The Prisoner in His Palace (5)

by Hla Soewai - Nov 16 2026

ထိုသို့ မတော်တဆ မထိန်း နိုင်ဘဲ အပေါ့အပါး လွှတ်ထွက်သွားရခြင်း၏ အကြောင်းရင်းနှင့် ပတ်သက်၍ အမျိူးမျိူး ပြောဆို နေကြသည်။ အချို့ကမူ ပကင်းစ် သည် အောင့်မထားနိုင်တော့၍ ဖြစ်သည်ဟု ဆိုကြပြီး၊ အချို့ကလည်း အဝေးတနေရာမှ ပေါက်ကွဲသံ သို့မဟုတ် လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်လာမှုကြောင့် "အဖိုးကြီး" လန့်သွားကာ သေးထွက်ကြ သွားရခြင်း ဖြစ်သည်ဟု ယူဆကြသည်။ မည်သည့်ယူဆချက်က မှန်သည်ဖြစ်စေ၊ ပကင်းစ်မှာ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ ရက်သတ္တပတ်ပေါင်းများစွာတိုင်အောင် သရော်လှောင်ပြောင်ခံနေရဦးမည် ဖြစ်သည်။ စပါယ်ရှယ်လစ် ရော်ဂျာဆန် နှင့် တပ်သား ဒေါ့ဆန် တို့ကမူ ထိုအထဲတွင် အတွဲညီကြကာ အဆိုးဆုံး ဖြစ်သည်။

 

အထူးသဖြင့် ရှည်လျားပြီး ပူပြင်းလှသော ‌နေပူရှိန် အောက် ကင်းလှည့် ပြီးသည့် အခါတိုင်း ရောဂျာဆန် မှ လွဲ၍ ကျန်အဖွဲ့ဝင်များသည် လုပ်နေကျ တာဝန်များကို ပြီးစီးအောင် ဆောင်ရွက်နေကြစမြဲ ဖြစ်သည်။ ရောဂျာဆန် ကမူ သူ၏ ပွိုင့် 240 စက်သေနတ်ကြီးနှင့် ချွေးတလုံးလုံး ဖြင့်အလုပ်ရှုပ် နေခဲ့သည်။ ဒေါသလည်း ထွက်နေသည်။

 

 အသက်ကြီးကြီး ပကင်းစ် ကမူ—ထုံးစံ အတိုင်း—ဆရာကြီးစတိုင်ဖြင့် တရားရေအေး တိုက် ကျွေး နေဆဲ ဖြစ်ရာ၊ နားမခံသာ ဖြစ်လာသည့် အိုဟိုင်းယိုးပြည်နယ်သား ရော့ဂျာဆန်သည် သူထက် ခန္ဓာကိုယ် ပိုသေးငယ်ပြီး အနည်းငယ် တုတ်ခိုင်သော ပကင်းစ်ကို ဝင်လုံးကာ မြေကြီးပေါ် လှဲချလိုက်သည်။

 

ရော့ဂျာဆန်သည် ပါကင်းစ်ကို မြေပြင်ပေါ်တွင် ဖိထားပြီး စက်သေနတ်၏ သေနတ်ကြိုးဖြင့် ပတ်နှောင်ထားလိုက်လေသည်။ နောက်ပိုင်းတွင် ထိုသို့ စိတ်တိုဒေါသထွက်လွန်သွားခဲ့သည့်အတွက် နောင်တအနည်းငယ် ရမိကြောင်း ဝန်ခံကာ ရော့ဂျာဆန်က— "သူက ကျနော့်အခန်းဖော်ပါ၊ ကျနော်လည်း သူ့ကို သဘောကျပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျနော် တကယ်ကို စိတ်မထိန်းနိုင်တော့တာ" ဟု ရှင်းပြခဲ့သည်။

 

ထိုအချိန်တွင် အီရတ်တွင် သူတို့၏ ဘဝ များသည်လက်နက်များကို ကားများ ပေါ်သို့ တင် ပေးရခြင်း၊ ကားတန်း များဖြင့် ထွက်ခွာရခြင်း၊ ထို့နောက် အခြေစိုက်စခန်းသို့ ပြန်ရောက်ပြီး အချိန်ရသ လောက် အပြေး အလွှား အနားယူရခြင်းတို့ ဖြင့် နေ့စဉ်လို လည်ပတ် နေ ရသည်။ အီရတ်တလွှားရှိ အမေရိကန်စစ်သားများသည်လည်း နေ့စဉ် လို ကင်းလှည့်ခရီးစဉ်များကို ထွက်ခွာနေကြပြီး ၎င်းတို့နှင့် ခြားနားမှု မရှိ ပေ။

