထိုနည်း နှင်နှင်ပင် ဖြစ်သည်။
အဘယ်ကြောင့် လူထု အပေါ် အုပ်ချုပ် ရေး နှင့် ပတ်သက်၍ ထိုသို့ အတွေး အခေါ်များ အယူအဆများ သံမှိုစွဲသလို တွယ်ကပ်လာနေရသနည်း။
ဤသည်ကို ကြည့်မည်ဆိုက ဗမာ့ဗြူရိုကရက်ယန္တရားနှင့် အုပ်ချုပ်ရေးစနစ်တွင် ဆယ်စုနှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ "ဖိနှိပ်မှု/တင်းကျပ်မှုကို အောင်မြင်မှုဟု ထင်မှတ်သည့် ဝါဒ" (Authoritarian Mindset)ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်လာရသည်။
"လူထု က ဆိုးတယ်လို့ ပြောရင် တော်တယ်၊ တော်တယ်လို့ ပြောရင် လျော့ရဲလို့ တခုခုမှားနေပြီ" ဆိုတဲ့ အတွေးအခေါ်သည် အခြေခံအားဖြင့် "အုပ်ချုပ်ခံကို ရန်သူလို သဘောထားသည့် အတွေးအခေါ်" ဖြစ်ပြီး၊ ထိုသို့ သံမှိုစွဲသလို တွယ်ကပ်နေရတဲ့ အကြောင်းရင်းများ ကို ရှု့ထောင့် မျိုးစုံ က တွေ့ရမည် ဖြစ်သည်။
၁။ စစ်အာဏာရှင်စနစ်နှင့် အမိန့်ပေးစနစ် (Command and Control) ၏ အမွေအနှစ်
လမ်းစဉ်ပါတီခေတ်ကတည်းက စတင်ပြီး နောက်ပိုင်း စစ်အစိုးရခေတ်အဆက်ဆက်အထိ မြန်မာ့အရပ်ဘက် ဌာနဆိုင်ရာများကို စစ်ဘက်က လွှမ်းမိုးခဲ့သည်။ စစ်ဘက်ဆိုင်ရာ ယဉ်ကျေးမှုမှာ -
စည်းကမ်းဆိုသည်မှာ ဖိနှိပ်ခြင်းဖြစ်သည်။ စည်းကမ်းကို နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ဆောက်ရမည်ဟု မယူဆဘဲ အကြောက်တရား၊ ဖိအားနဲ့ သံမဏိစည်းကမ်း ဖြင့်သာ တည်ဆောက်ရမည်ဟု ယူဆထားကြသူများ ဖြစ်သည်။
အုပ်ချုပ်ခံဆိုသည်မှာ နာခံရမည့်သူဖြစ်သည်။ ပြည်သူသည် အမိန့်ကို မေးခွန်းမထုတ်ဘဲ နာခံရမည့်သူများဖြစ်ပြီး၊ ၎င်းတို့က ချီးမွမ်းနေလျှင် အုပ်ချုပ်သူဘက်က ပျော့ညံ့နေပြီ (သို့မဟုတ်) အလိုလိုက်ထားပြီဟု အလိုအလျောက် ထင်မှတ်ကြသည်။
၂။ "ကိုယ်ချင်းစာတရား" ကင်းမဲ့သော ဗြူရိုကရေစီယန္တရား (Faceless Bureaucracy)
ဗြူရိုကရက် အရာရှိကြီးများသည် ပြည်သူများ၏ "အဆင်ပြေချောမွေ့မှု" ကို အဓိကမထားဘဲ ၎င်းတို့၏ "အာဏာတည်မြဲမှုနဲ့ ထိန်းချုပ်နိုင်စွမ်း" ကိုသာ ဦးစားပေးကြသည်။
အလုပ်တစ်ခု အောင်မြင်ခြင်း/မအောင်မြင်ခြင်းကို ပြည်သူများ၏ စိတ်ကျေနပ်မှု နှင့် မတိုင်းတာဘဲ၊ လူထုကို ဘယ်လောက် ငြိမ်ဝပ်ပိပြားအောင် ထိန်းထားနိုင်သလဲ ဆိုသည့် "တည်ငြိမ်ရေး" နှင့် သာ တိုင်းတာတတ်ကြ၍ ဖြစ်သည်။
၃။ စနစ်တစ်ခုလုံးက ဖန်တီးထားသည့် "ရှင်သန်ရေး ဗီဇ" (Surviving Instinct)
အထက်က အရာရှိများသည် ထိုသို့ မည်သူကမျှ ရိုက်သွင်းမပေးဘဲ ဘာကြောင့် ထိုသို့တွေးလာကြသလဲဆိုသည့် မေးခွန်း၏ အဖြေသည်က "အစစ်ဆေးခံရသက်သာအောင် ရှင်သန်တတ်ခြင်း" ကြောင့် ပင် ဖြစ်သည်ဟု ဆိုရပေမည်။
လမ်းစဉ်ပါတီခေတ်ကတည်းက အထက်လူကြီးများသည် "တင်းကျပ်ပြတ်သားသူ" ကို သဘောကျပြီး "ပျော့ပျောင်း ညှိနှိုင်းတတ်သူ" ကို အသုံးမကျသူဟု သတ်မှတ်လေ့ရှိတတ်စမြဲ ဖြစ်သည်။ ထို့ကြောင့် အောက်ခြေအရာရှိများသည် အထက်က အထင်မလွဲစေရန် လူထုအပေါ် တင်းကျပ်ပြပြီး၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပြခြင်းဖြင့် မိမိတို့ရာထူး တည်မြဲရေးကို ရှာကြံလာကြသည်။
၄။ အရပ်ဘက်သို့ ရောက်လာသော စစ်ဘက်အရာရှိဟောင်းများ၏ အလေ့အထ
အရပ်ဘက် ရောက်လာသည့် စစ်ဘက်အရာရှိဟောင်းများ တွင် ထိုသို့ သော အတွေးအခေါ် မျိုးက ပို၍ ပြင်းထန်ရခြင်းမှာ ၎င်းတို့ ဖြတ်သန်းခဲ့ရတဲ့ စစ်တပ်ဝန်းကျင် ဗီဇကြောင့် ဖြစ်သည်။
စစ်တပ်တွင် "ရန်သူနှင့် မိတ်ဆွေ" နှစ်မျိုးပဲ ရှိသည်။ ၎င်းတို့သည် အရပ်ဘက်အုပ်ချုပ်ရေးသို့ ရောက်လာသည့်တိုင်အောင် ပြည်သူကို "ဝန်ဆောင်မှုပေးရမည့်သူ" အဖြစ် မရှုမြင်ဘဲ၊ "အမိန့်အောက်တွင် ထိန်းချုပ်ရမည့် အုပ်ချုပ်ခံ" ဟုသာ ရှုမြင်ထားကြသည်။
ယင်းသည် "ပြည်သူဗဟိုပြု (People-Centered)" မဖြစ်ဘဲ "အာဏာဗဟိုပြု (Power-Oriented)" ဖြစ်ခဲ့သည့် မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေးစနစ်ဆိုးကြီး၏ နှစ်ပေါင်းများစွာက ပေးလာခဲ့သည့် အဆိပ်အတောက်များပင် ဖြစ်သည်။
ထိုကဲ့သို့သော အတွေးအခေါ်မျိုးနှင့် ခေတ်မီပြီး တိုးတက်သည့် လူ့အဖွဲ့အစည်းကို မည်သို့မျှ တည်ဆောက်နိုင်မည် မဟုတ်ဘဲ ကြောက်ရွံ့ခြင်း၊ လိမ်ညာခြင်းနှင့် မျက်နှာလိုမျက်နှာရ လုပ်ခြင်းများကိုသာ မွေးထုတ်ပေး မည့် စနစ် ဆိုးကြီးပင် ဖြစ်သည်။
မိမိတို့နိုင်ငံ အမှန်တကယ် ပြောင်းလဲတိုးတက်ဖို့၊ နိုင်ငံတကာနှင့် အမီလိုက် နိုင်ဖို့ အဓိက အရေးကြီးဆုံးသည်က ရာထူးအာဏာရှိသူများ၏ အထက်တွင် ဖေါ်ပြခဲ့သည့် "ဗြူရိုကရက် အဆိပ်သင့် အတွေးအခေါ်ဆိုးကြီး" ကို အမြစ်ကနေ အမြစ်လှန်ပစ်ဖို့ လိုအပ် နေသည်။
ထိုသို့ လှန်ပစ်နိုင်မှသာ ကျန်သည့် ဖွံ့ဖြိူးတိုးတက်ရေး ဆိုသည်က သူ့အလိုလို စီးဆင်းလာမည်သာ ဖြစ်သည်။နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ဖို့အတွက် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်သော အဓိကသော့ချက် ပင် ဖြစ်သည်။ ထိုသို့ မလုပ်နိုင်ပါက မည်သည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမဆိုဟာ ရေရှည်မခံဘဲ အပေါ်ယံ ဟန်ပြ (Window Dressing) သာ ဖြစ်သွားပေမည်။
ခေတ်မီ ဖွံ့ဖြိုးတိုးတက် နေသည့် နိုင်ငံတိုင်းတွင် အုပ်ချုပ်ရေးယန္တရား ၏ အဓိကတာဝန်သည် ပြည်သူကို "ဝန်ဆောင်မှုပေးခြင်း (Public Service)" ဖြစ်သည်။
ဥပမာအားဖြင့် နိုင်ငံတကာအဆင့်မီ e-Government စနစ် သို့မဟုတ် ဒီဂျစ်တယ်စနစ်များကို ဘတ်ဂျက်အမြောက်အမြားသုံးပြီး တည်ဆောက်ခဲ့လျင်ပင်၊ အရာရှိကြီးများ၏ ခံယူချက်သည် လူထုကို "ထိန်းချုပ်ဖို့၊ ကန့်သတ်ဖို့၊ ဖိနှိပ်ဖို့" ကိုသာ ဦးတည်နေမယ်ဆိုက ထိုနည်းပညာများသည် ပြည်သူကို ပိုမိုဒုက္ခပေးပြီး အကျပ်အတည်း ကျစေမည့် ကိရိယာများ ဖြစ်သွား ပေလိမ့်မည်။