 

ဟတ်ချင် ဆန် သည် သူတို့အား ရိုးရိုး စစ်ဘက်ရဲအဖွဲ့မှ "Super Twelve" ဟု ခေါ်ဆိုလာကြသည့် အဖွဲ့အဖြစ် ပြောင်းလဲ ပေးလိုက်သည့် ညတည ကို ကောင်းစွာ အမှတ်ရ နေခဲ့သည်။ ထိုည ဟတ်ချ် သည် ခရီးစဉ်မှ ပြန်ရောက်လာပြီး အနားယူရမည့် အချိန်ကို မျှော်လင့်နေခဲ့သည်။

 

သူသည် သမီးငယ်နှစ်ယောက်နှင့် သားတယောက်၏ ဖခင်လည်း ဖြစ်၍ စိတ်ဓါတ် မြှင့်တင်ရေး၊ သက်သာ ချောင်ချိအပန်းဖြေရေး ဆိုသည့် Morale, Welfare, and Recreation (MWR) စခန်းသို့ တတ်နိုင်သမျှ မကြာခဏ သွားရောက်ပြီး အိမ်သို့ ဖုန်းဆက်ကာ ကလေးများ၏ "တီတီတာတာ အပြောလေးများ" ကို နားထောင်လေ့ရှိသည်။ ၎င်းသည် ပြီးခဲ့သော ငါးနှစ်အတွင်း အိမ်တွင် နေရချိန်ထက် အပြင် ရောက်ရှိနေရချိန် ပိုများခဲ့သဖြင့် ကျင့်သားရလာသော အလေ့အထလည်း ဖြစ်သည်။

 

MWR တဲများသည် အလှအပ ကင်းမဲ့သော်လည်း အလွန်ပင် တန်ဖိုးထားရသော နေရာများ ဖြစ်ကြသည်။ ထိုတဲများထဲတွင် ဖုန်းများနှင့် အင်တာနက်ချိတ်ထားသော ကွန်ပျူတာများ တန်းစီချထားပြီး အထပ်သားများဖြင့် အခန်းဖွဲ့ ကာရံထား၍ စစ်သည်များသည် အမိမြေရှိ မိသားစုများထံသို့ အဆက်အသွယ်လုပ်နိုင်ရန် ထိုနေရာများတွင် တန်းစီစောင့်ဆိုင်းကြရသည်။ 

 

သို့သော် ယခုညတွင်မူ ဟတ်ချ် တယောက် ဇနီးသည်နှင့် စကားပြောခွင့် မရခဲ့ပေ။ အကြောင်းမှာ သူ၏ တပ်စုခေါင်းဆောင် တပ်ကြပ်ကြီး လူ့ခ် ကွမ်ဘ်စ် နှင့် အစည်းအဝေးတက်ရန် ခေါ်ယူခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။ ကွမ်ဘ်စ် သည် ပြည်မကြီးသို့ ပြန်ရောက်သည့်အခါ အမေရိကန်စစ်တပ်၏ အထူးတပ်ဖွဲ့ သို့ ဝင်ရောက်အရည်အချင်းစစ်ဆေးခံရန် မျှော်လင့်ထားပြီး၊ ယင်းအခွင့်အရေး ပိုမိုကောင်းမွန်လာစေရန် အီရတ်နိုင်ငံရှိ အနားယူချိန်များကိုပင် ခွန်အားစိုက်ထုတ်ရသည့် ကိုယ်ကာယ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဖြင့် အချိန်ကုန်ဆုံးစေခဲ့သူ ဖြစ်သည်။ 

 

၎င်းက စုရုံးရောက်ရှိနေကြသော သူ၏အဖွဲ့သားများကို ယခုကဲ့သို့ ပြောကြားလိုက်သည်— "ငါတို့မှာ အခု တာဝန်ပိုင်း အပြောင်းအလဲ ရှိလာပြီ။ ကွန်ဗိုင်းယာဉ်တန်း အစောင့်အရှောက် လိုက်ပေးစရာ မလိုတော့ဘူး။ အခြေခံအဆင့် ဒေသခံတွေကို စောင့်ကြည့်ရမယ့် တာဝန်တွေလည်း ပြီးဆုံးပြီ။ မင်းတို့ သဘောကျချင်မှ ကျမယ်၊ ဒါမှမဟုတ် သဘောကျလည်း ကျလိမ့်မယ်၊ ဒါပေမဲ့ အဓိက အချက်ကတော့ ငါတို့ ဒီတာဝန်ကို လုပ်ရမယ်ဆိုတာပဲ။ ငါတို့ကို အရေးကြီး အကျဉ်းသား တဦးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးအပ်ထားတယ်။"

 

ဤသတင်းသည် စိတ်ဝင်စားဖွယ်ကောင်းသော်လည်း စစ်ရဲတပ်ဖွဲ့ဝင်များအတွက် "အကျဉ်းသား ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ" မှာ သာမန်လုပ်ငန်းပုံစံတခု ဖြစ်နေကြမို့ လုံးဝ အံ့သြသွားခဲ့ခြင်းတော့ မရှိ။ သို့သော် သူ့ ဆက် ပြောလာသည်များက သာမန်ထက် လွန်စွာ ကွာခြားနေခဲ့သည်။ ၎င်းတို့ ထိန်းသိမ်း စောင့်‌ ရှောက်ရမည့် အကျဉ်းသားကား အခြားသူမဟုတ်၊ ဆက်ဒမ် ဟူစိန် ဖြစ်နေသော ကြောင့် ပင်တည်း။

 

ကြားလိုက်ရသည့် အမည် ကြောင့် ခဏမျှ အားလုံး မှင်သက်မိ သွားကြပြီးနောက် ပေါ့ပျက်ပျက် မှတ်ချက်ပေးသံများ ထွက်လာသည်။ "သူ့ကို သတ်ပစ်သင့်တယ်!" ဟု တယောက်က နောက်ပြောင်သည့် သဘောဖြင့် အော်ဟစ်လိုက်၏။ သူ့စရိတ် နဲ့ သွားပါစေ၊ မီးလောင်ပြီး သေသွား အေးတာပဲ" ဟု ဟတ်ချ် က စိတ်ထဲမှ ကြိမ်းဆဲလိုက်သည်။

 

ခရစ် တက်စကာ က ထိုသတင်းကို ကြားလိုက်ရ၍ စိတ်ဓာတ်ကျသွားခဲ့ရသည်။ "ကျနော် စိတ်ပျက်သွားတာ၊ ကျနော်က ကင်းစခန်း အပြင်ဘက်ထွက်ပြီး ကင်းလှည့်ချင်တာ၊ လူတွေကို စောင့်ရှောက်ကြည့်ရှုပေးနေတဲ့ အလုပ်မျိုး မလုပ်ချင်ဘူး"

 

စစ်တပ်ထဲ ဝင်ဖူးသူတိုင်း သိကြသည့်အတိုင်း "ရန်သူနှင့် အနီးကပ် ရင်ဆိုင်ပြီး ရန်သူ့ကို သုတ်သင်ရှင်းလင်းရန်" ဆိုသည်မှာ ထိုအဖွဲ့အစည်းက အစဉ်အမြဲ ရိုက်သွင်းပေးနေသည့် ပင်မ ရည်မှန်းချက်ချက်တခု ဖြစ်သည်။ စစ်သည်များကို လူပုံသဏ္ဍန် အရွယ်အစား ရှိသော ပစ်မှတ်များသို့ ကျည်ဆန် ရာပေါင်းများစွာ ပစ်ခတ်လေ့ကျင့်ပေးခြင်းမှသည် လှံစွပ်ထိုးသည့် လေ့ကျင့်ခန်းများ ပြုလုပ်စဉ် "မြက်ပင်တွေကို စိမ်းလန်းအောင် ဘာက လုပ်ပေးတာလဲ။ သွေး! သွေး! သွေး!" ဟု ကြွေးကြော်ခိုင်းခြင်းအထိ နည်းလမ်းပေါင်းစုံဖြင့် ထိုစိတ်ဓာတ်ကို စွဲမြဲသွားအောင် ပျိုး ထောင် ပေးထားခြင်း ဖြစ်သည်။

 

စစ်ပွဲအတွင်း အချိန်တန်လာပါက စစ်သည်တဦးသည် သေနတ် မောင်း ခလုတ်ကို တွန့်ဆုတ်မနေဘဲ ဆွဲနိုင်ရန် နှင့် လူတဦး၏ အသက်ကို နှုတ်ယူရမည်ကို ဖြစ်လာတတ်သည့်သဘာဝအတိုင်း ရွံရှာမိသည့် စိတ်ကို ပျောက်ပျက်သွားစေရန် ယင်းသို့ လေ့ကျင့် ပေးထားခြင်း ဖြစ်သည်။