တာဝန်ရှိသူများကသာ ငါတို့သည် ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု ခံယူလိုက်သည်နှင့် အောက်ခြေက လုပ်ငန်းစဉ်များ (ကျောင်းအပ်၊ လိုင်စင်လုပ်၊ စီးပွားရေးလုပ်) အားလုံးဟာ ဗြူရိုကရေစီ ကြိုးနီ စနစ် ပြေ လျော့ကျသွားပြီး ဖွံ့ဖြိုးတိုးတက်မှုသည် အဟန့်အတားမရှိ စီးဆင်းလာမည် ဖြစ်သည်။
နိုင်ငံတကာက စီးပွားရေးလုပ်ငန်းများ၊ နည်းပညာရှင်များနှင့် ရင်ဘောင်တန်းဖို့ဆိုက ၎င်းတို့ လာရောက်ရင်းနှီးမြှုပ်နှံချင်သည့် ပတ်ဝန်းကျင်ကောင်း ဖြစ်ဖို့လို ပေသည်။
အာဏာပြချင်သည့်၊ တင်းကျပ်ပြမှ တော်သည်ဟု ထင်နေသည့်၊ ဥပဒေထက် မိမိအလိုဆန္ဒကို ရှေ့တန်းတင်သည့် အစိုးရအရာရှိများ ရှိနေသရွေ့ နိုင်ငံတကာက အဆင့်မြင့် ရင်းနှီးမြှုပ်နှံသူများ လာဝံ့ကြမည် မဟုတ်ပေ။
ဗြူရိုကရက်စနစ်ကို မြေလှန်ပစ်ပြီး တရားဥပဒေစိုးမိုးမှု နှင့် ပွင့်လင်းမြင်သာမှု ကို တည်ဆောက်နိုင်မှသာ နိုင်ငံတကာက ယုံကြည်မှုရှိလာပြီး စီးပွားရေးကဏ္ဍသည် တဟုန်ထိုး တိုးတက်လာမည် ဖြစ်သည်။
ပညာရေး တွင်လည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းဖို့ဆိုက ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း ရှိသည့် လူငယ်များ လိုအပ် ပေသည်။ ကလေးများကို "တင်းကျပ်မှ တော်တယ်" ဆိုသည့် စံနှုန်းနှင့် တိုင်းတာနေသရွေ့ ကလေးများကို လွတ်လပ်စွာ တွေးခေါ်ခွင့် ပေးမှာမဟုတ်သည့် အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်ပေ။
တိုးတက်သည့် နိုင်ငံတိုင်းတွင် စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှုကို အစိုးရက လုပ်သည် မဟုတ်၊ ပုဂ္ဂလိကကဏ္ဍက လုပ် ဆောင်ခြင်းမျိုး ဖြစ်သည်။ အစိုးရက လမ်းခင်းပေးရုံ သာ ဖြစ်ရ ပေမည်။ ပုဂ္ဂလိကကဏ္ဍ ကို "ထိန်းကျောင်း မောင်းနှင်ရမည့်သူ" ဟု မမြင်ဘဲ "ထိန်းချုပ် ပိတ်ဆို့ရမည့်သူ" ဟု မြင်ကြသည့် အတွက် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုအားလုံး ဖုတ်လှိုက် ဖုတ်လှိုက်သာ ဖြစ်နေပေမည်။
အဆောက်အအုံတခုကို အောက်ခြေဖောင်ဒေးရှင်း မကောင်းဘဲ အပေါ်က ဆေးလှလှသုတ်ရုံနဲ့ မခိုင်ခံ့နိုင်သလိုပဲ၊ နိုင်ငံတနိုင်ငံသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းဖို့ဆိုက ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ဖို့ထက် လက်ရှိ "အုပ်ချုပ်သူ ဗြူရိုကရက်များ၏ ခံယူချက်နှင့် စနစ်ဆိုးကြီး (Systemic Paradigm Shift)" ကို အရင်ဆုံး အမြစ်ပြတ်အောင် ပြောင်းလဲပစ်ဖို့က ပထမဆုံးနဲ့ အဓိကအကျဆုံးခြေလှမ်း ဖြစ်သည်ဟု ပြောလို ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!