 

သို့သော် ယခုအခါတွင်မူ၊ ၎င်းတို့အဖို့က စခန်း အပြင်ဘက်ရှိ "ရန်သူ များ" နှင့် ထိတွေ့ရင်ဆိုင်လိုသည့် စိတ်ထက်သန်လာ‌ အောင် လပေါင်းများစွာ စည်းရုံးလှုံ့ဆော်ပေးခဲ့ပြီးမှ စစ်တပ်သည် သူတို့ကို ထောင်ခန်းအတွင်းမှ အကျဉ်းသားတဦးကို စောင့်ကြပ်ရမည့် တာဝန်ကို ပေးအပ်လာခြင်း ဖြစ်သည်။

 

တက်စကာနှင့် တပ်ဖွဲ့ဝင်အချို့၏ စိတ်ပျက်နေပုံကို ရိပ်မိသဖြင့် တပ်ကြပ် ခရစ် ဘာတာဂလီယာ က စိတ်ဓာတ်မြှင့်တင်ပေးရန် ကြိုးစားရင်း ရှင်းပြခဲ့သည် - "သူငယ်ချင်းတို့ရေ၊ ခင်ဗျားတို့က ဆဒမ်ဟူစိန်ကို စောင့်ကြပ်ရမှာကွ၊ အဲဒါ တော်တော် ကောင်းတဲ့ အလုပ်ပဲဟာ။" 

 

"အင်း၊ ခင်ဗျားပြောတာ ဟုတ်လောက်ပါတယ်။ အဲ့လောက်လည်း မဆိုးပါဘူးလေ" ဟု တက်စ်ကာက ပြန်ပြောခဲ့သည်။ သို့သော်လည်း ဤတာဝန်မှ သူ့အတွက် အကျိုး တစုံတရာ ရှိလာလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။ ဆဒမ်အကြောင်း သူသိထားသည်မှာ အပေါ်ယံ မျှသာ ဖြစ်သည်။ ဥပမာအားဖြင့် အီရန်နှင့် ကူဝိတ်တို့အပေါ် ဆင်နွှဲခဲ့သော စစ်ပွဲများနှင့် “သူ့လူမျိုးသူသတ်ဖြတ်ခဲ့သော ရက်စက်ကြမ်းကြုတ်သူ တဦး” ဖြစ်ကြောင်း ယေဘုယျှ မျှသာ သူသိထားခဲ့သည်။

 

ဟတ်ချ် တွင်လည်း ဤတာဝန်သစ်နှင့် ပတ်သက်၍ သံသယနှင့် စိုးရိမ်မှုများ ရှိနေခဲ့သည်။ "အစတုန်းကတော့ ဒီကိစ္စကို တော်တော်လေး တွန့်ဆုတ်နှောင့်နှေးခဲ့မိတယ်" ဟု သူက နောင်တွင် ပြန်ပြောင်းပြောပြခဲ့သည်။ "အိပ်ယာ က နိုးလာတိုင်း ဆက်ဒမ် လို လူ မျိုး နဲ့ အချိန်ဖြုန်းဖို့ ဘယ်သူမှ ဆန္ဒရှိကြမှာ မဟုတ်ဘူး။" 

 

ဟတ်ချ်သည် တာဝန်ပြောင်းရွှေ့ပေးရန် တောင်းဆိုရန်ပင် စဉ်းစားခဲ့သေးသော်လည်း၊ သူသည် မည်သည့်အရာကိုမျှ နောက်ဆုတ်ဖူးသူ မဟုတ်သဖြင့် ယခုလည်း နောက်မဆုတ်ဟု ဆုံးဖြတ်ခဲ့သည်။

 

တပ်စု၏ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သော တာကာ ‌တပ်ကာ ဒေါ်ဆန် ကမူ “စစ်တပ်ထဲမှာ လူတွေအများကြီးထဲက ငါက ဘယ်လိုလုပ်ပြီး ဒီအလုပ်ကို လုပ်ဖို့ ရွေးချယ်ခံရတာပါလိမ့်” ဟု တွေးရင်း အံ့အားသင့်နေခဲ့သည်။

 

*************